Saturday, August 9, 2014

ပရီးမီးယားလိဂ် ရာသီသစ်တွင် စောင့်ကြည့်သင့်သည့် ကစားသမား(၁၀)ဦး

ကမ္ဘာပေါ်တွင် ပရိသတ် စိတ်ဝင်စားမှု အများဆုံး ဘောလုံးပြိုင်ပွဲတစ်ရပ်ဖြစ်သည့် အင်္ဂလန် ပရီးမီးယားလိဂ်သည် လာမည့် ရက်ပိုင်းအတွင်း ရာသီသစ် စတင်တော့မည် ဖြစ်သည်။ လီဗာပူးနှင့် တော့တင်ဟမ် ဟော့စပါး အသင်းများတွင် ကစားဖူးသည့် အင်္ဂလန် လက်ရွေးစင်ဟောင်းလည်းဖြစ်၊ Sky Sports၏ ဘောလုံးအားကစား သုံးသပ်ဝေဖန်သူ တစ်ဦးလည်းဖြစ်သည့် ဂျေမီရက်နက်ပ်သည် လာမည့်ရာသီ ပရီးမီးယားလိဂ် ဘောလုံးပြိုင်ပွဲတွင် စိတ်ဝင်စားစရာ အကောင်းဆုံး ဖြစ်လာနိုင်မည့် ကစားသမား (၁၀)ဦးကို ၎င်း၏စိတ်ကြိုက် ရွေးနုတ်ပြီး သုံးသပ်ချက် ဆောင်းပါးတစ်ပုဒ် ရေးသားခဲ့ပါသည်။ Daily Mail သတင်းစာတွင် ဖော်ပြထားသည့် အဆိုပါ ဆောင်းပါးမှ စိတ်ဝင်စားစရာ အကောင်းဆုံး ပရီးမီးယားလိဂ် ကစားသမား (၁၀)ဦးကို ရက်နက်ပ်၏ အာဘော်အတိုင်း ဘာသာပြန် ဖော်ပြအပ်ပါသည်။


၁။ အလက်ဆစ်ဆန်းချက်ဇ်
အာဆင်နယ် ပရိသတ်တွေကတော့ အသင်းမှာ မြန်နှုန်းမြင့်မြင့် နောက်ထပ် တောင်ပံကစားသမား တစ်ယောက် ထပ်ရောက်လာဖို့ မျှော်လင့်မထားဘူးလို့ ခင်ဗျားကို ပြောလိမ့်မယ်။ ဒါပေမဲ့ ခင်ဗျားအနေနဲ့ လျှပ်စီးလို မြန်ဆန်တဲ့ အဲဒီချီလီသားကို စာချုပ်ခေါ်ယူဖို့ အခွင့်အရေး ရလာချိန်မှာ မျက်ကွယ် မပြုသင့်ဘူးလေ။
ဆန်းချက်ဇ်ဟာ ဒီနွေရာသီမှာ စိတ်လှုပ်ရှားစရာ အကောင်းဆုံး ကစားသမားသစ် ခေါ်ယူမှုပါပဲ။ နောက်တစ်ချက်က သူဟာ အသင်းမှာ လျင်လျင်မြန်မြန် အထိုင်ကျလာမယ်လို့ ကျွန်တော်ထင်တယ်။ သူက ဘာစီလိုနာမှာတုန်းက တောင်ပံလူ အနေနဲ့ ကစားခဲ့ရတာပါ။ ဒါတောင်မှ သူ့ရဲ့ သွင်းဂိုး အချိုးအစားက သိပ်ကောင်းနေတုန်းပဲ။ (လာလီဂါ ၈၈ ပွဲတွင် ၃၉ ဂိုး သွင်းယူခဲ့)
လီယွန်နယ် မက်ဆီလို တိုက်စစ်မှူးနဲ့ တွဲကစားရရင် ဗဟိုတိုက်စစ် နေရာအတွက် မျှော်လင့်စရာ များများစားစားတော့ မရှိနိုင်ဘူးပေါ့။ ဒါပေမဲ့ ဘာကလေ ပရီးမီးယားလိဂ်မှာတော့ သူ့ကို ဗဟိုတိုက်စစ်မှူး အနေနဲ့ အဓိက တွေ့မြင်ရဖို့ ကျွန်တော် မျှော်လင့်ပါတယ်။
