Friday, August 29, 2014

“ ISIS ပြသနာကနေ ဘာ သင်ခန်းစာ ယူမလဲ ” အောင်ဘ၊ မောင်လှ ဆွေးနွေးခန်း (၈၁)

မောင်လှ - အားပါးပါး၊ ဆီးရီးယား၊ အီရတ်၊ နယ်နိမိတ် ပါတ်ဝန်းကျင်မှာ သီးခြားလွတ်လပ်တဲ့ အစ္စလာမ်မစ် နိုင်ငံ တည်ထောင်ထားတယ် ဆိုတဲ့ ISIS အစွန်းရောက် အဖွဲ့ဟာ ဘင်လာဒင် တည်ထောင်ခဲ့တဲ့ အယ်ခိုင်ဒါ အဖွဲ့ထက်တောင် သူတို့ကို ပို ဒုက္ခပေးနိုင်တယ်၊ ပိုပြီး ကြောက်စရာကောင်းတယ်လို့ အမေရိကန် တာဝန်ရှိသူတွေက ထုတ်ပြောလိုက်ပြီနော။
အောင်ဘ - အမှန်ပဲဗျ။ ကျွန်တော်လည်း အဲဒီအကြောင်းတွေ သိချင်တော့ သတင်းတွေ စောင့်နားထောင်၊ ဟိုသတင်းစာဖတ်၊ ဒီသတင်းစာဖတ်၊ အင်တာနက်မှာ ကြည့်ပေါ့ဗျ။
မောင်လှ - အဲဒီ အဖွဲ့ကတော့ အတော်ဆိုးတယ်နော၊ တလောလေးကဆို အမေရိကန် ဂျာနယ်လစ် တစ်ယောက်ကိုတောင် ရက်ရက်စက်စက် သတ်ပြလိုက်သေးတယ်။
အောင်ဘ - အား၊ အဲဒါ ဘာမှမဟုတ်ပါဘူး။ အမေရိကန်မို့လို့ လူတွေ ပို သိသွားတာ။ အဲဒီ အဖွဲ့ဟာ ရှေ့ပိုင်းမှာကတည်းက လူတွေကို အစုလိုက် အပြုံလိုက် သတ်နေတာဗျား။ အကြမ်းဖျဉ်းပြောရရင် အဲဒီ အိုင်းစစ် ဆိုတာ ဆွန်နီအစ္စလာမ်ဘာသာဝင် အစွန်းရောက် အဖွဲ့တွေ စုစည်းထားတာ။ သူတို့က သူတို့ တိုက်ခိုက် သိမ်းပိုက်တဲ့ နယ်မြေတွေမှာ အစ္စလာမ်မစ် နိုင်ငံထူထောင်တယ်။ ပြီးတော့ ဘာသာမတူသူတွေကို အဲဒီ ကိုးကွယ်တဲ့ ဘာသာက ပြောင်းချင်ပြောင်း မဟုတ်ရင် သတ်ပစ်တယ်ဗျ။ အဲလောက်ကို ဆိုးတာ။
မောင်လှ - တွေ့တယ်၊ တွေ့တယ်၊ ဓာတ်ပုံတွေ ကျောချမ်းစရာကြီးပဲဗျ။
အောင်ဘ - တကယ်တော့ အဲဒီ ဆွန်နီ အစွန်းရောက် ISIS ကို တကမ္ဘာလုံးမှာ ရှိတဲ့ အစ္စလာမ် ဘာသာဝင်တွေက လက်မခံကြဘူးဗျ။ ကမ္ဘာပေါ်မှာ အစ္စလာမ် ဘာသာဝင် အများဆုံး နေထိုင်တဲ့ အင်ဒိုနီးရှားနိုင်ငံ သမ္မတ က ဆိုရင် အိုင်းစစ် တွေရဲ့ လုပ်ရပ်တွေဟာ အစ္စလာမ် ဘာသာဝင်တွေကို အရှက်ရစေတယ် ဆိုပြီး ပြောလာတဲ့ အထိ ဖြစ်နေတယ်ဗျ။
မောင်လှ - ဆိုတော့ အဲဒီ အဖွဲ့က ဘယ်က ဘယ်လို ပေါ်လာတာလဲ၊ လုပ်စမ်းပါဦး။
အောင်ဘ - ဇတ်လမ်းကို အကြမ်းဖျဉ်းပြောရရင်တော့ အာဏာရှင်စနစ်က စ တယ် ဆိုရမှာပဲဗျ။

