Sunday, August 17, 2014

လှိုင်သာယာစက်မှုဇုန် စွန့်ပစ်ရေဆိုးတွင် ဇီဝမျိုးစုံ ပျက်စီးနိုင်သော BOD အမြင့်ဆုံး ပါဝင်

စက်မှုဇုန်များ အကောင်အထည်ဖော်ရာတွင် စနစ်တကျ မရှိ၍ စက်ရုံ၊ အလုပ်ရုံများမှ စွန့်ထုတ်သော ရေဆိုးရေညစ်များကြောင့် ရေညစ်ညမ်းမှု များလာကာ အနီးတစ်ဝိုက်တွင် နေထိုင်သူများ၏ ကျန်းမာရေးကိုပါ ထိခိုက်လာနိုင်ရာ လှိုင်သာယာ စက်မှုဇုန်တွင်းရှိ ရေဆိုးထဲတွင် ဇီဝမျိုးစုံ ပျက်စီးနိုင်သော ဇီဝအောက်ဆီဂျင် လိုအပ်ချက် (BOD- Biochemical Oxygen Demand) အမြင့်ဆုံး ဖြစ်နေကြောင်း စိမ်းလန်းအမိမြေ ဖွံ့ဖြိုးတိုးတက်ရေး အသင်းမှ ဓာတ်ခွဲခန်းပညာရှင် ဒေါက်တာဦးကျော်ငြိမ်းက ပြောကြားသည်။
ယင်းစက်မှုဇုန် တစ်ဝိုက်တွင် စစ်တမ်း ကောက်ယူမည့်နေရာ ၁၃ ခု သတ်မှတ်ကာ ရေဆိုးစနစ်များကို ကောက်ယူခဲ့ရာ ဇီဝအောက်ဆီဂျင် လိုအပ်ချက် (BOD) တိုင်းတာရာတွင် ယင်းနေရာ အားလုံးသည် 400 mg/Lအထက် ကျော်နေပြီး ဆောင်းရာသီနှင့် နွေရာသီတို့တွင် ရေပုပ်သိုးမှု ပမာဏ များပြားကာ ကလိုရိုက် ပါဝင်မှုလည်း အလွန်မြင့်မားသည်ကို တွေ့ရကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။
BOD မြင့်မားမှုကြောင့် ရေနေသတ္တဝါများ သေနိုင်ပြီး ငါးမျိုးတုံးနိုင်သည့် အခြေအနေများအထိ ဖြစ်နိုင်ကာ ဇီဝမျိုးစုံ မျိုးကွဲများနှင့် ဂေဟစနစ် ပျက်စီးနိုင်သောကြောင့် ယင်းရေဆိုးများကို ပြန်လည်သန့်စင်ပြီးမှ ထုတ်လွှတ်ရန် မဖြစ်မနေ လိုအပ်ကြောင်း ဓာတ်ခွဲခန်းပညာရှင် ဦးကျော်ငြိမ်းက ရှင်းပြသည်။
ယင်းအပြင် ရေနောက်ကျိမှုသည်လည်း များပြားနေကာ စိန်ဓာတ် တိုင်းတာမှုသည် ယင်းနေရာအားလုံးတွင် စံနှုန်းထက် အလွန်မြင့်နေကြောင်း၊ မျက်နှာပြင်ရေပြင်တွင် သံဓာတ် ပါဝင်မှုသည် အချို့နေရာတွင် မရှိဘဲ အချို့နေရာများတွင်မူ 3 mg/L ပမာဏ ရှိသင့်သော်လည်း 520 mg/L ထိ ရောက်ရှိနေကာ ရေစေး/ သွက်မှု တန်ဖိုးသည်လည်း မြင့်မားနေကြောင်း ပတ်ဝန်းကျင်ရေးရာ ဓာတ်ခွဲခန်းမှ ရေနမူနာ သုံးသပ်အစီရင်ခံစာတွင် ဖော်ပြချက်အရ သိရသည်။
လှိုင်သာယာစက်မှုဇုန်၌ စိမ်းလန်းအမိမြေ ဖွံ့ဖြိုးတိုးတက်ရေး အသင်းရှိ ပတ်ဝန်းကျင်ရေးရာ ဓာတ်ခွဲခန်းအဖွဲ့က ရေထုညစ်ညမ်းမှု ပမာဏ တိုင်းတာခြင်း လုပ်ငန်းကို ၂၀၁၄ ခုနှစ် ဇန်နဝါရီလမှ ဇူလိုင်လထိ လတိုင်း၏ နောက်ဆုံး သတင်းပတ်များ၌ ရေနမူနာများကို စက်မှုဇုန် အလယ်ရေစီးမြောင်း တစ်လျှောက်နှင့် ရေမြောင်းများ ဆုံရာတွင် ကောက်ယူခဲ့ပြီး ယင်းတို့ကို စစ်ဆေးရာတွင် တွေ့ရှိထားခြင်း ဖြစ်ကြောင်း ယင်းအသင်းထံမှ သိရသည်။

The Voice Weekly

No comments:

Post a Comment