ဆန်းချက်ဇ်ဟာ ဘယ်နေရာမှာပဲ ကစားရပါစေ၊ သူ့ရဲ့ မယုံနိုင်လောက်စရာ မြန်နှုန်းမျိုးနဲ့ ပြိုင်ဘက်ခံစစ်ကြောင်းကို ထိခိုက်မှုတွေ ဖြစ်လာစေမှာပါ။ ဆန်းချက်ဇ်အနေနဲ့ ဘောလုံးကို အကြိမ်များများ လက်ခံယူနိုင်ဖို့နဲ့ မြန်နှုန်းမြင့်မြင့် ပြေးလွှားရင်း ခန္ဓာကိုယ်က အလိုက်သင့် ယိမ်းနွဲ့ လိမ်ခေါက်သွားတာမျိုးကို မကြာခဏ လုပ်ပြနိုင်ဖို့ ကျွန်တော် မျှော်လင့်ပါတယ်။
၂။ အန်ဒါဟာရဲရား
မန်ချက်စတာ ယူနိုက်တက်ဟာ ပေါလ်စခိုးလ်နေရာကို အစားထိုးဖို့ အချိန်တွေ အများကြီး အသုံးချခဲ့ရပါတယ်။ အခုတော့ သူတို့နဲ့ သင့်တော်တဲ့သူကို ရှာတွေ့သွားပါပြီ။
ကျွန်တော်က ဟာရဲရားကို အသင်းရဲ့ နှလုံးသည်းပွတ်လို့ တင်စားချင်ပါတယ်။ သူဟာ ဘောလုံးကို လက်ခံယူတယ်၊ ပေးပို့တယ်၊ အသင်းရဲ့ ကစားပုံဟာ သူနဲ့အတူ စည်းချက်ညီညီ လိုက်ပါနေတတ်တယ်။ သူနဲ့ တစ်နိုင်ငံတည်းသား အန်းဒရက်စ် အင်နီယေစတာ၊ ဇာဗီဟာနန်ဒက်ဇ်တို့ လိုမျိုးပေါ့။
သူက အဝေးဘောတွေလည်း ပေးပို့နိုင်သူပါ။ ဒါပေမဲ့ သူ့ရဲ့ အဓိက အားသာတဲ့ လုပ်ဆောင်မှုက ကွင်းလယ်မှာ နေရာယူပြီး Pass-and-Moveပုံစံ ဘောလုံးလမ်းကြောင်း အတိုလေးတွေ ပေးကစားတာပါ။
သူ့မှာ အားနည်းချက်ဆိုလို့ တစ်ခုပဲ ရှိပါတယ်။ အဲဒါကတော့ လုံလောက်တဲ့ သွင်းဂိုးအရေအတွက်မျိုး မရရှိသေးတာပါ။ မန်ချက်စတာ ယူနိုက်တက်ဟာ လက်ရှိ အခြေအနေထက် ကွင်းလယ်ကနေ ဂိုးတွေသွင်းယူနိုင်တာမျိုး လိုအပ်နေတယ်လေ။
၃။ ဘာဖာတင်ဘီဂိုမစ်
ဂိုမစ်ကို ခေါ်ယူလိုက်တာဟာ ဆွမ်ဆီးစီးတီးမှာ ဝီလ်ဖရိုက်ဒ်ဘိုနီ နေရာကို အစားထိုးဖို့လား။ ဒါမှမဟုတ် သူတို့နှစ်ယောက် အတူတွဲ ကစားနိုင်မှာလား။
သူတို့နှစ်ယောက်ဟာ ရာသီကြို ပွဲတွေမှာတော့ တသီးတခြား ကစားခဲ့ကြပါတယ်။ နှစ်ယောက်စလုံးက တိုက်စစ်ကို အားကောင်းကောင်း ကစားနိုင်ကြတယ်။ ဂိုမစ်က ဂိုးတွေ သွင်းယူနိုင်ပါလိမ့်မယ်။
ကျွန်တော်က ဒီပြင်သစ်သားကို သဘောကျလာတာ ကြာလှပါပြီ။ သူ့ကို ဆွမ်ဆီးက အလွတ်ခေါ်လိုက်တာပါ။ ဝက်စ်ဟမ်း ယူနိုက်တက်လို အသင်းမျိုးက စိတ်ဝင်စားနေတာတောင် ဒီတိုက်စစ်မှူးကို အရခေါ်လိုက် နိုင်တာကြောင့် တကယ်တန်တဲ့ အပြောင်းအရွှေ့မျိုးလို့ ဆိုရပါမယ်။
