Friday, August 15, 2014

မိုးရာသီအတွင်း ယာဉ်အန္တရာယ်စိုးရိမ်ရသည့်အတွက် ချင်းပြည်နယ်အတွင်းရှိ အချို့လမ်းပိုင်းများတွင် ၁၀ ဘီးနှင့်အထက်ယာဉ်များ ဖြတ်သန်းမှု တားမြစ်

ချင်းပြည်နယ်အတွင်းရှိ လမ်းများတွင် ယာဉ်အန္တရာယ်ဖြစ်မည်စိုးသောကြောင့် ၁ဝ ဘီးနှင့်အထက်ယာဉ်များကို မိုးရာသီကာလအတွင်း ဖြတ်သန်းမှုကို တားမြစ်ထားကြောင်း ချင်းပြည်နယ်ပြည်သူ့ဆောက်လုပ်ရေးဌာနမှ သိရသည်။
“မိုးရာသီကာလဆိုတော့ ယာဉ်တွေအန္တရာယ်ဖြစ်မှာစိုးလို့ ဖြတ်သန်းခွင့်ကို ပိတ်ပင်ထားပါတယ်”ဟု ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးမှ ပြောကြားခဲ့သည်။ ချင်းပြည်နယ်အတွင်းရှိ လမ်းများသည် မိုးရာသီကာလအတွင်းတွင် လမ်းသားပဲ့ကျခြင်း၊ တောင်ပြိုခြင်းတို့ကြောင့် ယာဉ်များ မကြာခဏ တိမ်းမှောက်မှုများလည်းရှိသည် ဟု သိရသည် ။
“မိုးရာသီအတွင်း လမ်းမကောင်းတဲ့နေရာ၊ တောင်ပြိုတတ်တဲ့နေရာတွေ၊ လမ်းသားပဲ့ကျနိုင်တဲ့ နေရာတွေမှာ စက်ကြီးတွေကို ထားပေးတာများပါတယ်။ အဲဒါဆိုတော့ သူတို့လမ်းပွင့်အောင်လုပ်ပေးတဲ့ အချိန်လေးတော့ စောင့်ရတာပေါ့။ အခြေအနေပေါ်မူတည်ပြီး ကြန့်ကြာမှုတွေတော့ ရှိပါတယ်”ဟု ချင်းတောင်သွား ယာဉ်မောင်းတစ်ဦးက ဆိုသည်။
ချင်းပြည်နယ်အတွင်းရှိ ဟားခါး-ဂန့်ဂေါလမ်း၊ ဟားခါး-ဖလမ်း-ကလေးလမ်း၊ ကလေး-တီးတိန်လမ်းတို့ကို ဩဂုတ်လဆန်းပိုင်းမှစတင်၍ ပိတ်ပင်ထားခဲ့ပြီး မိုးရာသီကုန်လွန်သည့် နိုဝင်ဘာ ၁ ရက်တွင် ပြန်လည်ဖွင့်လှစ်နိုင်မည်ဖြစ်သည်ဟု ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းမှ သိရသည်။

“တောင်ပေါ်လမ်းတွေက လမ်းကွေ့တွေ၊ လမ်းပုခုံးတွေရယ် ကျဉ်းတယ်၊ မိုးရာသီဆိုရင် တောင်ပြိုတာနဲ့ဆိုတော့ ရွှံ့ဗွက်တွေနဲ့ဆိုတော့ သတိထားမောင်းရတယ်။ မိုးရာသီမှာ မြူတွေ၊ မှိုင်းတွေပိတ်လို့လည်း မောင်းရတာ အခက်အခဲရှိပါတယ်”ဟု ယာဉ်မောင်း ကိုသော်တာက ပြောကြားသည်။ ချင်းပြည်နယ်အတွင်း လမ်းတံတားနှင့် ကျေးလက်မီးလင်းရေး၊ ရေရရှိရေးလုပ်ငန်းများအတွက် ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာရေးနှစ်တွင် ကျပ်သန်းပေါင်း ၇၁ဝဝ ကျော်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်မောင်အေး လွှတ်တော်တွင် ပြောကြားထားသည်။ မြန်မာ-အိန္ဒိယနယ်စပ်ကုန်သွယ်ရေး လမ်းမကြီး၏ အစိတ်အပိုင်းဖြစ်သော ရိဒ်-တီးတိန်လမ်းကိုလည်း ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာရေးနှစ်တွင် ကျပ်သန်း ၁၅၅ သန်း အသုံးပြု ကာ လမ်းအဆင့်မြှင့်တင်ခြင်းများ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည် ။
http://news-eleven.com/

No comments:

Post a Comment