မောင်လှ - အင်၊ အာဏာရှင် စနစ်က စတယ်။
အောင်ဘ - ဟုတ်တယ်။ ခင်ဗျား သိပြီးသားပါ။ အရှေ့အလယ်ပိုင်းက ဆီးရီးယား နိုင်ငံမှာ သမ္မတ ဘရှား အယ်လ် အာဆတ် အုပ်ချုပ်တယ်။ အာဏာရှင် နိုင်ငံပေါ့ဗျာ။ နောက်တော့ ပြည်သူတွေက အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ လုပ်တယ်။ ဒီမိုကရေစီ ကို တောင်းဆိုတယ်။ အာဆတ်က ပြင်းပြင်းထန်ထန် နှိမ်နင်းတယ်၊ ရက်ရက် စက်စက် နှိမ်နင်းတယ်။ ဒါပေမယ့် ပြည်သူတွေရဲ့ ဒီမိုကရေစီ တောင်းဆိုမှုက ကျဆုံးမသွားဘူး။ အကြမ်းဖက် ဖိနှိပ်မှုတွေ လုပ်လာတော့ နောက်ဆုံး လက်နက်ကိုင် တော်လှန်ပုန်ကန်မှု ဖြစ်ပေါ်လာတာပဲ။
မောင်လှ - ဆိုတော့ ဆီးရီးယားမှာ ပြည်တွင်းစစ် ဖြစ်လာတဲ့ သဘောပေါ့။
အောင်ဘ - အမှန်ပေါ့ဗျာ။ ပြည်သူတွေက ရရာလက်နက် စွဲကိုင်ပြီး တော်လှန်တိုက်ခိုက်ကြတာပေါ့။ အာဆတ် အစိုးရကလည်း ရက်ရက်စက်စက်ကို တိုက်ခိုက် နှိမ်နင်းတယ်ဗျ။ နောက်ပိုင်း ဓာတု လက်နက်တွေ သုံးတယ် ဆိုတဲ့ အဆင့်ထိတောင်ဖြစ်လာတယ်။
မောင်လှ - အော်၊ အဲဒီ အဆင့်တောင် ရောက်ခဲ့တာကိုး။
အောင်ဘ - အမှန်ပေါ့ဗျ။ ရောက်ခဲ့တယ်။ အဲဒီမှာ ပြသနာ တစ်ခုက ဘာဖြစ်လာသလဲ ဆိုတော့ ဆီးရီးယား ပြည်တွင်းစစ်ထဲကို အတိုက်အခံ သူပုန်တွေဘက်ကနေ နိုင်ငံတကာက အစ္စလာမ်မစ် စစ်သွေးကြွတွေ လာပြီး တိုက်ခိုက်ပေးကြတာကနေ စ တာပဲ။ အဲဒီမှာ အစ္စလာမ်မစ် စစ်သွေးကြွ အရောင်စုံ အသွေးစုံ ပါတယ်။ နိုင်ငံပေါင်းစုံက ပါတယ်။ အရှေ့အလယ်ပိုင်း နိုင်ငံကတင်မက အင်ဒိုနီးရှားကလည်းပါတယ်၊ ဗြိတိန်လို အမေရိကားလို နိုင်ငံကတောင် ပါတယ်။

