Thursday, July 3, 2014

DKBA နောက် လိုက်ပါခဲ့သော သမီးကလေး ဒေသခံများ နေရပ်ပြန်မည်

တပ်ပိုင်မြေအတွင်း ကျူးကျော်နေထိုင်သည်ဟု ဆိုကာ အင်အားသုံး ဖယ်ရှားခံရမှုကြောင့် ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA) က ခေါ်ယူ နေရာပေးရာသို့ လိုက်ပါ ပြောင်းရွှေ့ခဲ့သော သမီးကလေးကျေးရွာ မိသားစုများက ကျန်းမာရေးနှင့် စီးပွားရေး အခက်အခဲများ ကြုံတွေ့ နေရသောကြောင့် နေရပ်ဟောင်းသို့ ပြန်လာမည်ဖြစ်ကြောင်း DKBA မှ ဗျူဟာမှူး ဗိုလ်မှူးကြီး စောဆန်းအောင်က ပြောကြားသည်။

DKBA ၏ အကူအညီပေး ခေါ်ဆောင်မှုကြောင့် လွန်ခဲ့သော သုံးလခန့်က ကရင်ပြည်နယ် မြဝတီခရိုင် ကျောက်ခတ်ကျေးရွာသို့ လိုက်ပါပြောင်းရွှေ့ခဲ့သော သမီးကလေးကျေးရွာ အပါအဝင် ရွာသုံးရွာမှ မိသားစု ၁၅၀ ကျော်မှာ ရာသီဥတုဒဏ်ကြောင့် ငှက်ဖျားရောဂါများ ဖြစ်ပွားလျက် ရှိကြောင်း၊ အလုပ်အကိုင်များ အဆင်မပြေသဖြင့် ယခင်နေရပ်ဟောင်း လှည်းကူးမြို့နယ်ရှိ ရော်ဘာခြံများတွင် အလုပ်လုပ်ကိုင်ရန် ပြန်လာမည် ဖြစ်ကြောင်း အဆိုပါ ကျေးရွာသူ ရွာသားများထံမှ သိရှိရသည်။

“ရောက်စက အလုပ်အဆင်ပြေတယ်။ တစ်နေ့ကို ဘတ် ၃၀၀ လောက် လုပ်အားခရတော့ အဆင်ပြေတယ်။ ဒါပေမဲ့ ဒေသချင်း မတူတော့ ရာသီဥတုဒဏ် မခံနိုင်ဘဲ ဖျားကြတာ၊ ထိုင်းဘက်က နိုင်ငံရေး ပြဿနာတွေကြောင့် သူတို့တွေပါ အလုပ်အကိုင် ရှားပါးလာတယ်လို့ ကြားတယ်။ ဒါကြောင့် ပြန်ပြောင်းလာမယ်လို့ ဦးပဉ္စင်းဆီ အကြောင်းကြားထားတယ်” ဟု DKBA လာရောက် ခေါ်ဆောင်ခဲ့စဉ်က လိုက်ပါ ပို့ဆောင်ပေးခဲ့သော ပဲခူးတိုင်းဒေသကြီး အလိုင်နီကျေးရွာမှ အောင်သိဒ္ဓိ ကျောင်းထိုင်ဆရာတော် အရှင်အဂ္ဂဓမ္မက မိန့်ကြားသည်။

အဆိုပါနေရပ်သို့ ပြန်လာရန် စီစဉ်နေသော သမီးကလေး မိသားစုမှာ လှည်းကူးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ မင်းကုန်းကျေးရွာ အုပ်စု ဝါးယားကုန်း ကျေးရွာတွင် မြေနေရာ အစားထိုး ပြန်ပေးခဲ့သော်လည်း စိုက်ပျိုးလုပ်ကိုင်ရန် အဆင်မပြေသဖြင့် ကရင်ပြည်နယ်သို့ လိုက်ပါ ပြောင်းရွှေ့ခဲ့ခြင်း ဖြစ်ကြောင်း ယင်းကျေးရွာသူ ရွာသားများက ပြောကြားသည်။

“ခုရက်ပိုင်း မိသားစု ၁၁ စု ကရင်ပြည်နယ်ကနေ လှည်းကူးက ရော်ဘာခြံတွေကို ပြောင်းလာတယ်။ ဟိုမှာ ကျန်တဲ့သူတွေက ဒီပြောင်းလာဖို့ အရင် ရော်ဘာခြံတွေကို ဆက်သွယ်ရဦးမယ်။ ခြံပိုင်ရှင်က အလုပ်သမားလိုမှ ပြောင်းလို့ရမှာ။ ဒီမှာက သူတို့တွေအတွက် ခေတ္တခိုလှုံဖို့ နေရာမရှိတော့ ဒီလူအုပ်စုနဲ့ ပြောင်းရွှေ့ဖို့ အခက်အခဲတော့ ရှိမှာ သေချာတယ်။” ဟု ဆရာတော် အရှင်အဂ္ဂဓမ္မက မိန့်ကြားသည်။

တပ်ပိုင်မြေအတွင်း ကျူးကျော် နေထိုင်သောကြောင့် အင်အားသုံး ဖယ်ရှားခံရသော သမီးကလေးကျေးရွာမှာ ပဲခူးတိုင်းဒေသကြီး အလိုင်နီဆည်အနီးရှိ အောင်သိဒ္ဓိဘုန်းတော်ကြီး ပညာသင်ကျောင်းတွင် ခေတ္တခိုလှုံနေထိုင်စဉ် ရန်ကုန်တိုင်းနှင့် ပဲခူးတိုင်းဒေသကြီး အစိုးရက ဖယ်ရှားပေးရန် အကြိမ်ကြိမ် အကြောင်းကြားစားများ ပေးပို့ခံရမှုကြောင့် DKBA အဖွဲ့နောက်သို့ ဧပြီလ ၅ ရက်နေ့က လိုက်ပါ ပြောင်းရွှေ့ခဲ့ရာတွင် သက်ဆိုင်ရာ အဖွဲ့အစည်းများ၏ ဟန့်တားမှုများ ရင်ဆိုင် ကြုံတွေ့ခဲ့ရကြောင်း ပြောင်းရွှေ့ခံရသူ မိသားစုဝင်များထံမှ သိရှိရသည်။

“သူတို့တွေကို ကျောက်ခတ်ရွာမှာ ပေ ၄၀၊ ၆၀ ကျယ် အိမ်တွေ ဆောက်ပေးခဲ့တယ်။ ရောက်စက ရော်ဘာခြံနဲ့ လမ်းဖောက်နေတဲ့ နေရာတွေမှာ နေ့စားအဖြစ် လုပ်နေတာ အဆင်ပြေကြတယ်။ ဒါပေမဲ့ မွေးရပ်မြေကို လွမ်းတာရယ်၊ ဒေသနဲ့ မကိုက်ညီတွေကြောင့် ပြန်ချင်တယ်လို့ ပြောတယ်။ သုံးလလောက် သူတို့ကို စောင့်ရှောက်ပေးခဲ့တယ်။ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည် ရှာစားနေရသူတွေမို့ သူတို့ ပြန်မယ်ဆိုလည်း ကျွန်တော်တို့က ပြန်ပို့ပေးမှာပါ” ဟု DKBA မှ ဗျူဟာမှူး ဗိုလ်မှူးကြီး စောဆန်းအောင်က ပြောကြားသည်။

(မေဇော်)

The Voice Weekly

No comments:

Post a Comment