Monday, August 4, 2014

မာစတာစပေါ့ ဖိနပ်စက်ရုံအမှု ဒုတိယအကြိမ် ရုံးထုတ်စစ်ဆေးရာ၌ မြန်မာနိုင်ငံမှ ရှောင်ပြေးသွားသော စက်ရုံပိုင်ရှင် ကိုရီးယားလူမျိုးကို နောက်တိုးတရားခံအဖြစ် တင်မည်

မာစတာစပေါ့ ဖိနပ်စက်ရုံအမှု ဒုတိယအကြိမ် ရုံးထုတ်စစ်ဆေးရာ၌ မြန်မာနိုင်ငံမှ ရှောင်ပြေးသွားသော စက်ရုံပိုင်ရှင် ကိုရီးယားလူမျိုး Mr.In Ho Bang ကို နောက်တိုးတရားခံအဖြစ် တင်သွားမည်ဖြစ်ကြောင်း အလုပ်ရုံ၊ အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာနမှ သတင်းရရှိသည်။
မာစတာပေါ့ ဖိနပ်စက်ရုံအမှုကို လှိုင်သာယာမြို့နယ် တရားရုံးတွင် ဇူလိုင် ၂၅ ရက်တွင် စတင်စစ်ဆေးခဲ့ပြီး တရားစွဲဆိုခံထားရသော စက်ရုံမန်နေဂျာနှစ်ဦးအနက် မစ္စတာဂျောင်းသာ ရောက်ရှိလာခဲ့ပြီး ဒေါ်ခင်ခင်ထွေးမှာ လာရောက်ခြင်းမရှိကြောင်း သိရသည်။
သြဂုတ် ၈ ရက်တွင် ဒုတိယအကြိမ် ရုံးထုတ်စစ်ဆေးမည်ပြီး ဒေါ်ခင်ခင်ထွေးမှ လှိုင်သာယာမြို့နယ် လူမှုဖူလုံရေးရုံးခွဲသို့ ထည့်ဝင်ကြေးပေးဆောင်ပြီး လူမှုဖူလုံရေးဥပဒေ ပုဒ်မ ၉၃ အရ စွဲဆိုထားသောအမှုအား ကျေအေးပေးရန် တင်ပြခဲ့ကြောင်း သိရသည်။
“လုပ်ငန်းရှင်ကို ဒီကိုမခေါ်ပေးနိုင်ဘူးဆိုတာ ကျွန်မတို့ အလုပ်သမားတွေအနေနဲ့ အံ့သြပါတယ်။ သူကိုယ်တိုင်လာပြီး ဖြေရှင်းပေးရမှာပါ။ အခုတော့ ကျွန်မတို့ လမ်းဘေးရောက်နေပါပြီ” ဟု မာစတာဖိနပ်စက်ရုံ အလုပ်သမားကိုယ်စားလှယ်တစ်ဦးက ပြောကြားသည်။

မာစတာစပေါ့ စက်ရုံပိုင်ရှင်သည် ကိုရီးယားနိုင်ငံသို့ ရှောင်ပြေးသွားပြီးနောက် ကျန်ရှိနေသော ကိုရီးယားလူမျိုးမန်နေဂျာနှင့် မြန်မာလူမျိုး မန်နေဂျာတို့ကိုသာ အလုပ်သမားဥပဒေကို ချိုးဖောက်မှုဖြင့် အလုပ်သမားဝန်ကြီးဌာနမှ တရားစွဲဆိုနိုင်ခဲ့သည်။
ယင်းသို့ ရှောင်ပြေးသွားသော စက်ရုံပိုင်ရှင်နှင့် ပတ်သက်ပြီး ဇူလိုင် ၁၀ ရက်တွင် အလုပ်သမား အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးမှ ကိုရီးယားသံအမတ်ကြီးနှင့်တွေ့ဆုံပြီး သတိထောက်လွှာ ပေးအပ်ခဲ့ကြောင်း သိရသည်။
မာစတာစပေါ့ ဖိနပ်စက်ရုံလုပ်ငန်းသည် FDI (Foreign Direct Investment) လုပ်ငန်းဖြစ်၍ MIC (မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်)၊ လ၀ကနှင့် သက်ဆိုင်ရာအုပ်ချုပ်ရေး အဖွဲ့များမှ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်သင့်ကြောင်း အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာနမှ အလုပ်သမားဝန်ကြီးဌာနသို့ တင်ပြခဲ့ကြောင်း သိရသည်။
မာစတာစပေါ့ ဖိနပ်စက်ရုံမှ မန်နေဂျာမစ္စတာဂျောင်းနှင့် ဒေါ်ခင်ခင်ထွေးတို့နှစ်ဦးကို အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာနမှ ၁၉၅၁ ခုနှစ် အလုပ်ရုံအက်ဥပဒေ ပုဒ်မ ၈၅/၈၈ ဖြင့်လည်းကောင်း၊ အလုပ်သမားညွှန်ကြားရေး ဦးစီးဌာနမှ ၂၀၁၀ ခုနှစ် အလုပ်သမားအဖွဲ့အစည်း ဥပဒေပုဒ်မ ၅၁ နှင့် ၂၀၁၃ ခုနှစ် အလုပ်အကိုင်နှင့် ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေး ဥပဒေပုဒ်မ ၃၉ ဖြင့်လည်းကောင်း၊ လူမှုဖူလုံရေးအဖွဲ့မှ ၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေ ၉၃ ဖြင့် တရားစွဲဆိုထားကြောင်း သိရသည်။
Eleven Media Group

No comments:

Post a Comment