မောင်လှ - ပြည်တွင်းစစ်ကလည်း ပုံစံပြောင်းသွားတဲ့ သဘောပေါ့နော။
အောင်ဘ - ဒါပေါ့။ ရှုတ်ထွေးသွားတာပေါ့။ အမေရိကန်နဲ့ အနောက်နိုင်ငံတွေကလည်း အာဏာရှင် အာဆတ်ကို ပုန်ကန်နေတဲ့ သူပုန်တွေကို ဘယ်လို ကူညီရမှန်း မသိဖြစ်တယ်။ အကြောင်းက လက်နက်တွေ ကူလိုက်ရင် အဲဒီ အစ္စလာမ်မစ် စစ်သွေးကြွတွေဆီ ရောက်သွားမယ်။ အဲဒီ လက်နက်တွေဟာ ဆီးရီးယား ပြည်တွင်းစစ်တင်မက အခြား တိုက်ပွဲတွေမှာ ပါ အသုံးပြုလာနိုင်လို့။
မောင်လှ - အင်း အတော်ကြပ်တဲ့ ကိစ္စပဲနော်။ ဆီးရီးယား ပြည်တွင်းစစ် လူတွေ သေတာလည်း သောက်သောက်လဲ၊ သိန်းဂဏန်းတောင် ရောက်နေပြီ။
အောင်ဘ - တကယ်လည်း အနောက်နိုင်ငံတွေ စိုးရိမ်သလို ဖြစ်လာခဲ့တယ်။ အဲဒီ အဖွဲ့တွေထဲက အိုင်းစစ်လို့ နာမည်ပေးထားတဲ့ တစ်ဖွဲ့ အင်အားကောင်းလာပြီး ဆီးရီးယားတင်မက အိမ်နီးချင်း အီရတ်နိုင်ငံ မြောက်ပိုင်းဘက်ကိုပါ တိုက်ခိုက်တော့တာပဲ။ ထူးခြားချက်ကတော့ အဲဒီ အိုင်းစစ် အဖွဲ့ဟာ အရမ်းအရမ်းကို အစွန်းရောက်၊ အရမ်းကို ဆိုးသွမ်းတာပဲဗျ။ ခုဆိုရင် ဆီးရီးယား လေတပ် စခန်းတစ်ခုကိုတောင် ၀င်သိမ်းလိုက်တယ်။ မတော်တဆ အိုင်းစစ်တွေက လေယာဉ်တွေဘာတွေ သုံးပြီး တိုက်ခိုက်တတ်ရင် ခက်ရချည်ရဲ့။

မောင်လှ - ကြောက်စရာကြီးနော်။
အောင်ဘ - ဒါပေါ့။ အခု သတင်းကြီးနေတဲ့ အမေရိကန် ဂျာနယ်လစ်ကို မသတ်ခင် အခြား ဘာသာဝင်တွေ၊ အီရတ်မြောက်ပိုင်းက အရည်အတွက်နည်းနည်းလေးပဲ ကျန်တဲ့ လူမျိုးစုဝင်တွေ အားလုံးကို ကလေးတွေ ပါ မကျန် သတ်ပစ်တယ်။ ရောက်တဲ့နေရာကို လွတ်လပ်သော အစ္စလာမ်မစ် နိုင်ငံ လို့ ကြေငြာပြီး တကမ္ဘာလုံးက အစ္စလာမ်မစ် အစွန်းရောက်တွေ လာကြဖို့ ဖိတ်ခေါ်တယ်။ ပြောရရင် အများကြီးပဲဗျာ။
မောင်လှ - ကျွန်တော် တစ်ခု စဉ်းစားမိတာ၊ အရင် စစ်အေးကာလ ဆိုဗီယက် ရုရှားက အာဖဂန် နစ္စတန်ကို စစ်ရေးအရ ကျူးကျော်၊ သူ့နိုင်ငံသားတွေက ပြန်ပြီး ပုန်ကန် တိုက်ခိုက်၊ အဲဒါကို အမေရိကန်က စစ်လက်နက် အကူအညီပေး၊ နောက်ပိုင်း အဲဒီ ပုန်ကန်သူတွေဟာ တာလီဘန်တွေ အဖြစ် အင်အားကြီးထွားလာပြီး အာဖဂန်တစ်နိုင်ငံလုံးကို သိမ်းပိုက် နိုင်ခဲ့တယ်။ နောက်တော့ အာဖဂန် နစ္စတန်ဟာ ဘင်လာဒင်လို အစွန်းရောက်တွေ အခြေချရာ တိုင်းပြည် ဖြစ်လာတယ်။ အဲဒီ ဖြစ်ရပ်မျိုးနဲ့ ခပ်ဆင်ဆင်ပဲနော။
အောင်ဘ - အမှန်ပေါ့။ ဒါကြောင့် အနောက်နိုင်ငံတွေ အတော် သတိထားနေကြရတာ။ ကျွန်တော် ပြောချင်တာ များများ မဟုတ်ပါဘူး။ တိုင်းပြည်မှာ အာဏာရှင်စနစ် ထွန်းကားတယ်။ ရက်စက်တယ်၊ ကြမ်းကြုတ်တယ်။ အားလုံးကို ဖိနှိပ်ထားတယ်။ မကောင်းဘူး။ နောက်ပိုင်း ပြည်သူတွေ ဆန့်ကျင် အုံကြွတော့ အစွန်းရောက်တွေက အင်အားကောင်းလာပြန်တယ်။ ပြည်သူတွေဘက်က ဘာမှ ကောင်းတယ် ဆိုတာ မရှိဘူး။ အီဂျစ်မှာ ဒီမိုကရေစီ ကျဆုံးသွားရတာကလည်း အဲဒီ သဘော ဆန်ဆန်ပဲ။

