Monday, July 28, 2014

KIA ဖမ်းဆီးခံ လယ်သမားတစ်ဦး ငွေ(၉)သိန်းပေးမှ ပြန်လွတ်

ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်၊ တာဟိုနားကျေးရွာနေ လယ်သမားတစ်ဦးအား ဇူလိုင် ၁၅ ရက်နေ့တွင် ကချင်လွတ်မြောက်ရေး တပ်မတော် (KIA)အဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ရာ ဇူလိုင် ၂၄ ရက်နေ့တွင် ငွေပေး ကာ ပြန်လည်လွတ်မြောက်လာခဲ့ကြောင်း ယင်းဒေသခံများထံမှ သိရသည်။
အဆိုပါ ကျေးရွာနေ ဦးမောင်ညွန့်သည် လယ်ထဲ၌ အလုပ်လုပ်နေစဉ် KIA အဖွဲ့မှ လာရောက် ဖမ်းဆီးသွားခြင်း ဖြစ်ကြောင်း၊ ဆွေမျိုးများ ထံ ငွေဖြင့် လာရွေးရန် စာရေးအကြောင်းကြား၍ သွားရောက်ခေါ်ဆောင်ခဲ့ရခြင်း ဖြစ်ကြောင်း ဆွေမျိုးတော်စပ်သူတစ်ဦးမှ ပြောသည်။ “ တောင်း တာက ၁၅ သိန်းပါ၊ ၉ သိန်းနဲ့ ညှိပြီး ပြန်ခေါ်လာရတာပါ၊ ငွေမပေးရင် ဘာလုပ်ဦးမယ် မသိဘူး၊ ရှိတဲ့ လယ်ပေါင်ပြီး သွားရွေးခဲ့ရတာပါ ” ဟု ဇနီးဖြစ်သူက ဆိုသည်။

KIA အဖွဲ့မှ ဦးမောင်ညွန့်အား ဖမ်းဆီးခြင်းမှာ မေလအတွင်းက ၎င်း၏ သားဖြစ်သူသည် KIA အဖွဲ့ပိုင် သစ်စက် အား မီးရှို့ခဲ့သည်ဟူသော စွပ်စွဲချက်ဖြင့် လျော်ကြေးငွေတောင်းခြင်းဖြစ်ကြောင်း သိရသည်။ လွန်ခဲ့သော မေလအတွင်းက ဦးမောင်ညွန့်၏ သားဖြစ်သူသည် မိုးကောင်းချောင်း အတွင်း လိပ်ရှာသွားစဉ် ချောင်းနံဘေး လိပ်ရှိသောနေရာအား မီးဖြင့် ရှို့ခဲ့ရာ KIA အဖွဲ့ပိုင် သစ်စက်မီးလောင် သွားခြင်းဖြစ်ကြောင်း ၎င်းတို့က ပြောဆိုနေသော်လည်း ကာယကံရှင်ကမူ သူမဟုတ်ကြောင်း ငြင်းဆိုသည်။ 

“ ကျွန်တော်တို့လည်း အဲဒီချောင်းမှာ ငါးရှာဖားရှာ လုပ်နေတာပါ၊ ချောင်းဘေးမှာ သစ်စက်တွေက အများကြီးပဲ၊ ဒါပေမယ့် ဘာသစ်မှ မဆွဲတော့ဘဲ နားထားတာကြာပြီ၊ မီးထဲပါသွားတာ KIA အဖွဲ့ပိုင်တဲ့ သစ်စက်လို့ ပြော ပေမယ့် သစ်သက်က ဘာမှသုံးလို့ မရတော့ဘူး၊ ငွေ ၉ သိန်း ပေးရတာ KIA က သက်သက်မဲ့ အနိုင်ကျင့်တာ၊ ဒီနယ်မြေမှာ အဲဒီကောင်တွေက မရှိဆင်းရဲသား တောင်သူတွေဆီ ကလည်း တောင်းစားနေတာပဲ၊ ဘာမှ အထင်ကြီးစရာမရှိဘူး ” ဟု တာဟိုးနား ရွာသားတစ်ဦးက ပြောကြားသွားသည်။

ဇော်မိုင်
Kachin Daily News

No comments:

Post a Comment