Thursday, August 28, 2014

ခြိမ်းခြောက်သဖြင့် ဗုံးခွဲခဲ့ရခြင်းဖြစ်ဟု သံသယတရားခံ ဖြောင့်ချက်ပေး

ရန်ကုန်မြို့လယ်ဗုံး ဖောက်ခွဲမှုတွင် အဓိကကျူးလွန် သူဟု စွပ်စွဲခံရသူမောထသည် ခြိမ်းခြောက်ခံရသဖြင့် ဆောင်ရွက် ခဲ့ခြင်းဖြစ်သည်ဟု အနောက်ပိုင်း ခရိုင် တရားရုံးတွင် သြဂုတ် ၂၇ ရက်က ဖြောင့်ချက်ပေးခဲ့သည်။
ပြီးခဲ့သည့် ၂၀၁၃ ခုနှစ်က ရန်ကုန်မြို့ရှိ ကုန်သည်ကြီးများ ဟိုတယ်နှင့် အလုံလမ်းရှိ WesternPark Rubyစားသောက်ဆိုင်တို့တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီးနောက် ကျူးလွန်သူဟု သံသယရှိသူသုံးဦးကို  ဖမ်းဆီးပြီး ရုံးတင်စစ်ဆေးလျက်ရှိသည်။ သြဂုတ် ၂၇ ရက်တွင် Western Park စားသောက်ဆိုင်၌ ဗုံးရှာဖွေတွေ့ရှိခဲ့မှုနှင့် ပတ်သက်၍ အဓိကကျူးလွန်သူဟု စွပ်စွဲခံထားရသူ စောမြင့်လွင် (ခ) မောထကို စတင်ရုံးထုတ်စစ်ဆေးခဲ့ရာ ၎င်းမှာKNLA တပ်မဟာ (၅) ဒုတပ်ရင်းမှူး စောနေတိုးက ခြိမ်းခြောက်ပြောဆို  ခိုင်းစေခဲ့သောကြောင့် ကုန်သည်ကြီးများ ဟိုတယ်နှင့် Western Park Rubyစားသောက်ဆိုင်တွင် ဗုံးထောင်ခဲ့ကြောင်း ဖြောင့်ချက်ပေးခဲ့သည်။
‘‘ဗိုလ်စောနေတိုးက ဒီကိစ္စ တခြားဘယ်သူမှမသိစေနဲ့၊ သိ ရင်သတ်ပစ်မယ်လို့ ပြောခဲ့တယ်။ ကုန်သည်ကြီးများဟိုတယ်ဗုံး ဖောက်ခဲ့ပြီးတော့ သူဆောင်ရွက် ခိုင်းတဲ့အတိုင်း Western Park မှာ လက်လုပ်ဗုံးကို မပေါက်ကွဲစေရန် စနက်တံမဆက်သွယ်ဘဲ ဒီအတိုင်းထားခဲ့တာ။ လူအများထိခိုက်မှာစိုးလို့ သူခိုင်းတဲ့အတိုင်း ကျွန်တော်လုပ်ခဲ့တာပဲ။ ကုန်သည်ကြီးများ ဟိုတယ်မှာ ဖောက်ကွဲပြပြီးပြီ။ ကုန်သည်ကြီးများဟိုတယ်မှာ လည်း လူတွေထိခိုက်မှာစိုးလို့ သူထားခိုင်းတဲ့ အိပ်ရာအောက်မှာ မထားဘဲရေချိုးခန်း၊အိမ်သာထဲ မှာ ထားခဲ့တာ’’ဟု စောမြင့်လွင် (ခ) မောထကဆိုသည်။
 ထို့အပြင်အလုံလမ်းရှိ We-stern Park စားသောက်ဆိုင်တွင် ဖြစ်ပွားခဲ့သော ဗုံးထောင်ခဲ့သည့် ဖြစ်စဉ်၌ ယခုစွပ်စွဲခံထားရသူ စောမြင့်လွင် (ခ) မောထအပြင် သုံးဦးကို ဖမ်းဆီးတရားစွဲဆိုထားရာ ၎င်းမှလွဲ၍ ကျန်နှစ်ဦးမှာ ဗုံးဖောက်ကွဲမည့်အစီအစဉ်ကို သိရှိထားခြင်းမရှိ၍ ပါဝင်ပတ်သက်ခြင်းမရှိကြောင်း ဆက်လက်ထွက်ဆိုခဲ့သည်။
ယင်းဖြစ်စဉ်နှင့် ပတ်သက် ၍ စက်တင်ဘာ ၃ ရက်တွင် စစ်ဆေးရန် ကျန်ရှိသူနှစ်ဦးကို ဆက် လက်စစ်ဆေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။ ရန်ကုန်မြို့ ကုန်သည်ကြီးများဟိုတယ်တွင် ဗုံး ပေါက်ကွဲမှုဖြစ်ပွားခဲ့စဉ်က လူနှစ် ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။
7daydaily

No comments:

Post a Comment