မောင်လှ - ဆိုတော့ ခင်ဗျားပြောချင်တာ။
အောင်ဘ - မြန်မာနိုင်ငံမှာလည်း အာဏာရှင်စနစ် ထွန်းကားခဲ့တယ်။ အခု အဲဒါကို ပြုပြင်ပြောင်းလဲဖို့ လုပ်စပြုတုန်းပဲ။ တိုင်းပြည်မှာ အင်အားအကောင်းဆုံးဟာ တပ်မတော်။ လောလောဆယ် ဒီမိုကရေစီ အင်အားစုတွေလည်း အင်အားကောင်းနေသေးတယ်။ ဒါပေမယ့် ဒီ ၂ နှစ် ၃ နှစ်အတွင်း ဖြစ်ပျက်လာတွေကိုကြည့်ရင် အစွန်းရောက်တွေ ပေါ်ပေါက်စ ပြုလာတယ်။ အားတော့ မကောင်းသေးဘူး။ နောင်တော့ မပြောတတ်ဘူး။
မောင်လှ - အင်း စိတ်ညစ်စရာပဲနော။

အောင်ဘ - စိတ်မညစ်နဲ့။ တိုင်းပြည်မှာ အဲလို ဖြစ်နိုင်တယ်ဆိုတာ ပြည်သူတွေကို အသိပေးရမယ်၊ သက်ဆိုင်ရာတွေကို သိလာ လေးနက်လာအောင်လည်း ကျွန်တော်တို့ လုပ်ကြရလိမ့်မယ်။ တပ်မတော်ခေါင်းဆောင်တွေ၊ စစ်ဗိုလ်ချုပ်ဟောင်းတွေ၊ အင်န်အယ်လ်ဒီ ခေါင်းဆောင်တွေ၊ တိုင်းရင်းသားခေါင်းဆောင်တွေ အားလုံး အဲဒီ ပြသနာ နားလည် လေးနက်လာအောင် လုပ်ရမယ်။ တကယ်လို့များ ကျွန်တော်တို့ တိုင်းပြည်မှာ အစွန်းရောက်တွေဟာ အင်အားစု တစ်ရပ် ပီပီပြင်ပြင် ဖြစ်လာပြီဆိုရင်တော့ တိုင်းပြည် ကျဆုံးပြီလို့သာ မှတ်ပေတော့ဗျိုး။

စည်သူအောင်မြင့်။

No comments:

Post a Comment