၎။ ရာဟင်မ်စတာလင်
ထက်ထက်မြက်မြက် ရှိလွန်းတဲ့ ဒီချာတိတ်လေးကို လာမယ့် တစ်နှစ်၊ နှစ်နှစ်လောက်ကျရင် ရီးရဲလ်မက်ဒရစ်က အသည်းအသန် လိုချင်လာလိမ့်မယ်လို့ ကျွန်တော် ကြိုတွေးထားပါတယ်။
သူဟာ အကောင်သေးသေးလေးနဲ့ ပေါက်ကွဲအား ကောင်းလှတဲ့ ပါဝါအားပြု ကစားသမားလေးပါပဲ။ ပြောရမယ်ဆိုရင် Mighty Mouse လိုမျိုး တိုက်စစ်သမားလေးပါ။ စတာလင်က နွားထီးတစ်ကောင်လောက်ကို သန်မာပါတယ်။
သူဟာ လီဗာပူးကို ဆာလောင်မှု၊ ထက်မြက်မှုအပြည့်နဲ့ ပြန်ရောက်နေပြီး လေ့ကျင့်ခန်း ဆင်းနေပြီဆိုတာ ကျွန်တော် ကြားပါတယ်။ ကမ္ဘာ့ဖလား ပြိုင်ပွဲကြောင့် နွမ်းနယ်နေတာမျိုး သူ့မှာ မရှိဘူး။
ကျွန်တော်တို့ အမြင်မှာတော့ တောင်ပံသမားတွေဟာ အလွယ်တကူ လူချခံရတဲ့ အခြေအနေမှာ ရှိနေပါတယ်။ ဒါပေမဲ့ ဒီ(၁၉)နှစ်သား ချာတိတ်လေးကို ကန်ကျောက်ဖို့ ကြံစည်ထားတဲ့ ခံစစ်မှူးတွေဟာ ကိုယ့်ဒုက္ခ ကိုယ်ရှာသလို ဖြစ်သွားနိုင်ပါတယ်။
လီဗာပူးဟာ လူးဝစ်ဆွာရက်ဇ်ကို ဆုံးရှုံးပြီးတဲ့နောက် သူတို့ရဲ့ ကစားပုံကို ပြောင်းလဲပစ်ပါလိမ့်မယ်။ ဒါကြောင့် စတာလင်ကို ဒန်နီရယ်လ် စတားရစ်ဂ်ျရဲ့ နောက်မှာထားပြီး အသုံးပြုလာနိုင်တယ်။ ဒါမှမဟုတ် ဘယ်၊ ညာ တောင်ပံ တစ်ဖက်ဖက်မှာပေါ့။
အဲဒီတော့ အင်မတန်ခက်တဲ့ မေးခွန်းတစ်ခု ရှိလာပါတယ်။ လီဗာပူးရဲ့ လူစာရင်းကို ကြေညာလိုက်ရင်တောင် စတာလင် ဘယ်နေရာမှာ ကစားမလဲ ဆိုတာကို ကြိုမှန်းဖို့ သိပ်ခက်သွားမယ်လေ။ ဒီအချက်က မန်နေဂျာ ဘရန်ဒန်ရော့ဂျာအတွက် တန်ဖိုးရှိတဲ့ အရာတစ်ခုပါပဲ။
စတာလင်ရဲ့ ကစားပုံဟာ ပင်နယ်တီနဲ့ ပြစ်ဒဏ်ဘောတွေရဖို့ ဖိတ်ခေါ်နေသလိုပါပဲ။ သူက ခံစစ်မှူးတွေ အနီးတစ်ဝိုက်မှာ လှုပ်ရှားနေတတ်သူမျိုးလေ။ ပြိုင်ဘက်တွေရဲ့ လက်မောင်းအောက်က ရုတ်တရက် ဘောလုံးဆွဲထုတ်သွားနိုင်သလို ဘောလုံးကို မဆုံးရှုံးအောင် ထိန်းသိမ်းထားရာမှာလည်း သိပ်တော်တယ်။
