Friday, August 15, 2014

နိုင်ငံခြား ရုပ်ရှင်ဓာတ်ပြား ပိတ်ပင်မထားပါနဲ့တော့

ပြီးခဲ့တဲ့ ဇူလိုင် ၃၀ ရက်က ပုဇွန်တောင်မြို့နယ်ထဲမှာ တရားမ၀င်ဗီဒီယိုဓာတ်ပြားတွေ ခိုးကူးထုတ်လုပ်နေတဲ့ လုပ်ငန်းကနေ ခွေကူးစက် (၁၀) စုံနဲ့ ဆင်ဆာမဲ့ နိုင်ငံခြားရုပ်ရှင် ဓာတ်ပြား လေးသောင်းနီးပါး ဖမ်းဆီးရမိခဲ့တယ်လို့ နေ့စဉ်ထုတ်သတင်းစာနဲ့ ဂျာနယ်တွေက ရေးသားဖော်ပြပါတယ်။ တစ်ချိန်တည်းမှာ အဲဒီလိုနေရာမျိုးက ခိုးကူး ထုတ်လုပ်လိုက်တဲ့ တရားမ၀င်ဘူးဆိုတဲ့ ဓာတ်ပြားတွေကိုလည်း လက်ညှိုးထိုးမလွဲ၊ နေရာအနှံ့ နိုင်ငံအနှံ့ ရောင်းချနေတာ တွေ့ကြရမှာဖြစ်ပါတယ်။ ပြည်သူတွေကလည်း အဲဒီတရားမ၀င်ပါဘူးလို့ဆိုတဲ့ လမ်းဘေးဓာတ်ပြားဆိုင်က ရုပ်ရှင်ဇာတ်ကား ဓာတ်ပြားတွေကိုပဲ ၀ယ်ယူအားပေး ကြည့်ရှုနေကြရပါတယ်။ ဒါပြဿနာတစ်ခုပါ။ အစိုးရက ဖြေရှင်းပေးဖို့လိုတဲ့ ပြဿနာပါ။ ဒီကနေ့ လမ်းဘေးက ဓာတ်ပြားတွေအကြောင်း ဆွေးနွေးကြည့်ကြရအောင်ပါ။
လမ်းဘေး ဒီဗီဒီဓာတ်ပြားတွေနဲ့ ပတ်သက်ရင် အကြမ်းဖျင်းအားဖြင့် အမျိုးအစား သုံးမျိုးလောက် ခွဲပြောဖို့ လိုပါလိမ့်မယ်။ မြန်မာရုပ်ရှင်ဇာတ်ကား ဓာတ်ပြားတွေ၊ တေးသီချင်း ဓာတ်ပြားတွေ၊ ကာရာအိုကေ သီချင်းဆိုတဲ့ ဓာတ်ပြားတွေက အုပ်စုတစ်ခု ဖြစ်ပါတယ်။ နောက်တစ်ခုကတော့ နိုင်ငံခြားရုပ်ရှင်ဇာတ်ကား ဒီဗီဒီဓာတ်ပြားတွေ ဖြစ်ပြီး နောက်ဆုံးတစ်မျိုးကတော့ ညစ်ညမ်းဓာတ်ပြားနဲ့ ကြည့်ရှုဖို့ မသင့်တော်တဲ့ ဓာတ်ပြားမျိုးစုံ ဖြစ်ပါတယ်။

တကယ်တော့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးလို၊ ဗီဒီယိုအခြေခံအစည်းအရုံးလိုအဖွဲ့တွေ ကြပ်ကြပ်မတ်မတ် အရေးယူဖို့ ကြိုးစားသင့်တာဟာ မြန်မာရုပ်ရှင်၊ တေးဂီတနဲ့ ကာရာအိုကေ ခိုးကူးဓာတ်ပြားတွေကိုပါ။ ရုပ်ရှင်သမားတွေ၊ အဆိုတော်တွေ၊ တေးဂီတပညာရှင်တွေ၊ ထုတ်လုပ်သူတွေ ဉာဏ်အား ငွေအား အများကြီးစိုက်ထုတ်လုပ်ကိုင်ထားတဲ့ အဲဒီဇာတ်ကား၊ တေးသီချင်းတွေကို အလွယ်တကူ ခိုးကူးခိုးရောင်းနေကြလို့ပါ။ အဲဒီလို ခိုးကူးတွေ သောင်းကျန်းလွန်းလို့ မြန်မာ့ တေးဂီတလောကဆိုရင် နာလန်တောင် မထူနိုင်ဘူးလို့ အနုပညာသည်တွေ၊ ထုတ်လုပ်သူတွေ ညည်းညူသည်အထိ ဖြစ်ခဲ့ပါတယ်။ ဒီအတွက် မြန်မာ့ရုပ်ရှင်နဲ့ ဂီတခိုးကူးကိစ္စ လျော့နည်း ပပျောက်သွားသည်အထိ စနစ်တကျ ကိုင်တွယ်သင့်ပါတယ်။

