Sunday, August 10, 2014

ကျိုင်းတုံ၌ မှောင်ခိုစစ်ဆေးနေသည့် Mobile Team အဖွဲ့တစ်ဖွဲ့ ရုပ်သိမ်း

နယ်စပ်ကုန်သွယ်ရေး စခန်းတစ်ခု ဖွင့်လှစ်ထားသည့် မြန်မာ-တရုတ်နယ်စပ် ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့ ဝင်၊ ထွက်ပေါက်များ၌ ၂၀၁၄ ခုနှစ် ဇွန်လ ၂၆ ရက်မှ စတင်ကာ မှောင်ခိုကုန်ပစ္စည်းများ စစ်ဆေးလျက်ရှိသည့် Mobile Team အဖွဲ့များကို သြဂုတ်လ ၇ ရက်နေ့က ရုပ်သိမ်းပေးလိုက်ကြောင်း ယင်းမြို့နယ် ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု အဖွဲ့နှင့် ကုန်သည်ကြီးများထံမှ သိရှိရသည်။
ယင်း Mobile Team အဖွဲ့များကို ရုပ်သိမ်းပေးရန် ဒေသခံ ကုန်သည်ကြီးများနှင့် မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု အဖွဲ့များ၏ တင်ပြ တောင်းဆိုမှုများကြောင့် အဆိုပါမြို့ရှိ Mobile Team အဖွဲ့တစ်ဖွဲ့ကို ရုပ်သိမ်းပေးခဲ့ခြင်း ဖြစ်သည်ဟု ၎င်းတို့ထံမှ စုံစမ်းသိရှိရသည်။

“နိုင်ငံတော်သမ္မတ၊ စီးပွားကူးသန်း ဝန်ကြီးနဲ့ ရှမ်းပြည်နယ် ဝန်ကြီးချုပ်တို့ကို မြို့နယ် ဖွံဖြိုးတိုးတက်ရေးအဖွဲ့နဲ့ ကုန်သည်ကြီးများ စုပေါင်းပြီး ဇူလိုင်လက Mobile Team အဖွဲ့တွေ ရုပ်သိမ်းပေးဖို့ တရားဝင် စာတင်ထားတာ။ ဒီလ ၇ ရက်နေ့မှာ ကျိုင်းတုံ-တာချီလိတ် လမ်းပေါ်က နောင်နွန်း Mobile Team အဖွဲ့တစ်ခု ရုပ်သိမ်းသွားပါပြီ။ ကျိုင်းတုံ-မိုင်းလား လမ်းပေါ်က နောင်ငင်း မိုဘိုင်းလ်တင်းမ် အဖွဲ့ကိုတော့ မရုပ်သိမ်းသေးပါဘူး” ဟု ယင်းမြို့နယ် ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု ကော်မတီ အတွင်းရေးမှူး ဦးခင်မောင်ထွန်းက ပြောကြားသည်။

ကျိုင်းတုံမြို့၌ Mobile Team အဖွဲ့များ ထားရှိကာ မှောင်ခိုကုန်ပစ္စည်းများ စစ်ဆေးခဲ့သောကြောင့် ကုန်စည်စီးဆင်းမှုများ ရပ်တန့်ပြီး စားသောက်ကုန် ပစ္စည်းများ ပြတ်လပ်ခဲ့ကာ ဒေသခံပြည်သူများ ဈေးနှုန်းကြီးမြင့်စွာ ဝယ်ယူ စားသုံးနေရသည့်အတွက် Mobile Team အဖွဲ့များ ရုပ်သိမ်းပေးရန် တင်ပြတောင်းဆိုရခြင်း ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

“Mobile Team အဖွဲ့ မရှိတုန်းကဆို ကျိုင်းတုံ-တာချီလိတ်သွားတဲ့ ကုန်ကားကြီးတွေက တစ်နေ့ကို ပုံမှန်အစီး ၆၀၊ ၇၀ ရှိတယ်။ Mobile Team အဖွဲ့တွေ ထားပြီးတဲ့ နောက်ပိုင်း ကုန်တင်ကားနဲ့ ခရီးသည်တင်ကားပေါင်းမှ တစ်နေ့ ပျမ်းမျှ အစီး ၄၀ လောက်ပဲ ရှိတော့တယ်။ တာချီလိတ် ဂိတ်အပြင် ကျိုင်းတုံဂိတ်မှာပါ အထပ်ထပ် စစ်ဆေးတဲ့အတွက် အချိန်ပိုကြန့်ကြာပြီး ကုန်ကျစရိတ်တွေ အရင်ထက် ပိုကုန်တယ်။ ဟိုအရင်ကဆို ပါလာတဲ့ ကုန်ပစ္စည်းရဲ့ ၂၀ ရာခိုင်နှုန်းလောက်ပဲ အခွန်ဆောင်ရလို့ ကုန်ကျစရိတ် အရမ်းမများဘူး” ဟု အမည်မဖော်လိုသည့် ဒေသခံ ကုန်သည်ကြီးတစ်ဦးက ပြောဆိုသည်။

ရှမ်းပြည်နယ် အစိုးရအဖွဲ့က ကျိုင်းတုံမြို့ ကုန်စည်စီးဆင်းမှု လျင်မြန် ချောမွေ့စေရန် တင်ပြမှုများကြောင့် တရားမဝင် ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး ဗဟိုကော်မတီ အစည်းအဝေး ဆုံးဖြတ်ချက်အရ ဖြေလျှော့ပေးသည့် အနေနှင့် ကျိုင်းတုံ-တာချီလိတ် လမ်းပေါ်ရှိ အဆိုပါ နောင်နွန်း Mobile Team အဖွဲ့ကို သြဂုတ်လ ၇ ရက်နေ့ နံနက် ၆ နာရီက ရုပ်သိမ်းလိုက်ကြောင်း ယင်းမြို့ နယ်စပ်ကုန်သွယ်ရေးစခန်း တာဝန်ခံနှင့် မိုဘိုင်းလ်တင်းမ်အဖွဲ့ ခေါင်းဆောင် ဒုတိယညွှန်ကြားရေးမှူး ဦးအောင်ဇော်မိုးက အတည်ပြု ပြောကြားသည်။

“မိုင်းလား ထွက်ပေါက်နဲ့ တာချီလိတ် ထွက်ပေါက်နှစ်ခု ရှိတာမှာ တာချီလိတ် ထွက်ပေါက် တစ်ခုကိုပဲ ရုပ်လိုက်တာ။ ကျွန်တော်တို့ အနေနဲ့ ညွှန်ကြားချက်အတိုင်း တိတိကျကျ လိုက်နာပြီး တရားဝင် စစ်ဆေးခဲ့တာပါ။ တရားမဝင် ကုန်သွယ်မှု ပြုလုပ်ချင်သူတွေ လာညှိကြပေမယ့် လက်မခံဘူး။ လက်မခံတော့ ကုန်သွယ်မှုတွေ ရပ်ကုန်ပြီလို့ အော်ကြတယ်။ တရားဝင် ကုန်ပစ္စည်းဆိုရင် နိုင်ငံတော်အတွက် အခွန်ရလို့ ဘာမှ တားမြစ်စရာ မရှိဘူး။ တရားမဝင် ကန့်သတ် ကုန်ပစ္စည်းတွေကိုသာ တားမြစ်စစ်ဆေးတာ” ဟု ၎င်းကဆိုသည်။

၂၀၁၄ ခုနှစ် ဧပြီလက ဖွင့်လှစ်ခဲ့သော ကျိုင်းတုံမြို့နယ် နယ်စပ်ကုန်သွယ်ရေး စခန်းသည် မိုင်းလားမြို့ ထွက်ပေါက်မှတစ်ဆင့် တရုတ်နိုင်ငံသို့ ပို့ကုန်အဖြစ် ဆန်၊ ရော်ဘာ၊ လက်ဖက်ခြောက်နှင့် ဝဥတို့ကို အဓိကတင်ပို့ပြီး သွင်းကုန်အဖြစ် လူသုံးကုန်ပစ္စည်းမျိုးစုံ တင်သွင်းကြောင်းနှင့် ကုန်သွယ်မှုပမာဏ အနေနှင့် ဧပြီလမှ ဇူလိုင်လအထိ ကျပ်သန်းပေါင်း ၂၂၉၂ ဒသမ ၃၅၀ သန်းရှိကြောင်း ယင်းမြို့ နယ်စပ်ကုန်သွယ်ရေး စခန်း၏ ထုတ်ပြန်ချက်အရ သိရသည်။

The Voice Weekly

No comments:

Post a Comment