မိကျောင်းကန်သပိတ်ဟု ပြောလိုက်လျှင် ပြည်သူအတော်များများ သိမ်းဆည်းထားသော မြေများပြန်လည်ရရှိရေးအတွက် မြေမဲ့ယာမဲ့ အိုးအိမ်မဲ့များမှ ဆန္ဒပြတောင်းဆိုနေသည်ဟု ထင်မှတ်လက်ခံနေကြပါသည်။ လမ်းသွားလမ်းလာပြည်သူများက သပိတ်စခန်းက သက်ကြီးရွယ်အို အဘွားအိုများကို ကြည့်ရင်းသနားစိတ်ဖြင့် ဝေဖန်မှုအမျိုးမျိုး ပြုလုပ်သွားကြသည်။ ရန်ကုန်မြို့ ဆူးလေဘုရားအနီး ဗန္ဓုလပန်းခြံရှေ့တွင် မိကျောင်းကန်သပိတ်စခန်းမှ ဆန္ဒပြနေသူများကို တွေ့မြင်နေရပြန် ပါသည်။ သို့ဆိုလျှင် မိကျောင်းကန်သပိတ်စခန်းသည် လနှင့်ချီကာ ကြာခဲ့ပြီဖြစ်၏။ မကြာခဏ ဆန္ဒပြနေသော သပိတ် စခန်းမှ မြေယာမဲ့များသည် ယခုဆိုလျှင် တတိယအကြိမ်မြောက် ဆန္ဒပြနေကြခြင်းဖြစ်ကြောင်း သိရပါသည်။
မိကျောင်းကန်သပိတ်ကို ပထမအကြိမ်အဖြစ် ၂၀၁၃ ခုနှစ် အောက်တိုဘာ ၂ ရက်နေ့မှ ၇ ရက်နေ့အထိ ၅ ရက်ကြာ သပိတ်စခန်းအဖြစ်လည်းကောင်း၊ ဒုတိယအကြိမ်အဖြစ် ၂၀၁၃ ခုနှစ် နိုဝင်ဘာ ၂၆ ရက်နေ့မှ ဒီဇင်ဘာ ၈ ရက်နေ့အထိ ၁၂ ရက်ကြာ သပိတ်စခန်းအဖြစ်လည်းကောင်း၊ တတိယအကြိမ်အဖြစ် ၂၀၁၄ ခုနှစ် မတ်လ ၂၄ ရက်နေ့မှ ယနေ့အချိန်ထိ ၅ လကျော်ကြာ သပိတ်စခန်းအဖြစ် ဖွင့်လှစ်ကာ ဆန္ဒပြတောင်းဆိုမှုများ ပြုလုပ်နေဆဲဖြစ်ပါသည်။ တောင်းနေသူက အကြိမ်ကြိမ်တောင်းနေပေမယ့် ပေးမယ့်သူက မပေးဘဲနေခြင်းဟာ အကြောင်းတစ်ခုခုကြောင့် ဖြစ်လိမ့်မည်ဟု ထင်မြင် ယူဆမိပါသည်။ ထို့ကြောင့် မိကျောင်းကန်သပိတ်စခန်းနောက်ကွယ်က အဖြစ်မှန်များကို စိတ်ဝင်တစားလေ့လာစုံစမ်းပြီး ပြန်လည်မျှဝေရန် စိတ်အားထက်သန်လာခဲ့ပါသည်။အဖြစ်မှန်ကတော့ သင်္ကန်းကျွန်းမြို့နယ်၊ မိကျောင်းကန်ရပ်ကွက် အပိုင်း (၁၊၂၊၃) မြေနေရာကို သိမ်းဆည်းမှုနှင့် ပတ်သက်ပြီး အပိုင်း (၂) ပိုင်း ခွဲပြီးပြောမှသာ ဇာတ်ရေလည်မည်ဖြစ်ပါသည်။ ၎င်း မြေနေရာသည် စုစုပေါင်း ဧရိယာ ၃၅.၈၅၅ ဧကရှီပြီး ၁၉၉၁ ခုနှစ်တွင် တစ်ကြိမ်၊ ၂၀၁၃ ခုနှစ်တွင် တစ်ကြိမ် သိမ်းဆည်းမြေနေရာများအစားလျော်ကြေး အနေဖြင့် မြေကွက်များ ပြန်လည်ပေးခဲ့ပြီးဖြစ်ကြောင်း အထောက်အထားမှတ်တမ်းများအရ သိရပါသည်။