စတာလင်ဟာ လျှပ်စီးလက်သလိုလည်း မြန်ဆန်ပါသေးတယ်။ ဒါပေမဲ့ သူက ဒီထက်ပိုပြီး ဂိုးတွေသွင်းနိုင်ဖို့ လိုပါတယ်။ တစ်ရာသီမှာ သွင်းဂိုး ဆယ်ဂဏန်းလောက် ရလာဖို့ဆိုတာက သူ့အတွက် စိန်ခေါ်မှုတစ်ခု ဖြစ်ပါတယ်။ စတာလင်ဟာ သူ့ရဲ့ မြန်မြန်ဆန်ဆန် တိုးတက်ဖြစ်ထွန်းမှုတွေနဲ့အတူ ရှေ့ဆက်နေဆဲပါ။
၅။ ဂျိမ်းစ်ဝါ့ဒ်ပရော့စ်
အသင်းခေါင်းဆောင် အဒမ်လာလယ်နာ အပါအဝင် အဓိက ကစားသမားတွေ အများကြီး အသင်းကနေ ထွက်ခွာသွားခြင်းဟာ ဆောက်သမ်တန်အတွက် ကံဆိုးမှုတွေ၊ ဝမ်းနည်းစရာ အခြေအနေတွေ အများကြီးကို ချန်လှပ်ထားခဲ့ပါတယ်။
ဒါပေမဲ့ အဲဒီလို နာမည်ကျော်တွေရဲ့ နေရာကို ဖြည့်ဆည်း ဝင်ရောက်ဖို့ ဆိုတာက ဝါ့ဒ်ပရော့စ်လို ချာတိတ်လေးတွေ အတွက် ဘောလုံးလောကမှာ တောက်ပလာဖို့ တကယ့် အခွင့်အလမ်းကောင်း တစ်ရပ်လည်း ဖြစ်လာပါတယ်။
ပို့စ်မောက်သ် ဇာတိဖွား အသက်(၁၉)နှစ်အရွယ် ချာတိတ်လေးဟာ တည်ကန်ဘောတွေ ကန်တဲ့နေရာမှာ မှော်ကဝေလေး ဖြစ်ပါတယ်။ သူဟာ ကွင်းလယ်မှာ လိုအပ်သမျှ လှုပ်ရှားမှုအားလုံးကို လုပ်ဆောင်နိုင်ပါတယ်။ ကျွန်တော်ကတော့ လာမယ့်ရာသီ မကုန်ခင် အင်္ဂလန် လက်ရွေးစင် အသင်းရဲ့ လူစာရင်းမှာ သူပါဝင်ခွင့် ရလာမယ်လို့ ထင်မြင်နေမိပါတယ်။
သူဟာ ကွင်းလယ်မှာ အင်ဂျင်တစ်လုံးလိုပါပဲ။ တစ်ကွင်းလုံး လှည့်ပတ်ရွေ့လျားနိုင်သူပါ။ နွေရာသီ Toulon ဖိတ်ခေါ်ပြိုင်ပွဲမှာလည်း အင်္ဂလန် အသက်(၂၀)အောက် လက်ရွေးစင် အသင်းနဲ့အတူ အောင်မြင်မှု ရထားပါတယ်။
ဘရာဇီးနဲ့ပွဲမှာ သူကန်သွင်းတဲ့ ပြစ်ဒဏ်ဘောဟာ ပြိုင်ပွဲရဲ့ အကောင်းဆုံးဂိုးအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။ ပြီးတော့ ပြိုင်ပွဲကြီး တစ်ခုလုံးမှာ တတိယ အကောင်းဆုံး ဘောလုံးသမား အနေနဲ့လည်း ဝါ့ဒ်ပရော့စ်က ရွေးချယ်ခံထားရတယ်။ ကျွန်တော်ကတော့ ဒီကောင်လေးဆီက အများကြီး မျှော်လင့်ထားမိပါတယ်။
၆။ ဒီယေဂိုကော်စတာ
ချယ်လ်ဆီးရဲ့ လေ့ကျင့်ရေးကွင်းနဲ့ နီးစပ်တဲ့ ကျွန်တော့် သတင်းရင်းမြစ်တွေကတော့ ပါဝါကောင်းလှတဲ့ ဒီဗဟိုတိုက်စစ်မှူးနဲ့ ပတ်သက်ပြီး လွန်လွန်ကျွံကျွံ အမွှမ်းတင် ချီးကျူးနေကြပါတယ်။ ရာသီသစ်မှာ အစွမ်းပြဖို့ သူက ဘယ်လို အဆင်သင့် ဖြစ်နေပြီ ဆိုတာမျိုးတွေပေါ့လေ။
