Thursday, August 14, 2014

သံကန့်လန့်ကာ နောက်ကွယ်က

သံကန့်လန့်ကာ နောက်ကွယ်က

 

* အသက်ခရီးမှာဖြင့် 
  တစ်ဝက်ကြီး ကျော်ခဲ့ပြီ။ 
* ထိရောက်စွာ ဘယ်အလုပ်တွင်မှ 
  ကယ်ဟုတ်စွာ နိုင်ငံအကျိုးကို   သည်ပိုးမဆောင်ရွက်နိုင်လို့ 
   စိတ်စက်မကြည်။ * ပါရမီ 
  ကံလှီထင့်သည့်ဘဝ။ 
* နိုင်ငံတော် 
  မှုကုန်ထမ်းဖို့မှာ 
  ဉာဏ်စွမ်းမယိုမင့်သော်လည်း 
  ခွင့်လှည့်မကျ။

ယင်းလေးချိုး ကဗျာသည် ဂျာနယ်ကျော် ဦးချစ်မောင်ငြီးတွားခဲ့ သော ငြီးချင်းကဗျာဖြစ်သည်။ ''တွင်ကျယ်အောင် လုပ်ကိုင်နိုင်ဖို့မှာ နာ မည်ကြီးဖို့ကပထမအရင်းခံ ဤနိုင်ငံတွင်ဖြစ် နေတော့၏။ နာမည်ကြီး အောင်လုပ်ရန် မှာလည်း ကျွန်ုပ်အလွန်စက်ဆုတ်သော အလုပ်တစ်ခုဖြစ် ချေ၏။ အရေးသမားမှာ အလုပ်သမားမဟုတ်သကဲ့သို့ဖြစ်လျက် အပြောသမားသာ အလုပ်သမားဖြစ်သည် ဟူ၍ယူဆနေ သေးသော အသိုင်း အဝိုင်းထဲတွင် အရေးသမားများကို နိုင်ငံရေးရာတွင် တာဝန် ပေးအပ်ထိုက် သည်ဟူသော ယူဆမှုသည်ဖြစ်ပေါ်နိုင်ရန် ခဲယဉ်းပေ၏။ သို့သော် ကျွန်ုပ်တို့ ထားအပ်သော စေတနာသည် အချည်းနှီးမဖြစ်။ အားနှင့် အင်နှင့်နေပမာ ထွန်းထွန်း တောက်တောက် ထိထိရောက် ရောက် နိုင်ငံအကျိုး ခံစားရအောင် ယခုမလုပ်နိုင် သော်လည်း လကဲ့သို့ ဖြည်းညှင်းစွာ အကျိုးပေး နိုင်သေးသည်ကိုပင် ဝမ်းသာ ဖွယ်ဖြစ်တော့၏။ ယင်းသည် ဂျာနယ်ကျော် မမလေးရေးသော ''သူလိုလူ''စာအုပ်ကြီးထဲ တွင် ဂျာနယ်ကျော်ဦးချစ်မောင်၏ နေ့စဉ်မှတ်တမ်း အဖြစ်ဖော်ပြထား သောစာပိုဒ်များဖြစ်သည်။
အလွန်သတိထား စရာ ကောင်းသည်။ မိမိတို့ ၏ဘဝနှင့်လွန်စွာနီးစပ်သည်။ မိမိတို့လည်း အသက် ထက်ဝက်ကျော်ခဲ့ ပြီမဟုတ်ပါလော။ တိုင်းပြည်နှင့်လူမျိုးအတွက် စွမ်းနိုင်ရာက ထမ်း ဆောင်နေကြသည်မဟုတ်ပါလော။ လူတွေက အများအားဖြင့် ရှေ့ထွက်က ချင်ကြသည်။ ထင်ပေါ် ကျော်ကြားချင်ကြသည်။ မိမိကို လူတွေတ အံ့တသြဝိုင်းကြည့်နေ တာကို ခံယူချင်ကြသည်။ နောက်ကနေ ညွှန်ပြရသည့်ဘဝမျိုးသို့ မလိုလားကြ။ ကန့်လန့်ကာ နောက်ကွယ်က မည်သူမျှမနေချင်ကြ။ လူတွေကလည်း ကန့်လန့်ကာနောက်ကွယ်ကသူကို အများအားဖြင့် အသိအမှတ်မပြု ချင်ကြ။ တကယ်တော့ ကန့်လန့်ကာ နောက်ကွယ်ကသူသည် လွန်စွာ အရေးကြီးသည်။ ရုပ်သေး ရုပ်ကလေး များလှပ စွာသက်ဝင်စွာ ကပြနေရန် ကြိုးဆွဲဆရာက ပဓာနဖြစ်သည်။ ကြိုးဆွဲကောင်းမှကပြနေသော ရုပ် သေးအသက်ဝင်၍ ကြည့်ရှုသူပရိသတ်ရင်ထဲစွဲကျန်နေမည်ဖြစ်သည်။ စာရေးဆရာ၏စာများ ပရိသတ်ရင်ထဲစွဲ ကျန်နေရန် အယ်ဒီတာက အားဖြည့်တည်းဖြတ်စီစဉ်ပေးရပါသည်။ အချီးမွမ်း ခံရတော့ စာရေး ဆရာပါ။
အယ်ဒီတာကို သိပ်ပြီးအသိအမှတ်မပြုချင်ကြပါ။ အယ်ဒီတာ သည် ခွန်အားများစွာ အသုံးပြုလိုက်ရသည်ကို စာဖတ်သူမား သတိမမူ မိကြပါ။ တကယ်တော့ အယ်ဒီတာသည် ရုပ်သေးကြိုးဆွဲဆရာနှင့်တူ သော ကန့်လန့်ကာ နောက်ကွယ် ကလူပါ။ ဆရာဇော်ဂျီက ''စာရေး ကောင်းလိုလျှင် စိတ်ကောင်းမွေးပါ''ဟု စကားရိုးရိုးလေးတစ်ခွန်းပြောခဲ့ပါသည်။ စိတ်ဓာတ်မြင့်မြတ်ပါမှ စိတ် အဆင့်အတန်းမြင့်မားပါမှ စာကောင်းကောင်းကို ဖန်တီးနိုင် ပါမည်။ ကောက်ကျစ်သော ယုတ်ညံ့သော စိတ်နေသဘောထားရှိသူထံမှ စာ ကောင်းထွက်လာစရာမရှိ။ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကတော့ တိုင်း ပြည်အတွက် ပင်ပင်ပန်းပန်းအလုပ်တွေလုပ်ခဲ့ပြီး တစ်နေ့သော အခါကျ လျှင် သစ်ပင်စိုက်ပြီးအေးအေးလူလူနေချင်သည်ဟု ဆန္ဒပြုဖူးကြောင်း သိရသည်။ လူတိုင်းလူတိုင်း စိတ်အဆင့်အတန်းမြင့်မားလာကြဖို့လိုပါသည်။
လူတိုင်းလူတိုင်း၏မျက်နှာများ ပကတိအရိုးခံအတိုင်းရှိဖို့လိုပါသည်။ စိတ် အဆင့်အတန်းမမြင့်မားသမျှသောက်ရေခွက်များကြိုးချည်ထားကြရဦး မည်။ စိတ်အဆင့်အန်းမမြင့်မားသမျှ သံသယမျက်လုံးတွေနှင့် အကြည့် ခံရကြရဦးမည်။ အားလုံးစိတ် အဆင့်အတန်း မြင့်မားကြစေချင်ပါသည်။ လူအများနှင့်ထိတွေ့ ဆက်ဆံရသော အလုပ်ဟူသရွေ့ လူအများ တို့ထံမှ တုန့်ပြန်မှုအသံကို