Saturday, August 23, 2014

တည်းခိုနေသူကိုသတ်ကာ အလောင်းဖျောက်ခဲ့သည့်ဖြစ်စဉ်မှ ကျူးလွန်သူများအား အနောက်ပိုင်းခရိုင် တရားရုံးတွင် ပုဒ်မသုံးခုဖြင့် တရားစွဲဆို

ကြည့်မြင်တိုင်မြို့နယ်ရှိ “စိတ်ကူးသစ်” တည်းခိုခန်းအတွင်း လာရောက်တည်းခိုသူက အော်ဟစ်ဆူပူခဲ့ဖြင့် တည်းခိုခန်းမန်နေဂျာက
သွားရောက်တားမြစ်စဉ် စကားများရာမှယင်းမန်နေဂျာက ဓားဖြင့်ထိုးသတ်ကာဝန်ထမ်းများနှင့် အင်းလျားကန်အတွင်း
အလောင်းဖျောက်ခဲ့သည့်ဖြစ်စဉ်မှ ကျူးလွန်သူများအား ပုဒ်မသုံးခုဖြင့် အနောက်ပိုင်းခရိုင် တရားရုံးတွင် သြဂုတ် ၂၂ ရက်က တရားစွဲဆို တင်ပို့ခဲ့ကြောင်း သက်ဆိုင်ရာတရားရုံးမှ စုံစမ်းသိရသည်။၎င်းတို့အား စွဲဆိုသော ပုဒ်မများမှာ လူသတ်အလောင်းဖျောက်သည့်ပုဒ်မများ ဖြစ်ကြသော ပုဒ်မ ၃၀၂/၂၀၁/၁၁၄ တို့ဖြင့် ကျူးလွန်သူများဖြစ်ကြသော စိတ်ကူးသစ်တည်းခိုခန်း မန်နေဂျာဖြစ်သူ ဦးမောင်မောင်၊ ၀န်ထမ်းများဖြစ်သော ကျော်မင်းဦး၊ ကျော်ခန့်၊ ဇော်ဖြိုးအောင်နှင့် တည်းခိုခန်းပိုင်ရှင်ဖြစ်သူ ဦးဌေးလှိုင်တို့အား တရားစွဲဆိုတင်ပို့ခဲ့ခြင်းဖြစ်သည်။
“ဒီအမှုမှာ ကျူးလွန်ခဲ့ကြတဲ့ တည်းခိုခန်းမန်နေဂျာပါ ငါးဦးကို ကျွန်တော်တို့ ဒီနေ့အနောက်ပိုင်းခရိုင် တရားရုံးမှာ လူသတ်အလောင်းဖျောက်တဲ့ ပုဒ်မတွေဖြစ်တဲ့ ပုဒ်မ ၃၀၂/၂၀၁/၁၁၄ နဲ့ တရားစွဲဆို တင်ပို့ခဲ့ပါတယ်” ဟု ကြည့်မြင်တိုင်မြို့မရဲစခန်းမှ စခန်းမှူးဖြစ်သူ ဒုရဲမှူးတိုးရွှေက သြဂုတ် ၂၂ ရက် မွန်းလွဲပိုင်းတွင် ပြောကြားသည်။

 ဖြစ်စဉ်မှာ လှိုင်မြို့နယ်နေ ကို....သည် ဇူလိုင် ၂၀ ရက် ည ၉ နာရီ ၂၀ မိနစ်ခန့်တွင် “စိတ်ကူးသစ်” တည်းခိုခန်းသို့ လာရောက်တည်းခိုသဖြင့် အခန်းအမှတ်(၁၀၅)တွင် နေရာချထားပေးခဲ့ကြောင်း၊ ဇူလိုင် ၂၁ ရက် ည ၁၀ နာရီခန့်တွင် ကို......မှ အခန်းတံခါးအားထုကာ အော်ဟစ်ဆူညံနေသဖြင့် ယင်းတည်းခိုခန်း မန်နေဂျာဖြစ်သူ ဦးမောင်မောင်က အခန်းအတွင်းဝင်ရောက်ကာ ဟန့်တားပြောဆိုခဲ့ကြောင်း သိရသည်။
ယင်းသို့တားမြစ်စဉ် နှစ်ဦးစကားများခဲ့ကြပြီး အပြန်အလှန် ထိုးကြိတ်မှုဖြစ်ပွားကာ ခုတင်ခြေရင်းတွင်တွေ့ရှိသည့် စတီးဓားဖြင့် ကို.....၏ ၀မ်းဗိုက်နှင့် လည်ပင်းတို့အား ထိုးသတ်ခဲ့ခြင်းဖြစ်ကြောင်း ရဲတာဝန်ရှိသူများ စစ်ဆေးချက်များအရ သိရသည်။
ယင်းနောက်တွင် ဦးမောင်မောင်သည် တည်းခိုခန်းပိုင်ရှင်ဖြစ်သူ ဦးဌေးလှိုင်နှင့် တိုင်ပင်ကာ တည်းခိုခန်းမှ ၀န်ထမ်းများဖြစ်သော ကျော်မင်းဦး၊ ကျော်ခန့်၊ ဇော်ဖြိုးအောင်တို့နှင့်အတူ အလောင်းအား အင်းလျားကန်အတွင်းပစ်ချကာ ဖျောက်ဖျက်ခဲ့သည် ထပ်မံစစ်ဆေး ပေါ်ပေါက်ခဲ့ကြောင်း သိရသည်။
ယင်းဖြစ်စဉ်မှ ကျူးလွန်သူများ တရားစွဲဆို တင်ပို့ခဲ့ပြီးနောက် ခရိုင်တရားသူကြီးက ၎င်းတို့အား ရုံးထုတ်စစ်ဆေးရန် စက်တင်ဘာ ၄ ရက်သို့ ရုံးချိန်းပြန်လည် ချိန်းဆိုခဲ့ကြောင်း အနောက်ပိုင်းခရိုင် တရားရုံးမှ စုံစမ်းသိရှိရသည်။
Eleven Media Group

No comments:

Post a Comment