၁၉၉၁ ခုနှစ်တွင် န.၀.တ အစိုးရလက်ထက်၌ ၎င်းမြေများအား ပထမအကြိမ်အဖြစ် ၃၁.၇၆၂ ဧကနှင့် ဒုတိယအကြိမ်အဖြစ် ၁.၁၄၃ ဧက သိမ်းယူခဲ့သည်မှန်သော်လည်း မီးရထားပိုင်မြေ ၂၉ ဧက၊ လမ်းနယ် ၂ ဧက၊ နိုင်ငံခြားသားပိုင် ၀.၆ ဧက၊ ပုဂ္ဂလိကပိုင် ၀.၂ ဧက ပါဝင်ကြောင်း မှတ်တမ်းများအရ သိရပါသည်။ ထို့နောက် ၁၉၉၂ ခုနှစ်အရောက်မှာတော့ မီးရထား ၀န်ကြီးဌာနနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနတို့မှ တပ်မတော်သို့ လွှဲပြောင်းပေးခဲ့ပါသည်။
ထိုအချိန်ကာလက မိချောင်းကန်ရပ်ကွက်တွင် မူလနေထိုင်သူ အိမ်ထောင်စု ၈၃၅ စုရှိခဲ့ပြီး ဒဂုံ၊ လှိုင်သာယာ၊ ရွှေပြည်သာ တို့တွင် ပေ ၂၀ x ၆၀ ၊ ပေ ၄၀ x ၆၀ မြေကွက် ၈၃၅ ကွက်ပေးလျော်ခဲ့ပြီးဖြစ်ကြောင်း လက်ရှိနေထိုင်လျက်ရှိသော ဒဂုံမြို့ နယ်မှ မြို့ခံများထံမှ သိရပါသည်။ ပြောင်းရွှေ့ရေးအတွက် တပ်မတော်မှ စစ်သုံးထရပ်ကားများဖြင့်လိုက်ပါပို့ဆောင်ပေးခဲ့ ကြောင်း၊ ရွှေပြည်သာသို့ ပြောင်းရွှေ့နေထိုင်ခဲ့သူတစ်ဦးက ကိုယ်တွေ့ဖြစ်ရပ်ကို ပြောပြသည်။
နောက်တစ်ပိုင်းကတော့ တပ်ပိုင်မြေဖြစ်ပြီးသား မိချောင်းကန်ရပ်ကွက်မှာ တပ်မတော်မှတ်တမ်းရုံးမှ သက်သာချောင်ချိရေး အတွက် စိုက်ပျိုးမွေးမြူရေးလုပ်ရန် အလုပ်သမားမိသားစုများကို ငှားရမ်းပြီး နေထိုင်ခွင့်ပြုခဲ့ခြင်း ဖြစ်ပါသည်။ ၎င်းမြေနေရာ တွင် အလုပ်သမားမိသားစုများနှင့်အတူ မြေယာပိုင်ဆိုင်မှုမရှိသော ကျူးကျော်မိသားစုများ လာရောက်နေထိုင်လာကြရာ ၂၀၁၃ ခုနှစ်တွင် ကျူးကျော်နေထိုင်သူ ၂၁၂ ဦးရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။
ယင်းကျူးကျော်များအတွက် ၂၀၁၃ ခုနှစ် ဇွန်လတွင် ဒဂုံမြို့သစ် အရှေ့ပိုင်း၌ ၂၀ x ၆၀ မြေကွက်ပေါင်း ၁၈၉ ကွက်နေရာချထားပေး ခဲ့ပြီး ဖြစ်ပါသည်။ ထိုကဲ့သို့မြေအလျော်ပေးထားခဲ့ပေမယ့် ၁၉၉၂ ခုနှစ်က လျော်ကြေးမြေရသူများက မူလမြေများပြန်ရရေးဆိုပြီး သပိတ်စခန်း ဖွင့်ကာ ဆန္ဒပြနေကြခြင်းဖြစ်ကြောင်း ပေါ်လွင်ခဲ့ပါသည်။ ထိုသပိတ်စခန်းကို ဦးစိန်သန်းမှ ဦးဆောင်ပြီး စတင်ဆန္ဒပြစဉ်က ၃၅၇ ဦး ရှိပေမယ့် ယခုအခါ ၆၀ ဦးခန့်သာကျန်တော့ကြောင်း သိရပါသည်။ မူလကနဦး ဆန္ဒပြသူများထဲတွင် ၁၉၉၂ ခုနှစ်က မြေယာ လျော်ကြေးရရှိပြီးသူ ၇၈ ဦး၊ မြေ၀ယ်ထားသူ ၈၅ ဦးနှင့် မြေကွက်နှင့်မသက်ဆိုင်သူ ၁၉၄ ဦး ပါဝင်ခဲ့ကြောင်း ဆန္ဒပြစာရင်းများအရ သိရှိရပါသည်။ အဲဒီသပိတ်ကို ဦးဆောင်နေတဲ့ ဦးစိန်သန်းသည်လည်း ဇနီးဖြစ်သူ ဒေါ်အုန်းမြင့် အမည်ပေါက် ၄၀ x ၆၀ မြေတစ်ကွက်ကို ၁၉၉၂ ခုနှစ်က ရရှိခဲ့ပြီး ဖြစ်ပါသည်။ လက်ရှိမြေကွက်သည် ကာလပေါက်ဈေး သိန်း ၆၀၀ နှင့် ၈၀၀ ကြားရှိနေပြီဖြစ်ပါသည်။ လျော်ကြေးမြေကွက်ရရှိထားပါလျက် ဦးစိန်သန်းက ၁၉၉၁ ခုနှစ် မြေသိမ်းမှု အတွက် လျော်ကြေးငွေ ရရှိရေး တောင်းဆိုနေခြင်းက ယိုသူမရှက် မြင်သူရှက်ရ မယ့် အောက်တန်းစား လုပ်ရပ်မျိုး ဖြစ်နေပါ သည်။
မိကျောင်းကန် သပိတ်နှင့် ပတ်သက်ပြီး ရန်ကုန်တိုင်း အစိုးရအဖွဲ့၊ လယ်ယာမြေ စုံစမ်းစစ်ဆေးရေး ကော်မရှင်၊ တပ်စည်ပင်၊ နယ်/လုံဝန်ကြီး ၊ ဦးအောင်သိန်းလင်းနှင့် ဦးသိန်းညွှန့်တို့ပါဝင်သော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် မိကျောင်းကန်မြေကိစ္စများအား ဖြေရှင်းပေးနေသည်မှာ ရက်ပေါင်းများစွာကြာမြင့်နေပြီဖြစ်သော်လည်း မြေကွက်ရပြီးသား ဦးစိန်သန်းလို လူမျိုးများပါဝင်ကန့်လန့်တိုက်နေမှုကြောင့် မပြေလည်နိုင်သေးပေ။ အခြေခံလူတန်းစား မြေယာမဲ့များဟု ကင်ပွန်းတပ်ကာ သပိတ်စခန်းမှာ ဆန္ဒပြနေကြသော်လည်း အလှူရှင်အမည်တပ်ပြီး မလှူဘဲ စားစရာသောက်စရာများ၊ ၀တ်စရာ အရောင်တူ တီရှပ်များကို ကားနဲ့လာပို့ပေးနေတာကတော့ အံ့အားသင့်စရာ ဖြစ်နေပါသည်။ နောက်ကွယ်မှ အဖွဲ့အစည်းတစ်ခုခုက ကြိုးကိုင်ပြီး ထောက်ပံ့ပေးနေသည်ဟု သတင်းများလည်း ထွက်ပေါ်လာပါသည်။
အချုပ်အားဖြင့် ပြောရသော် သပိတ်စခန်းတွင် သက်ကြီးရွယ်အိုများအား ဆန္ဒပြခိုင်းကာ ကြိုးကိုင်နေသူများက လိုချင်သော ငွေကြေးပမာဏရရေး ဦးတည်တောင်းဆိုနေကြောင်း ပေါ်လွင်နေသလို မိချောင်းကန်အရေးအား သံသယဖြစ်စရာ တောင်းဆိုမှုများကြောင့် စိတ်ဝင်စားမှုနည်းလာသည်ကို တွေ့ရပါသည်။ ထို့ကြောင့် ဦးစိန်သန်း ဦးဆောင်နေသော မိကျောင်းကန် အတုအယောင် သပိတ်အဖွဲ့များအနေဖြင့် လောဘဇောတက်ပြီး မဖြစ်နိုင်တာကို တောင်းဆိုနေသော လုပ်ရပ်များကို ရပ်တန်းက ရပ်သင့်ပြီဖြစ်ပါကြောင်း တိုက်တွန်းအပ်ပါသည်။
ကောင်းထိုက်စံ
No comments:
Post a Comment