နားစွင့်နေဖို့လိုသည်။ မိမိတို့၏လုပ်ရပ်ကောင်း မကောင်း၊ သင့်၊ မသင့်၊ ပရိသတ်တို့၏အသံက အဆုံးအဖြတ်ပေးတတ် ကြသည်။ ပရိသတ် ဆိုသည်မှာလည်း လူများစုဖြစ်သည့်အတွက် အသံ အမျိုးမျိုးဖြစ်နိုင်သည်။ ကောင်းတာပြောသူရှိသလို ဆိုးတာပြောသူတွေ လည်း တစ်ပုံ တစ်ပင်ရှိတတ်ကြသည်။ သို့သော် သူတို့မှာပြောရေးဆို ခွင့်ရှိကြသည်။ ပိတ်ပင် တား၍မရ။ ဤသည်ပင် ဒီမိုကရေစီ၏ အနှစ် သာရပင်ဖြစ်၏။ မမျှော်လင့်ထားသော ဖြစ်စဉ်တို့သည် တစ်ခါတစ်ရံ ရုတ်ချည်းအား ဖြင့် ပေါ်ပေါက်လာ တတ်ကြသည်။
တစ်ခါတစ်ရံ မျှော်လင့်ချက်မဲ့နေပါ ပြီဟု လုံးဝဥဿုံယုံမှတ်ထားသော ကိစ္စတို့သည်လည်း မမျှော်လင့်ဘဲ မျှော်လင့်ချက်ရောင်ခြည်တို့ ယှက်သန်းလာ တတ်ကြသည်။ ''လောကထုံးစံ၊ လောကဓံကား၊ မကြံလည်းဖြစ်၊ ကြံလည်း နစ်၏'' ဟု မန်လည်ဆရာတော်က မိန့်ဆိုထား၏။ တစ်ဦးကိုတစ်ဦး မစေ့စပ်စတမ်း၊ အသိအမှတ်မပြုကြစတမ်း၊ တင်း မာစွာနေခဲ့ကြသူတို့၏ တဒင်္ဂအပြုံးကား ငြိမ်းချမ်းရေးကို စုံမက်မြတ်နိုး ကြသူတို့၏ နှလုံးအိမ်သို့ ဆွဲငင်သိမ်းကျုံးယူ ဆောင်ဖမ်းစား နိုင်ခဲ့ရသည်။ မည်သို့ဖြစ်စေ၊ သွေးနှင့်မျက်ရည်တို့ကမ္ဘာ့ဒေသတစ်ခုတွင် ချုပ်ငြိမ်း တော့မည့် အမှတ်လက္ခဏာပင်ဖြစ်၏။ လူသားအချင်းချင်း အမုန်းပွား စစ်မက် ဖက်ပြိုင်ခြင်း ကင်းခဲ့ကြခြင်း သည် အားလုံးသော သူတို့အတွက် ''မင်္ဂလာတစ်ပါးပင်ဖြစ်ပေသည်''ဟု ဆရာချစ်ဝင်းမောင်က 'အယ်ဒီတာ့စကား'စာအုပ်တွင်ရေးခဲ့သည်။ ကမ္ဘာ့ပုံရိပ်သည် နီတစ်ပါ ပြာတစ်လှည့်၊ ညိုတစ်ခါ မှောင်တစ် လှည့်၊ ရင့်တစ်ခါဖျော့ တစ်လှည့်ဖြင့် ခဏချင်းအရောင်အမျိုးမျိုးပြောင်း လဲတတ်သည်ကို သတိမူသင့်ကြပါသည်။

* ခေတ်သဘောသာမို့
   ဖြစ်မပြောသာဘု 
   စစ်ကြောပါလိုက်လျှင်။ 
* တန်ခိုးပြ 
   စိုးရကာ ကြိမ်မတော့၊ 
   သမ္ဘာရှိန်ဝင့်ကာ မောက်ကြပေသပေါ့ 
   ကြောက်စရာ့ပင်။ 
* ပြည်သဘောကိုလှ 
   မကြည်မောနိုင်တဲ့အင်
   ကိုယ်ထင်ရာလုပ်တမ်း။
