Friday, August 29, 2014

မြန်မာအလှမယ်မေမြတ်နိုး သရဖူရုပ်သိမ်းခံရခြင်းနှင့်ပတ်သက်၍ မီဒီယာများနှင့် တွေ့ဆုံရှင်းလင်းမည်


မြန်မာအလှမယ် မေမြတ်နိုးသည် သရဖူရုပ်သိမ်းခံရခြင်းနှင့်ပတ်သက်၍ မီဒီယာများ နှင့် တွေ့ဆုံရှင်းလင်းသွားရန် စီစဉ်ထားသည်ဟု သတင်းရရှိသည်။ ကိုရီးယားနိုင်ငံသို့ လေ့ကျင့်မှုများသွားရောက်ပြုလုပ်လျက်ရှိသည့် မြန်မာအလှမယ် မေမြတ်နိုးအား ဩဂုတ် ၂၇ ရက်တွင် Miss Asia Pacific World Organization မှ သရဖူရုပ်သိမ်းကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့ပြီးနောက် မေမြတ်နိုးနှင့် မိခင်ဖြစ်သူတို့သည် မြန်မာနိုင်ငံသို့ ဩဂုတ် ၂၈ ရက်တွင် ပြန်လည်ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။ မြန်မာအလှမယ် မေမြတ်နိုးသည် ကိုရီးယားနိုင်ငံ၌ ဖြစ်ပွားခဲ့သည့်ကိစ္စရပ်များကို မီဒီယာများရှေ့တွင်ရှင်းလင်းသွားမည်ဖြစ်ကာ မေးမြန်းလိုသည်များကိုလည်း ယင်းနေ့တွင်သာ မေးမြန်းရန်ပြောကြားခဲ့ခြင်း ဖြစ်သည်။
“ကိုရီးယားနိုင်ငံမှာဖြစ်ပျက်ခဲ့တာတွေ ပတ်သက်လို့ မီဒီယာတွေနဲ့တွေ့ဆုံပြီး ရှင်းလင်းသွားပါမယ်။ အခုရက်ပိုင်းအတွင်းမှာပဲ ပြုလုပ်သွားမှာပါ။ မေးချင်တာတွေကိုလည်း အဲဒီနေ့ကျမှပဲ မေးမြန်းစေချင်ပါတယ်။လောလောဆယ်တော့ ဘာမှဖြေကြားလို့ မရသေးပါဘူး”ဟု မြန်မာအလှမယ် မေမြတ်နိုးထံ ဆက်သွယ်မေးမြန်းရာဖြေကြားခဲ့သည်။

အလှမယ်မေမြတ်နိုးနှင့် ပတ်သက်၍ Miss Asia Pacific World Organization ၏ National Director မှ မလှနုထွန်းက“လှနုကို Organization ဘက်က အကြောင်းကြားထားပါတယ်။ မီဒီယာတွေရှေ့မှာ Crown ကို ပြန်လည်လက်ခံဖို့ပါ။ ကိုရီးယားမှာ သူတို့ဖြစ်ခဲ့တာတွေကို လှနု အားလုံးသိပြီးပေမယ့် ဘာမှမပြောချင်တော့ပါဘူး။ အဓိက ကတော့ လှနုကို အမြန်ဆုံး Crown ပြန်အပ်စေချင်ပါတယ်။ Organization  ကလည်း အဲဒီလိုပဲပြောထားတယ်။ အဲဒီလိုမှ မဟုတ်ရင် အခုထက်ပိုပြီး ပြဿနာတွေရှုပ်ထွေးလာမှာစိုးလို့ပါ။ လှနု အခုချိန်မှာပြောချင်တာကတော့ မြန်မာကိုယ်စားပြု Miss တစ်ယောက်အနေနဲ့ပြုမူခဲ့တာတွေအတွက် သူနဲ့ သူ့အမေတို့ကိုယ်စား တောင်းပန်ပါတယ်။ လှနုတို့ ဒီပြိုင်ပွဲအတွက် ပြင်ဆင်ခဲ့ကြတုန်းက Teamwork ရှိရှိနဲ့ကြိုးစားခဲ့ကြတာပါ။ သရဖူရဖို့ကိုလည်း အရမ်းကိုကြိုးစား အားထုတ်ခဲ့ကြတယ်။ သရဖူရပြီးမှ ပြောင်းလဲသွားတဲ့စိတ်အတွက်ကိုတော့ ဘာမှမတတ်နိုင်ပါဘူး။ အဲဒီလိုပဲပြောချင်ပါတယ်” ဟု ဆိုပါသည်။

Miss Asia Pacific World Organi-zation အနေဖြင့် National Director မလှနုထွန်းထံ ဆက်သွယ်ကာ သရဖူကိုပြန်လည်သိမ်းယူရန် အကြောင်းကြားထားခြင်းဖြစ်ပြီး မေမြတ်နိုးအား သရဖူရုပ်သိမ်းကြောင်းကြေညာချက်တွင် Winner ဆုနှင့် အရည်အချင်း ထိုက်တန်သူတစ်ဦးကို ရွေးချယ်သွားရန် စီစဉ်ထားကြောင်း ရေးသားထားသည်။
eleven

No comments:

Post a Comment