Friday, August 1, 2014

ကာတာလူညာပြည်နယ် ခွဲထွက်သွားပါက လာလီဂါတွင် ဘာစီလိုနာ ကစားခွင့် မရနိုင်တော့



ကာတာလူညာ ပြည်နယ်ကို စပိန်မှ ခွဲထုတ်ပြီး လွတ်လပ်ရေး ပေးလိုက်မည် ဆိုပါက ဘာစီလိုနာ အသင်းသည် စပိန်လာလီဂါတွင် ဆက်လက်ယှဉ်ပြိုင်ခွင့် ရတော့မည် မဟုတ်ဟု စပိန်ဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌက သတိပေး ပြောကြားလိုက်သည်။
ဘာစီလိုနာအသင်း အခြေစိုက်သည့် ကာတာလူညာ ဒေသသည် စပိန်နိုင်ငံ၏ အခြားသော ဒေသများနှင့် ယဉ်ကျေးမှုအရရော၊ ဘာသာစကား အရပါ ကွဲပြားစွာ တည်ရှိနေသည်။ ကာတာလူညာသည် လက်ရှိအချိန်ထိ စပိန်အစိုးရ၏ လက်အောက်ခံ ပြည်နယ်အဖြစ် ရှိနေသော်လည်း စပိန်၏ ဩဇာမှ ခွဲထွက်ကာ သီးခြားနိုင်ငံ ထူထောင်ရန် အစဉ်တစိုက် လှုပ်ရှား ကြိုးစားလျက် ရှိသည်။
ဘာစီလိုနာသည် ကာတာလူညာ ပြည်နယ်နှင့် ကာတာလန်သားတို့၏ သင်္ကေတ တစ်ရပ်သဖွယ် တည်ရှိနေပြီး အကယ်၍ စပိန်၏ အချုပ်အခြာအောက်မှ ကာတာလူညာ ခွဲထွက်သွားမည်ဆိုလျှင် ဘာစီလိုနာကို လာလီဂါတွင် ကစားခွင့် ပြုနိုင်တော့မည် မဟုတ်ဟု စပိန်ဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌ ဟာဗီးယား တီဘက်စ်က သတိပေးခဲ့သည်။“မဖြစ်နိုင်တဲ့ အရာတွေကို ထင်ကြေးလျှောက်ပေးနေတာမျိုး ကျွန်တော် မလုပ်ချင်ဘူး။ ကာတာလူညာဟာ စပိန်ရဲ့ အစိတ်အပိုင်း တစ်ခုအနေနဲ့သာ အမြဲတမ်း ရှိနေမယ်လို့ ယုံကြည်ပါတယ်”ဟု ၎င်းက ပြောကြားခဲ့သည်။ “တစ်ခုခု အပြောင်းအလဲ ဖြစ်လာရင် စိုးရိမ်သင့်တာ ဘာစီလိုနာ တစ်သင်းတည်း မဟုတ်ပါဘူး။ ကာတာလူညာမှာ အခြေစိုက်တဲ့ နက်စ်တစ်၊ ဂီရိုနာ၊ အက်စ်ပန်ညို၊ လာဂိုစတာရာနဲ့ ဆာဘာဒဲလ် အသင်းတွေလည်း ဒီအခြေအနေမှာ အကျုံးဝင်သွားလိမ့်မယ်။ စပိန်ရဲ့ အားကစား အက်ဥပဒေအရ စပိန်ရဲ့ အစိတ်အပိုင်း မဟုတ်တဲ့ တခြားဒေသက အသင်းတွေကို ကျွန်တော်တို့ရဲ့ လိဂ်ပြိုင်ပွဲတွေမှာ ယှဉ်ပြိုင်ခွင့် မပေးပါဘူး”ဟု တီဘက်စ်က ဆိုသည်။တီဘက်စ်က “တကယ်လို့ အဲဒီအခြေအနေ ဖြစ်လာရင် အားကစား အက်ဥပဒေကို ပြောင်းလဲမှုတွေ လုပ်ဖို့ လိုလာလိမ့်မယ်။ ဥပမာ အန်ဒိုရာအသင်းပေါ့။ ဥပဒေက သီးခြားခွင့်ပြုချက် ပေးထားတဲ့အတွက် စပိန်လိဂ်တွေမှာ ဝင်ကစားခွင့် ရှိတယ်။ ဒါပေမဲ့ အဲဒီလို ခွင့်ပြုချက်ရဖို့ ဥပဒေကို ပြောင်းလဲ ပြင်ဆင်ရပါတယ်။ ဒါကြောင့် ကာတာလူညာသာ သီးခြားရပ်တည်မယ်ဆိုရင် ဥပဒေ မပြင်ဆင်နိုင်မီ အတောအတွင်းမှာ ဘာစီလိုနာ အနေနဲ့ စပိန်လိဂ်ပြိုင်ပွဲတွေမှာ ကစားခွင့် မရနိုင်ပါဘူး”ဟုလည်း ပြောကြားသွားသည်။
_Ref: Goal

No comments:

Post a Comment