Friday, August 29, 2014

တရားစီရင်ရေးမဏ္ဍိုင် တည့်မတ်ဖို့အတွက် တစ်ကိုယ်တော်ဆန္ဒပြ

မိုးကုတ်မှာ သြဂုတ်လ ၂၉ ရက်နေ့ မနက်ပိုင်းက တရားရေးမဏ္ဍိုင် တည့်မတ်စေဖို့ တစ်ကိုယ်တော် ဆန္ဒထုတ်ဖော်ခဲ့တယ်လို့ သိရပါတယ်။
ခုလို တရားစီရင်ရေးမဏ္ဍိုင် တည့်မတ်စေဖို့ တစ်ကိုယ်တော် ဆန္ဒထုတ်ဖော်ခဲ့တဲ့ ဦးစိုးဌေးက “ကျွန်တော်တို့မြို့မှာ တရားသူကြီး အပါအဝင် တရားရေးဝန်ထမ်း တွေရဲ့ အဂတိလိုက်စားမှုတွေမှာ ပိုပြီး ယိမ်းယိုင်လာလို့ ခုလို ဆန္ဒဖော်တာပါ။ ဆန္ဒ ထုတ်ဖော်ပြီးရင် တရားရေးမဏ္ဍိုင် ပြောင်းလဲပေးဖို့ဆန္ဒ လက်မှတ်ထပ်ကောက်မယ်။ လွှတ်တော်တွေကို ပို့မယ်” လို့ ဆိုပါတယ်။
ဦးစိုးဌေးဟာ မိုးကုတ်မြို့နယ် တရားစီရင်ရေးမဏ္ဍိုင် ဖြောင့်မတ်ရေး၊ မိုးကုတ်မြို့နယ် တရားရုံး အဂတိလိုက်စားခြင်း အလိုမရှိ၊ ငွေကြေး အရှိန်အဝါဖြင့် အမှုစီရင်နေမှုများ ချက်ချင်းရပ်၊ အဂတိလိုက်စားသော တရားရုံးဝန်ထမ်းများ အလိုမရှိ၊ ဥပဒေ နားမလည်သော ပြည်သူများကို ခြိမ်းခြောက်ခြင်း အလိုမရှိ၊ တရားရုံး စောင့်ကြည့်ရေး အဖွဲ့ အမြန်ဆုံး ဖွဲ့စည်းပေး၊ အမှုသည်များနှင့် လာရောက်လေ့လာသူများအတွက် နားနေဆောင် အမြန်ဆုံးပြုလုပ်ပေးရေး စတဲ့ ကြွေးကြော်သံတွေနဲ့ ဆန္ဒ ထုတ်ဖော်ခဲ့တာ ဖြစ်ပါတယ်။

ဒီမြို့ရဲ့ တရားစီရင်ရေးအခန်းကဏ္ဍ ယိုယွင်းနေတာဟာ ကြာနေပြီဖြစ်ပြီး ခုလို မြို့လူထု ကိုယ်စား ဆန္ဒထုတ်ဖော်တာမျိုး လုပ်သင့်နေသည်မှာလည်း ကြာနေပြီဖြစ်တယ်လို့ ရွှေဝါရောင်တော်လှန်ရေးမှာ ပါဝင်ခဲ့တဲ့ မိုးကုတ်မြို့ ရေပူကျောင်းတိုက် ဆရာတော် ဦးဣန္ဒကက သုံးသပ်မိန့်ကြားပါတယ်။
ဒီဆန္ဒပြမှုကို ၁/၂၀၁၄ နဲ့တရားဝင်ခွင့်ပြုခဲ့တာ ဖြစ်တယ်လို့ မိုးကုတ်မြို့နယ် ရဲတပ်ဖွဲ့မှူး ရုံးဆီကနေ သိရပါတယ်။

The Voice Weekly

No comments:

Post a Comment