Friday, August 15, 2014

ရေအောက်ကေဘယ်ကြိုး ပြတ်တောက်ခဲ့ခြင်းကြောင့် အင်တာနက်လိုင်းများ နှေးကွေးနေပြီး ပြင်ဆင်ချိန် တစ်လခန့်ကြာမည်

စင်ကာပူနှင့် မြန်မာနိုင်ငံသို့ တိုက်ရိုက်ချိတ်ဆက်ထားသည့် ရေအောက်ကေဘယ်ဆက်ကြောင်းမှ ဩဂုတ် ၁၂ ရက် ည ၁၂  နာရီ ၈ မိနစ်ခန့် တွင် ကေဘယ်ကြိုး ပြတ်တောက်မှုဖြစ်ပွားခဲ့ပြီး အင်တာနက်လိုင်းများ နှေးကွေးကာ ပြင်ဆင်ချိန် တစ်လခန့် ကြာမြင့် မည်ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း Oversea Department ဌာနမှ ဦးဝင်းအောင်က ပြောကြားသည်။

အဆိုပါရေအောက်ဘယ်ကြိုးများ မကြာခဏပြတ်တောက်မှုဖြစ်ပွားရခြင်းအကြောင်းအရင်းမှာ ပင်လယ်သို့ ဖြတ်သန်းသွားလာသည့် သင်္ဘော များ၏ ကျောက်ဆူးကြိုးများကြောင့်သော်လည်းကောင်း၊ ပင်လယ်ရေကြမ်းပြင်ရှိ ကျောက်စိုင်များ ရွေ့လျားမှုဖြစ်ပွားမှုကြောင့်လည်းကောင်း ချိတ်ဆက်ထားသည့် ရေအောက်ကေဘယ်ကြိုးများကို ပွတ်တိုက်ကာ ချိတ်ဆက်ထားသည့် ကြိုးများ ပြတ်တောက်ရခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

“ပြတ်တောက်သွားတာက ၁၂ ရက်လောက်ကပါ။ အခုတော့ ပြင်ဆင်မှုတွေ လုပ်နေပါတယ်။ စင်ကာပူနိုင်ငံနဲ့ မြန်မာနိုင်ငံကို တိုက်ရိုက် ချိတ် ဆက် ထားတဲ့ ရေအောက်ကေဘယ်ကြိုးက ပြတ်သွားဆိုတော့ အင်တာနက်လိုင်းတွေကလည်း လေးပုံ တစ်ပုံလောက် နှေးကွေး သွားတာ ပါ။ ဒါပေမဲ့ နေရာတိုင်းတော့ မဟုတ်ပါဘူး။ မြန်မာနိုင်ငံနဲ့ ၇ဝ ကီလိုမီတာလောက်မှာ ပြတ်တဲ့အတွက် အဲဒီအနီးနားပတ်ဝန်းကျင်တွေ မှာတော့ အင်တာနက်လိုင်းတွေ ကျနိုင်ပါတယ်။ ပြင်ဆင်တာက အနည်းဆုံးခန့်မှန်းခြေ တစ်လလောက်တော့ ကြာမြင့်မှာပါ။ နောက်လ ၁၄ ရက် ၁၅ ရက်ဝန်းကျင်လောက်မှာပဲ ပြန်ကောင်းနိုင်မယ်။ ရေအောက်ဆိုတော့ ပြင်ဆင်ရတာ အခက်အခဲအနည်းငယ်တော့ ရှိတာပေါ့”ဟု မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း Oversea Department ဌာနမှ ဦးဝင်းအောင်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် လက်ရှိ အင်တာနက်ရေအောက် ဖိုက်ဘာဆက်ကြောင်းများမှာ အနည်းငယ်သာရှိပြီး ထိုင်းနိုင်ငံတွင် နယ်စပ်တွင် တစ်ခု၊ တရုတ်နိုင်ငံ နယ်စပ်ဖြတ်ကျော်တွင် တစ်ခုနှင့် စင်ကာပူသို့ ချိတ်ဆက်ထားသည့် ပင်လယ်ရေအောက်ဖိုက်ဘာ ဆက်ကြောင်းလိုင်း များ ဖြစ်ကြကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ သတင်းထုတ်ပြန်ချက်များအရ သိရသည်။

လက်ရှိတွင် မကြာခဏပြတ်တောက်မှုဖြစ်ပွားနေသည့်  SE ME WE 3 အင်တာနက် ရေအောက်ဖိုက်ဘာဆက်ကြောင်းနေရာတွင် အစား ထိုးရန် အတွက် ပိုမိုကောင်းမွန်သည့် မြန်နှုန်းမြင့် SE ME WE 5 အင်တာနက် ဖိုက်ဘာဆက်ကြောင်းသစ်ကို ထပ်မံတိုးချဲ့ရန် စီစဉ်ဆောင်ရွက် လျက်ရှိပြီး ယင်း SE ME WE 5 အင်တာနက်ဖိုက်ဘာဆက်ကြောင်း လုပ်ငန်းအစီစဉ်ကို ဆက်သွယ်ရေးနှင့်သတင်းအချက်အလက် နည်းပညာ ဝန်ကြီးဌာနမှ လုပ်ကိုင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ မြန်နှုန်းမြင့် SE ME WE 5 အင်တာနက် ဖိုက်ဘာဆက်ကြောင်းကို လာမည့် ၂ဝ၁၅ ခုနှစ်တွင် သုံးစွဲနိုင်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ပြောကြားထားသည်။

Eleven Media Group

No comments:

Post a Comment