Monday, July 14, 2014

ကျပ် ၁,၅၀၀ တန် CDMA ဆင်းမ်ကတ်များ မက်ဆေ့ခ်ျအင်တာနက်အတွက် ဖုန်းဘီလ်ကျပ်တစ်သောင်းခွဲအထက်ရှိရန်လို

MEC Tel အမှတ်တံဆိပ် CDMA ကျပ် ၁,၅၀၀ တန်ဆင်းမ် ကတ်များ မက်ဆေ့ခ်ျဖြင့် အင်တာနက်လျှောက်ထားပါက ဖြည့်သွင်းထားသည့် ဖုန်းဘီလ် ကျပ် ၁၅,၀၀၀ နှင့်အထက် ရှိပါမှ လျှောက်ထားမှုပိုမိုလွယ်ကူနိုင်ကြောင်း သတင်းရရှိသည်။


CDMA ကျပ် ၁,၅၀၀ တန် ဆင်းမ်ကတ်များ အင်တာနက် လျှောက်ထားခြင်းကို ယခင်က ရန်ကုန်မြို့ရှိ Mobile Care Center နှင့် အခြားသော တိုင်းဒေသကြီးများရှိ တိုင်းမန်နေဂျာ ဆက်သွယ်ရေးရုံးများတွင်သာ သွားရောက်လျှောက်ထားရသော် လည်း ဇူလိုင်ပထမပတ်မှစ၍ မက်ဆေ့ခ်ျပို့လျှောက်ထားနိုင်ခြင်းဖြစ်သည်။

‘‘မက်ဆေ့ခ်ျပို့ပြီးလျှောက်လို့ရတာက အဆင်ပြေပေမယ့် စစချင်းလျှောက်တော့ Sorry ဆိုပြီးမရသေးပါဘူးပဲ မက်ဆေ့ခ်ျ ပြန်ပြန်ပို့နေတာ။ တခြားအသိဖုန်းတွေကျတော့လည်း မေးကြည့်တော့ရတဲ့ဖုန်းကရတယ်၊ Sorry ဆိုပြီးလည်း ပြန်ပို့တာတွေရှိ တယ်’’ဟု MEC Tel CDMA ဆင်းမ်ကတ်သုံးစွဲသူ ကိုအောင်အောင် က ပြောသည်။

ထိုသို့ မက်ဆေ့ခ်ျပို့လျှောက်ထားရာတွင် ကျပ် ၁၀,၅၀၀ရှိရုံဖြင့် လျှောက်ထားနိုင်သော်လည်း မရရှိပါက ငွေထပ်မံဖြည့်သွင်းပြီး ပြန်လည်လျှောက်ထားမှရမည်ဖြစ်ကြောင်း MEC Tel CDMA 800MHz မိုဘိုင်းဖုန်းများဝန်ဆောင်မှုအတွက် အဓိကဖြေကြားပေးနေသည့် 1212 Call Center မှ တာဝန်ရှိသူတစ်ဦးက ဖြေကြားသည်။

‘‘ဖုန်းထဲမှာ ၁၅,၀၀၀ အထက်ရှိမှရမယ်၊ အင်တာနက် လျှောက်တာက ၁၀,၀၀၀ ဆိုပေမယ့်လည်း ၁၅,၀၀၀ အထက်ရှိမှ တစ်ခါတည်းအင်တာနက်ရမယ်၊ အဲဒီလောက်မရှိရင် Sorry ဆိုပြီးပဲ ပြန်ပို့ တတ် တယ်။ သေချာတာကတော့ ၁၅,၀၀၀ အထက်ဖြည့်ထားရင် ရပါတယ်’’ဟု 1876 Call Center မှ တာဝန်ရှိသူတစ် ဦးကပြောသည်။

မက်ဆေ့ခ်ျပို့၍ အင်တာနက် လျှောက်ထားလိုသူများအနေဖြင့် နံပါတ် "233"သို့ "Open EVDO" ဟု စာသားရိုက်နှိပ်ပေးပို့ပြီး လျှောက်ထားနိုင်ရာ အချိန်အနည်းငယ်သာ စောင့်ဆိုင်းရပြီး မိုဘိုင်းဖုန်း Setting ပြောင်းလဲပြီး အင်တာနက်အသုံးပြုနိုင်မည်ဖြစ် ကြောင်း သတင်းရရှိသည်။

7Day Daily

No comments:

Post a Comment