သူတို့အပြော အရတော့ ကော်စတာဟာ ဟိုဆေးမော်ရင်ဟို စိတ်ကြိုက်ဖြစ်ဖို့ မွေးဖွားလာတဲ့ ကစားသမားမျိုးပါတဲ့။ သူ့ကိုကြည့်ရတာ James Bond ဇာတ်ကားထဲက ဗီလိန်တစ်ယောက်လိုပါပဲ။ မာန်ပါတယ်၊ ထက်သန်တယ်။ ပြီးတော့ ကိုယ်အသာစီးရဖို့အတွက် ဘယ်လို လှည့်ကွက်ကိုမဆို ထုတ်သုံးမယ့် သူမျိုးလေ။
ဂိုးဧရိယာထဲမှာ ပြိုင်ဘက်ခံစစ်မှူးတွေနဲ့ လုံးထွေးသွားတဲ့ အချိန်တွေကျရင် သူ့ကို စောင့်ကြည့်လိုက်စမ်းပါ။ ပြိုင်ဘက်ကို လှမ်းဆွဲတယ်၊ ကုပ်တွယ်တယ်၊ ပင်နယ်တီရဖို့ ဒိုင်ဗင်ထိုးတယ်။ ဟိုဆေးကတော့ သူ့ကို သိပ်သဘောကျလိမ့်မယ်။ ခံစစ်မှူးတွေကတော့ သူနဲ့ ရင်ဆိုင်ကစားရတာကို ရွံမုန်းကြမှာပါ။
သူက တကယ့် အဆုံးသတ်သမား စစ်စစ်ပါပဲ။ ကျွန်တော်ကတော့ သူ့ကို မြန်မြန်ဆန်ဆန် အထိုင်ကျသွားပြီး ဂိုးတွေအများကြီး သွင်းစေချင်ပါတယ်။ သူက သန်မာအားကောင်းတဲ့ ကစားသမားပါ။ တိုက်စစ်မြားဦးမှာ တစ်ယောက်ပဲ ထားကစားတဲ့ ချယ်လ်ဆီးရဲ့ ပုံစံနဲ့လည်း ကိုက်ညီပါလိမ့်မယ်။
၇။ ရီယိုဖာဒီနန်

ကျွန်တော့်အဖေ ဟယ်ရီရက်နက်ပ် (QPR မန်နေဂျာ)က ဖုန်းဆက်ပြီး ပြောတယ်။ “ရီယိုဖာဒီနန်ကို QPRအတွက် ခေါ်ယူဖို့ ငါ့မှာ အခွင့်အရေးတစ်ခု ရထားတယ်ကွ” ဆိုပြီးတော့ပါ။
ကျွန်တော် ဖာဒီနန်ကို ခင်ပါတယ်။ ကစားသမား တစ်ယောက် အနေနဲ့လည်း သဘောကျခဲ့တယ်။ ဒါပေမဲ့ အဖေဖုန်းဆက်ချိန်မှာ စိတ်ထဲ ဇဝေဇဝါ ဖြစ်သွားတယ်။ မန်ချက်စတာ ယူနိုက်တက် ကစားသမားဘဝ ပြီးဆုံးသွားချိန်မှာ ရုပ်မြင်သံကြား နယ်ပယ်ထဲ သူဝင်ရောက်လာမယ်လို့ ကျွန်တော်က ယူဆထားတာကိုး။ ဒါမှမဟုတ် တခြားစီးပွားရေး လုပ်ငန်းတစ်ခုခုမှာ မြှုပ်နှံတော့မယ်လို့ ကျွန်တော်က ထင်ထားခဲ့တယ်လေ။
အဖေက “ငါသူ့မျက်လုံးတွေထဲကို သေချာကြည့်ခဲ့တယ်။ သူက ဘောလုံးကစားချင်နေတုန်းပဲ”လို့ ပြောပါတယ်။ သူက ငွေကြေးအတွက် QPRကို သွားခဲ့တာ မဟုတ်ပါဘူး။ ဒါတော့ အရမ်းသေချာပါတယ်။ သူဟာ QPRမှာ လုပ်ခအမြင့်ဆုံး ကစားသမား မဟုတ်နိုင်ဘူးလေ။ QPRမှာ သူဘာတွေ လုပ်ပြမလဲ ဆိုတာကိုတော့ ကျွန်တော် စိတ်လှုပ်ရှားစွာနဲ့ စောင့်ကြည့်ချင်ပါတယ်။