* သည်အတိုင်းသာဖြင့်
   ပြည်တိုင်းမှာ ဆာပူလို့ 
   ညာသူသာ ဘုန်းရှိန်တောက်ပါလိမ့် 
   ကဲရောက်လျှင် အာဏာနှင့်နှိပ်မှာမို့ 
  ပဏ္ဍိတ်သူတော်စင်တို့ 
  ပွဲမဝင် သဲဘဝင်ထိတ်လို့ရယ် 
  နှုတ်ဆိတ်မည့်လမ်း။
ဤကဗျာသည် ယနေ့ခေတ်ပုံရိပ်ကို ဖော်ကျူးပြနေသည်ထင်၏။ ဂျာနယ်ကျော်ဦးချစ်မောင်၏ မျက်မှောက် အခြေအနေနှင့် အနာဂတ် ဖြစ်တည်မှုများကို ထင်ဟပ်စေသောအဖွဲ့ကဗျာဖြစ်သည်။ အလွန်ရိုးရှင်း ပီပြင် လှသည်။ ကျယ်ပြန့်သော ဉာဏ်အလင်း ရောင်ဖြင့် ဖြန့်ကျက်ပြ ထားသည်။ စာရေးသူ အလွန်နှစ်ခြိုက်သော ကဗျာဖြစ်သည်။ စာရေး သူတို့သည် စာရေးခြင်း၊ စာတည်းခြင်း၊ စာအုပ်ထုတ်ခြင်း ဖြင့် လောကအလှဆင် နေကြ သူများဖြစ်ကြသည်။ ပညာခြံရံသော ကရုဏာဖြင့် လူတို့၏သောကကို ဖြေဖျောက်ပေး နေကြသူများဖြစ်ကြ သည်။ ငြိမ်းချမ်းရေးလိုလားစိတ်ဖြင့် မငြိမ်းချမ်းမှုများပပျောက်အောင် စွမ်းဆောင်နေကြ သူများဖြစ်ကြ သည်။ သို့သော် မျှော်လင့်သလောက် ခရီးမရောက်ကြသေးပါ။ ရောင်နီတော့ ဖြာဆင်းစပြုနေပါပြီ။ ထိန်ထိန် လင်းအောင်အားတင်းရပါဦးမည်။ စာအုတ်ထုတ်ခြင်း၊ ဂျာနယ်မဂ္ဂဇင်း၊ သတင်းစာ ထုတ်ခြင်းနှင့်ပတ် သက်၍ နယူးစ်ဝိခ်သတင်း မဂ္ဂဇင်းကြီးက အောက်ပါ အတိုင်းဖော်ပြထား ကြောင်း ဆရာမောင်ဝံသက ''ရှာမှရှားတဲ့ နိုင်ငံရေးသမားနှင့် နိုင်ငံရေး ဆောင်းပါး များ''စာအုပ်တွင်တင်ပြထားသည်။
၁။ အမြတ်ရချင်လို့ (Profit) 
၂။ ဝါဒဖြန့်ချင်လို့ (Propaganda)
၃။ နိုင်ငံရေးသြဇာထူထောင်ချင်လို့ (Political influence)
၎။ ဂုဏ်သိက္ခာထူထောင်ချင်လို့ (Prestige) 
၅။ အများပြည်သူကို အလုပ်အကျွေးပြုချင်လို့ (Public Service) ဆိုတဲ့အချက်တွေဖြစ်သည်။
စစ်မှန်သောစာပေသမားနှင့် ဂျာနယ်လစ်များ၊ ထုတ်ဝေသူများ သည် အများအားဖြင့် အများပြည်သူကို အလုပ်အကျွေးပြုချင်လို့ ရေး နေကြ၊ တည်းဖြတ်နေကြ၊ ထုတ်ဝေနေကြခြင်းဖြစ်သည်ဟုပြောလိုပါသည်။ စာရေးသူနှင့်စာဖတ်သူအကြား ပေါင်းကူးပေးသူကို အယ်ဒီတာဟု ခေါ်သင့်ပါသည်။
