Thursday, July 3, 2014

လွယ်လင်မြို့ ကညနရုံးဝန်း ဗုံးပေါက်ကွဲမှု RCSS/SSA အဖွဲ့ လက်ချက်သာဖြစ်


ရှမ်းပြည်နယ်တောင်ပိုင်း၊ လွယ်လင်မြို့ ကညနရုံးဝန်းအတွင်းနှင့် နယ်မြေခံတပ်ရင်း ခြံစည်းရိုးအနီးတွင် ဇူ ၁ ရက် နံနက် ၃ နာရီ မိနစ် ၅၀ ချိန်ခန့်က လက်နက်ကြီးဗုံးသီးဖြင့် လာရောက်ပစ်ခတ်ခဲ့ရာ RCSS/SSA အဖွဲ့၏ လက်ချက်သာဖြစ်ကြောင်း ယင်းဒေသခံများဆီမှ သတင်းရရှိသည်။


အဆိုပါ ဖြစ်စဉ်မှာ ဇူ ၁ ရက် နံနက် ၃ နာရီ မိနစ် ၅၀ ခန့်တွင် လွယ်လင်အခြေစိုက် နယ်မြေခံတပ်ရင်း၏ အရှေ့ဘက်ခြံစည်းရိုးအနီး မီတာ(၃၀)ခန့် အကွာသို့ ဗုံးသီတစ်လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး နံနက် ၄ နာရီခန့် တွင် ကညနရုံးဝန်းအတွင်းရှိ ကားဂိုဒေါင်အနီးသို့ ဗုံးသီးတစ်လုံး ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

နယ်မြေခံအစိုးရတပ်မှ အရာရှိတစ်ဦးက “ တပ်ခြံစည်းရိုးနားမှာ ပေါက်ကွဲတာဆိုပေမယ့် ထိခိုက်ပျက်စီးမှု မရှိပါဘူး၊ ဒါဟာ အဝေးကနေ လက်နက်ကြီးနဲ့ လှမ်းပစ်တာပါ၊ အခု ကျရောက်ပေါက်ကွဲတာဟာ လက်နက်ကြီး ဗုံးသီးပါ၊ ဒီနယ်မြေမှာရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေထဲက တစ်ဖွဲ့ဖြစ်မှာပါ။ အစိုးရ ဌာန ဆိုင်ရာရုံးကို ပစ်မှတ်ထားတိုက်ခိုက်တတ်တာ သူတို့တွေပဲ ရှိပါတယ်၊ အဲဒီအဖွဲ့တွေက တရားဥပဒေကို အမြဲတမ်း ချိုးဖောက်နေတာပဲလေ ” ဟု ပြောကြားသွားသည်။

ကညနရုံးဝန်းအတွင်း ဗုံးသီးကျရောက်ပေါက်ကွဲမှုကြောင့် အလျား ၂၀ ပေ၊ အနံ ၁၀ ပေခန့်ရှိသော ကားဂိုဒေါင် မှာ ၁၀ ပေခန့်ပျက်စီးခဲ့ပြီး ဂိုဒေါင်အတွင်း ထားရှိသောဗင်ကားနောက်ဘက် ဗုံးစ ၃ ချက်ထိမှန်ခဲ့ကာ Sky Net စလောင်း တစ်ခုလည်း ပျက်စီးခဲ့ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ ကညနရုံးမှ ၀န်ထမ်းတစ်ဦးက “ လွန်ခဲ့တဲ့ ၂ ရက်လောက်တုန်းက ရုံးမှာ ဆိုင်ကယ်လိုင်စင် ပြုလုပ်ပေးတဲ့အချိန် နမ့်စန်မှာနေတဲ့ လူသုံးယောက်နဲ့ စကားအချေအတင် ဖြစ်တာ ရှိပါတယ်၊ သူတို့က သူတို့ဆိုင်ကယ်တွေကို အရင်ဆုံး လုပ်ပေးဖို့ ပြောပါတယ်၊ ဒါပေမယ့် ရုံးက အစဉ်လိုက်သာ လုပ်ပေး မယ်လို့ ပြန်ပြောလိုက်တယ်၊ သူတို့က မကျေနပ်ဘဲ ဟိုအဖွဲ့အစည်း ဒီအဖွဲ့အစည်းကဆိုပြီး ခြိမ်းခြောက်လာလို့ စကားများကြသေးတယ်၊ ရဲစခန်းက လာထိန်းပေးရတဲ့အထိ ဖြစ်ပွားခဲ့တာပါ၊ အခုပေါက်ကွဲမှု ဖြစ်စဉ်ဟာ အဲ့ဒီ ကိစ္စနဲ့ ဆက်စပ်မယ်လို့ ထင်ပါတယ်”ဟု ဆိုသည်။

ယင်းကဲ့သို့ စကားအချေအတင် ဖြစ်ပွားပြီးနောက် လွယ်လင်မြို့ထဲ၌ မသင်္ကာသူ ၃ ဦးအား တွေ့ရှိသဖြင့် ရဲတပ်ဖွဲ့ဝင်များမှ သာမန်မေးမြန်းမှုသာ ပြုလုပ်ခဲ့ကြောင်း၊ ၎င်းတို့သည် ပင်လုံမြို့တွင် နေထိုင်သူများဖြစ်ပြီး နမ့်စန်မြို့သို့ သွားမည်ဟု ပြောဆိုသွားခဲ့ကြောင်း၊ မြို့ခံအချို့၏ ပြောပြချက်အရ အဆိုပါ မျက်နှာစိမ်း(၃)ဦးသည် ဆနင်း-ဖောင်းဆိုင်ခွင်အတွင်း လှုပ်ရှားနေသော RCSS/SSA အဖွဲ့မှ တပ်ဖွဲ့ဝင်များဖြစ်နိုင်ကြောင်းနှင့် ကညနရုံး အား ကြိုတင်လာရောက်ကြည့်ရှုသွားခဲ့ကြောင်း သိရှိရပါသည်။

Credit To:စိုင်းအောင်ခမ်း

No comments:

Post a Comment