သူ့ရဲ့ ခံစစ်ကစားပုံဟာ မန်ချက်စတာ ယူနိုက်တက်မှာ ရှိနေတုန်းကနဲ့တော့ ကွာခြားသွားပါလိမ့်မယ်။ ဒီအပြောင်းအရွှေ့ဟာ ကိုယ့်ကိုယ်ကိုယ် ဖိအားဝင်အောင် ရွေးချယ်လိုက်သလို ဖြစ်ကောင်းဖြစ်နိုင်ပေမယ့် ရာသီကြို ကာလတွေမှာ ကြည့်ရသလောက်တော့ သူဟာ ပုံစံကောင်းမှာ ရှိနေတုန်းပါ။ QPRရဲ့ အိမ်ကွင်းက သေးပါတယ်။ ဒီအချက်က သူ့ကို အထောက်အကူ ဖြစ်စေနိုင်ပြီး QPRမှာ စတီဗန်ကော်လူကာနဲ့ အမာခံ တွဲဖက်နိုင်မှာ သေချာပါတယ်။
၈။ ဒန်နီအင်းစ်
ပြောမယ်ဆိုရင် ဘန်လေတိုက်စစ်မှူးဟာ အကြမ်းထည်သက်သက် အဆင့်မျိုးပါ။ ဒါပေမဲ့ သူ့မှာ အရည်အသွေးကောင်းတွေ အများကြီး ရှိနေပါတယ်။
အခုတော့ သူဟာ ချန်ပီယံရှစ် အဆင့်ကနေ အသင်းကို မြှင့်တင်ပေးနိုင်ခဲ့ပါပြီ။ သူဟာ အဲဒီအဆင့်မှာ (၆၄)ပွဲ ကစားပြီး (၂၇)ဂိုး သွင်းခဲ့ပါတယ်။ အင်းစ်ဟာ အင်္ဂလန် (၂၁)နှစ်အောက် လက်ရွေးစင် အသင်းမှာလည်း (၄)ပွဲကစားပြီး (၂)ဂိုး သွင်းထားနိုင်ပါတယ်။ ချန်ပီယံရှစ်ရဲ့ ပြီးခဲ့တဲ့ရာသီ အကောင်းဆုံး ဘောလုံးသမားဆုကိုလည်း ရခဲ့တယ်။
ထိပ်ဆုံးအဆင့် ပြိုင်ပွဲမှာ အင်းစ်အတွက် အခွင့်အရေး များများစားစားတော့ ရမှာမဟုတ်ဘူး။ ဒါပေမဲ့ သူဟာ ရှောင်ဒိုင်ချီရဲ့ အသင်းမှာ တိုက်စစ်မြားဦးကနေ ထိုးဖောက် ကစားပါလိမ့်မယ်။ အင်းစ်အပြင် ဘန်လေရဲ့ ပါရမီရှင် ညာနောက်ခံ ကစားသမားလေး ကိုင်ရန် ထရစ်ပီရာလည်း အင်္ဂလန် အသင်းမှာ နေရာရလာနိုင်တယ်လို့ ကျွန်တော် ယုံကြည်ထားပါတယ်။
၉။ ရိုမီလူလူကာကူ
ဟိုဆေးမော်ရင်ဟို သိပ်သဘောမတွေ့လှတဲ့ ကစားသမား တစ်ယောက်ကို အဲဗာတန်က ပေါင်စတာလင် (၂၈)သန်း ဈေးပေးပြီး ခေါ်ယူခဲ့တာပါ။ ကမ္ဘာ့ဖလား ပြိုင်ပွဲမှာလည်း ဒီဘယ်လ်ဂျီယံ တိုက်စစ်မှူးလေးဟာ အရေးပါတဲ့ ပွဲစဉ် တော်တော်များများမှာ အရန်ခုံ ထိုင်နေခဲ့ရတာ ဖြစ်ပါတယ်။
