Monday, July 28, 2014

UNFC ၏ မူဝါဒသာ တိုင်းရင်းသား ညီညွတ်ရေးအတွက် တစ်ခုတည်းသော နည်းလမ်းဟု KIO ဥက္ကဋ္ဌပြော

Photo: UNFC ၏ မူဝါဒသာ တိုင်းရင်းသား ညီညွတ်ရေးအတွက် တစ်ခုတည်းသော နည်းလမ်းဟု KIO ဥက္ကဋ္ဌပြော

လိုင်ဇာ၊ ဇူလိုင် ၂၆

ပြည်တွင်းငြိမ်းချမ်းရေးနှင့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးကို ဖော်ဆောင်ကြရာတွင် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ၏ မူဝါဒသာလျှင် တိုင်းရင်းသား ညီညွတ်ရေးကို ဖော်ဆောင်နိုင်မည့် တစ်ခုတည်းသော နည်းလမ်းဖြစ်ကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ဥက္ကဋ္ဌ ဦးဇောင်းဟရားက ပြောဆိုလိုက်သည်။

ကချင်ပြည်နယ်ရှိ KIO ဌာနချုပ် တည်ရှိရာ လိုင်ဇာတွင် ဇူလိုင်လ ၂၅ ရက်နေ့၌ စတင်ကျင်းပသော တတိယအကြိမ် တိုင်းရင်းသား လက်နက်ကိုင် ထိပ်သီးညီလာခံ အဖွင့်မိန့်ခွန်းတွင် ၎င်းက အထက်ပါအတိုင်း ပြောဆိုခြင်း ဖြစ်သည်။

တိုင်းရင်းသားတန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု တည်ထောင်ရေးတို့မှာ UNFC ၏ မူဝါဒများဖြစ်ပြီး ယင်းကို အကောင်အထည်ဖော်နိုင်မှသာ တိုင်းပြည်တိုးတက်၍ တည်ငြိမ်လာမည် ဖြစ်ကြောင်း ဦးဇောင်းဟရားက ထပ်လောင်း ပြောဆိုသည်။
“UNFC Policy (မူဝါဒ) မှတစ်ပါး တခြားနည်းလမ်းနဲ့ တိုင်းရင်းသား ညီညွတ်မှု မရနိုင်ပါဘူး” ဟု KIO ဥက္ကဋ္ဌက အခိုင်အမာ ဆိုသည်။

အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်များ ကိုယ်စားပြု NCCT အဖွဲ့တို့ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးရာတွင် တိုင်းရင်းသားအဖွဲ့များ အနေနှင့် အောင်မြင်မှုများ ရရှိနေပြီး အဆိုပါ အောင်မြင်မှုကို အစိုးရက နည်းအမျိုးမျိုးဖြင့် တုံ့ပြန်လျက်ရှိကြောင်း၊ အစိုးရ၏ စကားကို နားမထောင်မိစေရန် သတိထားရမည် ဖြစ်ကြောင်း ၎င်းက ထပ်မံသတိပေးသည်။

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) အနေနှင့်လည်း UNFC နှင့် တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်များ ချမှတ်ပေးသော မူအတိုင်းသာ အစိုးရနှင့် ဆွေးနွေးရမည် ဖြစ်ကြောင်း၊ UNFC ကို ပြည်သူများ ပိုမိုသိရှိလာစေရန် ဆောင်ရွက်ရမည် ဖြစ်ကြောင်း ဦးဇောင်းဟရားက တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်များကို တိုက်တွန်းသည်။

ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ကို ၂၀၁၁ ခုနှစ်အတွင်း ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ ဖွဲ့စည်းခဲ့ခြင်း ဖြစ်ပြီး တိုင်းရင်းသား လက်နက်ကိုင် ၁၂ ဖွဲ့ဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။ 

KIO ဒုတိယဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လက UNFC ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသည်။

အစိုးရငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့ကမူ UNFC နှင့် တရားဝင် တွေ့ဆုံ ဆွေးနွေးထားခြင်း မရှိပေ။

သို့သော် တိုင်းရင်းသားလက်နက်ကိုင် ၁၆ ဖွဲ့ ပါဝင် ဖွဲ့စည်းထားသော NCCT အဖွဲ့နှင့်မူ အစိုးရက အကြိမ်ကြိမ် တွေ့ဆုံ၍ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ပြုလုပ်ရန် ဆွေးနွေးလျက်ရှိပြီး အပစ်ရပ်စာချုပ် ပူးတွဲ ရေးဆွဲနေမှုမှာလည်း နောက်ဆုံးအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

ဇူလိုင်လ ၂၅ ရက်မှ ၂၉ ရက်နေ့အထိ ပြုလုပ်ရန် လျာထားသော တတိယအကြိမ် တိုင်းရင်းသား လက်နက်ကိုင် ထိပ်သီးအစည်းအဝေး လိုင်ဇာသို့ KNU/KNLA ငြိမ်းချမ်းရေးကောင်စီနှင့် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းတို့က သဝဏ်လွှာများ ပေးပို့ခဲ့သည်။

လိုင်ဇာတွင် အောက်တိုဘာလကုန်ပိုင်းတွင် ပထမအကြိမ် ကျင်းပသော လက်နက်ကိုင် ထိပ်သီးညီလာခံသို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် သဝဏ်လွှာ ပေးပို့ခဲ့သော်လည်း တတိယအကြိမ် ညီလာခံတွင်မူ သဝဏ်လွှာ ပေးပို့ခဲ့ခြင်း မရှိပေ။

The Voice Weekly

No comments:

Post a Comment