''အယ်ဒီတာ ဆိုတာ အကုန်နှံ့စပ်ရတယ်။ လွှတ်တော် ထဲမှာရှိနေတဲ့ဝန်ကြီးတွေထက် အုပ်ချုပ်မှုကို နားလည်ရင် ပိုကောင်းတယ်။ တိုင်းပြည်ကောင်းရာ ကောင်းကြောင်း ဖြစ်အောင် တိုင်းပြည်အပေါ်မှာ ပြည်သူဘက်ကနေပြီး အမှား အမှန်လမ်း မှန်ညွှန်ပြနေရ တဲ့အယ်ဒီတာ ဟာ သူတို့ထက် အရည်အချင်း ညံ့လို့မဖြစ်နိုင်ဘူး''ဟု ဂျာနယ်ကျော်ဦး ချစ်မောင်က အယ်ဒီတာ အရည်အချင်းကို ညွှန်းဆိုခဲ့သည်။ အယ်ဒီတာ အလုပ်သည် ဉာဏ်ပညာကြီး ကျယ်ရုံမျှဖြင့် မပြီးသေး။ သတ္တိရှိဖို့လည်း လိုသည်။ ရဲရင့်စွာလျှင်လျှင်မြန်မြန် ဆုံးဖြတ်တတ်ရသည်။ ပြစ်တင်ရှုတ်ချ၊ ကဲ့ရဲ့မှုဒဏ်ကိုလည်း ခံနိုင်ရည်ရှိရသည်။ ''အယ်ဒီတာသည် (၁) စာရေး တတ်ရမည်။ (၂) စာသွေးတတ်ရ မည်''ဟု ဆရာတင်လင်းဇော်ကပြောဖူးသည်။ ယင်းသုံးသပ်ချက် အနက် စာရွေးတတ်ဖို့လည်း လွန်စွာအရေးကြီးသည်။ စာရွေးတတ်ရန် စာနှံ့စပ် ဖို့လိုသည်။ ရှေ့နောက် မျှော်ခေါ်ကြည့် တတ်ရမည်။ 
* စာကိုမရွေး 
  လူကိုရွေးသည် 
  သေးနှုတ်နှုံချာ အယ်ဒီတာ။ 
* လူကိုမရွေး 
   စာကိုရွေးသည် 
   လေးစားထိုက်စွာ အယ်ဒီတာ''ဟု မောင်သင်းဝေက ကဗျာရေး ဖူးသည်။
စာရေးသူသည် အယ်ဒီတာအလုပ်ကို လစဉ်ထုတ်မဂ္ဂဇင်းနှင့် အ ထိမ်းအမှတ်မဂ္ဂဇင်း တို့တွင် အနည်းငယ်မျှ လုပ်ဖူးသည်။ ကိုယ်တိုင်ထုတ် ဝေသော စာအုပ်များ(၂၅)အုပ်ရှိသကဲ့သို့ သူတစ်ပါးရေးသော စာအုပ် များကို တည်းဖြတ်ကာ အမှာစာရေး ပေးသော စာအုပ်များလည်း နှစ် ဆယ်ကျော်ခဲ့လေပြီ။ ထို့ကြောင့် အယ်ဒီတာ သဘောကိုနားလည်နေ သည်။ စာရေးသူအကြောင်းကိုမသိသော၊ ကိုယ့်ကိုယ်ကို အထင်မကြီး သော၊ နာမည် အသင့်အတင့် ရှိသော စာရေးဆရာတစ်ဦးက သူ့စာကို စာတည်းဖြတ်ရပါမည်လားဟုစိတ်ဆိုးကာ ''စာပေလောကကိုဝင်မယ် ဆိုရင် သတိထားပါ''ဟု သြဝါဒြွေခဖူးသည်။ ကြောင်းကျိုးဆက်စပ်ရှင်း ပြတော့လည်း ကျေနပ်သွားဟန်ရှိပါ၏။ သတင်းစာဖတ်သူများ ထံမှ သတင်းစာနှင့်ပတ်သက်၍ မည်သည့်ထင်မြင်ချက်ကိုမှ မကြားရခြင်း သည်ပင်လျှင် ထိုသတင်းစာကို အထူးခြားဆုံး၊ အမြင့်မြတ်ဆုံးသော(ဝါ) ထူးထူးခြားခြား ချီးကျူးသမှုကိုပြုကြခြင်း ပင်ဖြစ်တော့သည်ဟု အယ်ဒီ တာတိုင်းက ယူဆကြသည်။ သတင်းစာဖတ်သူသည် သတင်းစာတွင်ပါသော အယ်ဒီတာ့မှတ် ချက်နှင့် အရေးအသားများကို နှစ်ခြိုက်သဘောကျသည်ဖြစ်အံ့။
ထိုသူ သည် တစ်စုံတစ်ခုသောထင်မြင်မှုကိုမှမပြုဘဲဆိတ်ဆိတ်နေသည်သာ လျှင်ဖြစ်တော့၏။ သို့သော် အယ်ဒီတာ ၏အချိန်မီအပူတပြင်း ထင်မြင်ရေးသားချက် များနှင့်ပတ်သက်၍ အနည်းငယ်မျှကလေးကိုဖြစ်စေ၊ တစ်ကြောင်းတစ် စက်ကလေးကိုဖြစ်စေ ၎င်းတို့၏စိတ်ကြိုက်နှင့်မတွေ့သည်ဖြစ်အံ့။ ထို အယ်ဒီတာမှာ (မင်များဖြင့် အပက်ခံရသကဲ့သို့) မင်အိုးနှင့်ဝိုင်းပေါက် ကြမည့် ဆဲစာ၊ အပြစ်တင်စာများဖြင့် ချက်ချင်း လက်ငင်းကြုံတွေ့ရတော့ မည်သာဖြစ်သည်ကို အသင့်ပြင်နေရပေမည်။ ယင်းသည် အယ်ဒီတာတိုင်းကြုံတွေ့ရတတ်သည့် သတိရှိထားရ မည့်အချက် ပင်ဖြစ်သည်။ ဂျာနယ်ကျော်ဦးချစ်မောင်၏ ဘဝအတွေ့ အကြုံအရ အကြံပြုချက်များ ပင်ဖြစ်သည်။ သတင်းစာဟုဆိုသော်လည်း ဂျာနယ်၊ မဂ္ဂဇင်း၊ လုံးချင်းများပင် ပါဝင်ပါသည်။ စာဖတ်ပရိသတ်ကို အသိထူး၊ အမြင်ထူး၊ အရသာ ထူးများကိုပေး လိုသောစိတ်သည် အယ်ဒီတာ တိုင်းမှာရှိသည်။ မဖြစ်မနေထည့်ပေးရ မည့်ပုဂ္ဂိုလ်ဖြစ်နေလျှင် မျက်နှာမထောက်ဘဲ စာကိုကောင်းအောင် အပင်ပန်းခံ ကာတည်းဖြတ်ဖြည့်စွက် ထည့်ပေး လိုက်ရသည်။ တစ်ခါတစ်ရံ ၌ ပြင်ဆင်တည်းဖြတ်ဖို့အချိန်မရလျှင် သူငယ်ချင်း ပင်ဖြစ်နေသော် လည်း စာညံ့နေပါက မျက်နှာပူမိတ်ပျက်ခံကာ မငဲ့မကွက်ပယ်ချခံရ သည်လည်းရှိပါသည်။ မည်သို့ပင်ဖြစ်စေ၊ အယ်ဒီတာ များသည် စာရေးသူနှင့်စာဖတ်သူ ကြား ပေါင်းကူး တံတားများဖြစ်သည်။ သံကန့်လန့်ကာနောက်ကွယ်က စွမ်းဆောင်နေကြရ သူများဖြစ်သည်ဟု အယ်ဒီတာများကို ဂုဏ်ပြုလိုက် ရပါသည်။
ရိုးရာလေး

No comments:

Post a Comment