Sunday, August 24, 2014

ကင်ဆာရောဂါ ဖြစ်ပွားရခြင်း၏ ၃၀ ရာခိုင်နှုန်းမှာ အ၀လွန်ခြင်းကြောင့်ဖြစ်

ကင်ဆာရောဂါဖြစ်ပွားခြင်း၏ ၃၀ ရာခိုင်နှုန်းမှာ အ၀လွန် ခြင်းကြောင့်ဖြစ်ပြီး ယင်းအ၀လွန်ခြင်းကြောင့်ပင် အရွယ်မတိုင်မီ သေဆုံးနေကြရ သည်ဟု ရွှေရောင်နှင်းဆီ ကင်ဆာဖောင်ဒေးရှင်းဥက္ကဋ္ဌပါမောက္ခဒေါက်တာ ရင်ရင်ထွန်းက ပြောသည်။
‘‘အဓိကက အ၀လွန်ခြင်းကြောင့်ပဲ။ အဲဒီ ၃၀ ရာခိုင်နှုန်းက သာ အ၀မလွန်ရင် ကင်ဆာဖြစ်နိုင်ခြေနည်းပါးတယ်။ အ၀လွန်ခြင်းတစ်ခုတည်းကိုက ကင်ဆာဖြစ်နိုင်ခြေ အကြောင်းရင်းတစ်ခု ဖြစ်နေတာပါ’’ဟု ၎င်းကဆိုသည်။

လူတို့၏ ခန္ဓာကိုယ်၌ လိုအပ်သည်ထက် အဆီပိုများရှိနေလျှင် အ၀လွန်ခြင်းဟု သတ်မှတ်ပြီး အ၀လွန်ခြင်းကြောင့် သွေးတိုးရောဂါ၊ ဆီချို၊ နှလုံးသွေးကြောကျဉ်း ရောဂါများအပြင် နောက်ဆက်တွဲဆိုးကျိုးအဖြစ် ရင်သားကင်ဆာ၊ သားအိမ်ကင်ဆာ၊ အသည်းကင်ဆာ များစွာ ဖြစ်ပေါ်နိုင်ကြောင်း သိရသည်။

အ၀လွန်သူများအနေဖြင့် အ၀မလွန်စေရန် အဆီများသည့် အစားအစာစားသုံးခြင်းမှ ရှောင်ကြဉ်ပြီး ကျန်းမာရေးနှင့်ညီညွတ် သော အစားအစာ များနှင့် ကိုယ်လက်လှုပ်ရှားမှုများကို ဘက်ညီစွာ ပြုလုပ်ပေးရမည်ဖြစ်သည်။ ထို့အပြင် ကိုယ်အလေးချိန်ကျစေရန်အတွက် ရုတ်တရက် လျင်မြန်စွာချခြင်းကို မပြုလုပ်သင့်ကြောင်း ဆရာဝန်ကြီးများက အကြံပြုပြောဆိုသည်။

‘‘အ၀လွန်သူတွေအနေနဲ့ ၀ိတ်ကိုချက်ချင်းချလို့ရှိရင် အသက်အန္တရာယ်စိုးရိမ်ရတယ်။ ဒါကြောင့် စနစ်တကျ ချတတ်ဖို့လိုတယ်။ အဆီများတဲ့ အစား အစာတွေ ရှောင်ရှားပြီးတော့ နည်းစနစ်မှန်မှန်နဲ့ ချသင့်တယ်’’ ဟု ဖေဖော်ဝါရီက ပြုလုပ်ခဲ့သော ကျန်းမာရေးဟောပြောပွဲတစ်ခု၌  အာဟာရ ပညာရှင် ဒေါက်တာလှကြည်က ဆိုသည်။ ကမ္ဘာပေါ်ရှိ အ၀လွန်ရောဂါ ခံစားနေရသူများ၏ သုံးပုံတစ်ပုံမှာ ဖွံ့ဖြိုးဆဲနိုင်ငံ များမှဖြစ်ပြီး မြန်မာနိုင်ငံ၏ အ၀လွန်ခြင်း၏ နောက် ဆက်တွဲရောဂါ ဖြစ်ပွားသူဦးရေမှာ လူတစ်ရာလျှင် ခြောက်ဦးနှုန်း ဖြင့် ခံစားနေရကြောင်း အပြည်ပြည်ဆိုင်ရာ အ၀လွန်တိုက်ဖျက် ရေးအဖွဲ့၏ ခန့်မှန်းချက်အရ သိရသည်။

7Day DAILY

No comments:

Post a Comment