လူကာကူဟာ နောက်ထပ် ဒီဒီရာဒရော့ဂ်ဘာ လက်သစ်ဖြစ်လာမယ်လို့ လူပြောများခဲ့တဲ့ အချိန်ကာလတွေတော့ ရှိခဲ့ဖူးပါတယ်။ အားကောင်းလှတဲ့ ထိုးဖောက်မှု စွမ်းရည်တွေကြောင့် အင်္ဂတေကိုင်ထားရင်တောင် သူ့ကို ထိန်းချုပ် ပိတ်ဆို့ထားလို့ မရလောက်ဘူးလို့ ပရိသတ်တွေ အတွေးဝင် သွားလောက်တဲ့ အခိုက်အတန့်တွေလည်း ရှိခဲ့ဖူးတယ်။
လူကာကူဟာ သူ့အရည်အသွေးတွေကို သက်သေပြဖို့ လိုအပ်နေပါသေးတယ်။ ပြီးတော့ သူ့အပေါ် ယုံကြည်မှု ထားခဲ့တဲ့ ရောဘတ်တို မာတီနက်ဇ်နဲ့ ဘီလ်ကင်ရိုက် တို့ကိုလည်း ပြန်ပြီး ပေးဆပ်ရဦးမှာပါ။
အခုတော့ သူဟာ အငှားကစားသမား တစ်ယောက်အနေနဲ့ ကစားစရာ မလိုတော့ပါဘူး။ ပြီးခဲ့တဲ့ နှစ်ရာသီတုန်းက ဝက်စ်ဘရွန်းဝစ်ခ်ျနဲ့ အဲဗာတန်တို့မှာ သူက အငှားထွက် ကစားခဲ့ရတယ်လေ။ မနှစ်က သူဟာ (၁၅)ဂိုး သွင်းနိုင်ခဲ့ပါတယ်။ အနည်းဆုံးတော့ ဒီရာသီမှာလည်း အဲဒီစံချိန်လောက်ကို သူက အရပြန်ယူနိုင်ပါတယ်။
၁၀။ အဲရစ်ခ်လာမဲလာ
ဒီစာရင်းမှာ သူ့ကို ထည့်စဉ်းစားသင့်လို့ ပြောလိုက်တဲ့အခါ ခင်ဗျားအမြင်မှာ ခွကျတဲ့ ရွေးချယ်မှု တစ်ခုလို ဖြစ်ကောင်း ဖြစ်သွားပါလိမ့်မယ်။ တော့တင်ဟမ် ဟော့စပါးရဲ့ ကစားသမားဟာ ဆိုးရွားလှတဲ့ ပရီးမီးယားလိဂ် အဖွင့်ရာသီကို ဖြတ်သန်းခဲ့ရတယ် ဆိုရင်တောင် သူ့မှာ အံ့ဩစရာ ပင်ကို ပါရမီကောင်းတွေ အများကြီး ရှိနေပါတယ်။
ကျွန်တော် ကြားမိသလောက်တော့ သူဟာ ထက်ထက်မြက်မြက်နဲ့ လေ့ကျင့်ခန်း ပြန်ဆင်းနေပြီ ဆိုတာပါပဲ။ စပါးရဲ့ ညာခြမ်းမှာ ဒီနှစ်တော့ အားပြိုင်မှုတွေ များလာပါလိမ့်မယ်။ အန်ဒရိုတောင်းဆန်းနဲ့ အေရွန်လင်နွန်တို့ကလည်း ဒီနေရာအတွက် ပြိုင်ဆိုင်နေကြတယ် မဟုတ်လား။ လာမဲလာဟာ အလယ်ထဲ ဝင်ကစားတာမျိုးလည်း အခွင့်အရေး ရလာနိုင်ပါတယ်။
စပါးက သူ့ကိုခေါ်ခဲ့တုန်းက စတာလင်ပေါင် သန်း(၃၀) ကုန်ကျခဲ့ပါတယ်။ ဒီအတွက် ထိုက်တန်မှု ရှိမရှိ ဆိုတာကိုတော့ စပါးရဲ့ အားကစား ဒါရိုက်တာ ဖရန်ကို ဘယ်လ်ဒီနီကိုသာ ခင်ဗျားအနေနဲ့ သွားမေးသင့်ပါတယ်။ ဒါပေမဲ့ စပါးမှာ အာဂျင်တီးနားသား မန်နေဂျာတစ်ယောက် တာဝန်ယူလာတဲ့အခါ လာမဲလာရဲ့ ထင်ပေါ်လာမှုကို ခင်ဗျားအနေနဲ့ တွေ့မြင်နိုင်ပါလိမ့်မယ်။   ။
_Dailymail






No comments:

Post a Comment