အိမ်နီးချင်း ထိုင်းနိုင်ငံ၊ မလေးရှား၊ အင်ဒိုနီးရှားမှာလည်း ဒီလိုပါပဲ။ နိုင်ငံတကာ ရုပ်ရှင်ဇတ်ကား ခိုးကူးဓာတ်ပြားတွေကို လမ်းဘေးတွေမှာ အလွယ်တကူဝယ်ယူနိုင်ပေမယ့် သူတို့နိုင်ငံတွေက ထုတ်လုပ်တဲ့ ရုပ်ရှင်ဇာတ်ကားတွေ၊ တေးသီချင်းတွေကိုတော့ ခိုးကူးဈေးကွက်မှာ တွေ့ရဖို့ အတော်ခဲယဉ်းပါတယ်။

ဖမ်းဆီးမိရင် ငွေဒဏ်များများစားစား ချမှတ်အရေးယူလို့ ဖြစ်ပါတယ်။ ညစ်ညမ်းဓာတ်ပြားတွေ၊ ကြည့်ရှုဖို့ မသင့်တော်တဲ့ ရက်စက်မှုတွေပါတဲ့ မှတ်တမ်းဓာတ်ပြားတွေလိုမျိုးကိုတော့ ဘယ်နိုင်ငံမှာမဆို ဥပဒေနဲ့ တားမြစ်ပိတ်ပင်ထားလေ့ ရှိပါတယ်။ ဒီအတွက် မြန်မာနိုင်ငံမှာလည်း အဲလို ညစ်ညမ်းဓာတ်ပြားတွေကို ထိထိရောက်ရောက် ကိုင်တွယ်အရေးယူဖို့ လိုပါတယ်။

နိုင်ငံခြားရုပ်ရှင် ခိုးကူးဓာတ်ပြားကိစ္စကတော့ မြန်မာနိုင်ငံမှာ ထူးဆန်းနေပါတယ်။ အစိုးရဟာ နိုင်ငံခြား ရုပ်ရှင်တွေကို ရုံတင်ပြသဖို့ ခွင့်ပြုတာရှိပြီး ပြည်တွင်းမှာ ဓာတ်ပြားအဖြစ် တရားဝင်ဖြန့်ဖြူးတာမျိုး ခွင့်ပြုထားတာ မရှိသေးပါဘူး။ အရင်စစ် အစိုးရခေတ်တုန်းကဆို လောဘသမား မြန်မာဗီဒီယိုထုတ်လုပ်သူတွေဟာ နိုင်ငံခြားရုပ်ရှင်ဇာတ်ကား ဓာတ်ပြားတွေ ပြည်တွင်းမှာ ၀ယ်ယူကြည့်ရှုနိုင်တဲ့အတွက် သူတို့ ဇာတ်ကားတွေကို အားပေးသူမရှိ ဖြစ်ရတယ်။ ဒါကြောင့် နိုင်ငံခြားရုပ်ရှင်ဇာတ်ကား ဓာတ်ပြားတွေ တရားဝင် ဖြန့်ဖြူးမှာကိုလည်း ခွင့်မပြုနဲ့၊ ခိုးကူးတွေကိုလည်း ခပ်ကြမ်းကြမ်းလေး ဖမ်းပါဆိုပြီး အာဏာပိုင်တွေကို တောင်းဆိုခဲ့ဖူးပါတယ်။ အဲလို တောင်းဆိုချက်ကြောင့် အာဏာပိုင်တွေက လမ်းဘေးဆိုင်တွေပါမကျန် ခပ်ကြမ်းကြမ်း ဖမ်းဆီးအရေးယူလိုက်တဲ့အခါ ဓာတ်ပြားရောင်းသူ အတော်များများ အလုပ်လက်မဲ့ ဖြစ်ကုန်ပြီး ပြည်သူတွေလည်း နိုင်ငံခြားရုပ်ရှင်ဓာတ်ပြားတွေကို မကြည့်ရတော့ပါဘူး။ နာမည်ကြီး ဒါရိုက်တာတချို့ကတော့ သူတို့အနေနဲ့ နိုင်ငံခြားရုပ်ရှင်ဇာတ်ကားတွေကို မကြည့်ရရင် သူတို့အနုပညာဖန်တီး ထုတ်လုပ်ရာမှာ ဗဟုသုတနည်းသွားမယ်၊ မျက်စေ့ပိတ်နားပိတ် ဖြစ်သွားမယ်၊ အားနည်းသွားမယ်။ သူတို့ကိုတော့ နိုင်ငံခြားရုပ်ရှင်ဓာတ်ပြားတွေ သီးသန့်ကြည့်ရှုနိုင်အောင် ခွင့်ပြုပေးပါဆိုပြီး တောင်းဆိုတာမျိုးလည်း ရှိခဲ့ဖူးပါတယ်။

ဒီကနေ့ ပြန်စဉ်းစားရင်ရယ်တော့ ရယ်စရာပါ။ဘယ်လိုပဲဖြစ်ဖြစ် အစိုးရဟာ ဒီကနေ့အချိန်ထိ နိုင်ငံခြားရုပ်ရှင်ဇာတ်ကားတွေကို ဓာတ်ပြားအဖြစ် ပြည်တွင်းမှာ တရားဝင် ဖြန့်ဖြူးခွင့်မပေးဘဲ ပိတ်ပင်ထားဆဲဖြစ်ပါတယ်။ စကိုင်းနက်နဲ့ အမ်အာရ်တီဗီဖိုး ရုပ်သံလိုင်းတွေကနေ တစ်လကို ရာနဲ့ချီ ရှိတဲ့ နိုင်ငံခြားရုပ်ရှင်ဇာတ်ကားတွေ ထုတ်လွှင့်ခွင့်ရနေပေမယ့် နိုင်ငံတကာမှာလို တရားဝင် ဓာတ်ပြားနဲ့ ထုတ်လုပ်ဖြန့်ချိခွင့်ကို ဘာကြောင့်ပိတ်ပင်ထားရသလဲ စဉ်းစားလို့ မရအောင် ဖြစ်စေပါတယ်။ ဒါကြောင့်လည်း လက်ရှိ လမ်းဘေးဆိုင်တွေမှာ စူပါမားကက်တွေမှာ နေအိမ်အသီးသီးမှာ မြင်နေရတဲ့ နိုင်ငံခြားရုပ်ရှင် ဓာတ်ပြားအားလုံးဟာ တရားမ၀င်တွေချည်း ဖြစ်နေရတာပါ။

တစ်ဖက်က တရားဝင်ခွင့်ပြုထားတာ မရှိ၊ တစ်ဖက်မှာလည်း ဈေးကွက်နဲ့ တကယ့်လိုအပ်ချက်က ရှိနေတော့ ခိုးကူးတွေဖြန့်၊ ဥပဒေအပြင်ဘက်ကို ရောက်၊ ဖမ်းချင်ရင် ဖမ်းချင်တဲ့အချိန် ဖမ်းလို့ရတဲ့ အနေအထားဖြစ်နေတာမျိုးဟာ တိုင်းပြည်အတွက် မကောင်းပါဘူး။ လမ်းဘေးက နိုင်ငံခြားရုပ်ရှင်ဓာတ်ပြား ရောင်းချသူ အားလုံးကို မေးလိုက်ရင် သူတို့ဟာ ရဲ၊ ဒါမှမဟုတ် အာဏာပိုင်တစ်ဖွဲ့ဖွဲ့ကို ဆက်ကြေးပေးပြီး ဆိုင်ဖွင့်နေရတယ်ဆိုတာ ပေါ်လာပါလိမ့်မယ်။ အဲဒီဘက်က ကြည့်ရင်လည်း မသင့်တော်ပါဘူး။

ပြဿနာကို ခြုံငုံပြီးသုံးသပ်ရရင် မြန်မာရုပ်ရှင်နဲ့ တေးဂီတ ခိုးကူးဓာတ်ပြားတွေ၊ ညစ်ညမ်းဓာတ်ပြားတွေကို ပြတ်ပြတ်သားသား ထိထိရောက်ရောက် အရေးယူပါ။ အခြားတစ်ဖက်မှာလည်း နိုင်ငံခြားရုပ်ရှင် ဇာတ်ကား ဓာတ်ပြားတွေကို သက်ဆိုင်ရာ နိုင်ငံတကာ ကုမ္ပဏီတွေမှာ မူပိုင်ခွင့်ရယူပြီး ပြည်တွင်းမှာ တရားဝင် ထုတ်လုပ်ရောင်းချခွင့်ပြုပေးပါ။ နိုင်ငံခြား ရုပ်ရှင်ဓာတ်ပြားတွေ ပြည်တွင်းမှာ ဖြန့်ဖြူးခွင့် ပိတ်ပင်ထားတာကို ဖွင့်ပေးပါတော့လို့ တောင်းဆိုချင်ပါတယ်။ တစ်လက်စတည်း အဲလိုခွင့်ပြုချက် ချမပေးနိုင်သေးခင် စပ်ကြား နိုင်ငံခြားရုပ်ရှင်ဓာတ်ပြား ရိုးရိုးသားသားရောင်းချနေသူတွေကို အရေးမယူဖို့ တိုက်တွန်းနှိုးဆော် လိုက်ရပါတယ်။
Written by စည်သူအောင်မြင့်
 mizzimaburmese

No comments:

Post a Comment