Thursday, August 7, 2014

NLD မှ ဦးဆောင်တင်ပြသည့် မဲဆွယ် စည်းရုံးခွင့်အချက်များကို ကော်မရှင် သဘောတူ

ယမန်နေ့က နေပြည်တော်ရှိ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ရုံးခန်းတွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်နှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ၊ မွန် ဒီမိုကရေစီ အဖွဲ့ချုပ်အပါအ၀င် ပါတီ ခုနှစ်ပါတီတို့ တွေ့ဆုံခဲ့ပြီး နောက်ယင်းကဲ့သို့ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်းသိရ သည်။အားလုံး အဆင်ပြေပါတယ်။ ကျွန်တော်တို့က သူတို့ တင်ပြတဲ့အချက် တချို့ကို ပြင်ဆင် ပေးသွားမှာပါဟု ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ညွှန်ကြားရေးမှူး ဦးသောင်းလှိုင်က The Messenger Media သို့ ပြောသည်။ ယင်းသို့ပြင်ဆင်ပေးရာတွင် မဲဆွယ်စည်းရုံးခွင့် ညွှန်ကြားချက် ၁/၂၀၁၄ ထုတ်ပြန်ချက်တွင် ပါဝင်သည့် မဲဆွယ်စည်းရုံးခွင့် ပြုလုပ်ရာတွင် ရက်ပေါင်း (၃၀) သတ်မှတ်ထားခြင်းအား ရက်ပြန်လည်တိုးမြှင့် သတ်မှတ်ပေး သွားမည်ဖြစ်ပြီး၊ NLD မှဦးဆောင်တင်ပြသည့် အချို့သောအချက်များကို လုပ်ထုံးလုပ်နည်း ဥပဒေများတွင် ထည့်သွင်းပေးရန် စီစဉ်သွားမည်ဟုကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ပြောဆိုခဲ့ကြောင်း NLDပါတီမှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်က ပြောသည်။ သူတို့ ကတော့ ရက်ပေါင်း သုံးဆယ် ကိစ္စကို ပြင်ဆင်ပေးမယ်လို့ ပြောတယ်။ ဘယ်လောက် သက်မှတ်ပေးမယ်လို့တော့ မပြောဘူး။သူတို့ ကော်မရှင်အစည်းအဝေးထိုင်ပြီး၊ ဆုံးဖြတ် မလားတော့မသိဘူးလေ ဟု ၄င်း ကဆိုသည်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD)က ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ထံသို့ နိုင်ငံရေးပါတီများအနေဖြင့် ရွေးကောက်ပွဲ ဆိုင်ရာ ကိစ္စများ ဆောင်ရွက်ရာတွင် ခွင့်ပြုချက် ပါမစ်မယူရေး၊ မဲဆွယ် စည်းရုံးခွင့် ဟောပြောချက်များအား ကော်မရှင် ထံမှ ခွင့်ပြုချက် ရယူရန် မလိုဘဲ မီဒီယာများမှ လွတ်လပ်စွာ ထည့်သွင်းခွင့် ရရှိရေး၊ စည်းရုံးဟောပြောပွဲများ၌ လူပိုများ တက်ရောက်သည်ကို ဟောပြောသူ (သို့မဟုတ်) နိုင်ငံရေးပါတီများ မှ တာဝန်ယူရမည် ဆိုသည့် ကန့်သတ်ချက်အစား တက်ရောက်လိုသူများ၏ လွတ်လပ်သည့် သဘောဆန္ဒအတိုင်းဖြစ်ရေးနှင့် သက်ဆိုင်ရာ မဲဆန္ဒရှင် စာရင်းများ တစ်လအတွင်း ထုတ်ပြန်ပေးရေး အချက်လေးချက်အား တင်ပြခဲ့သည်။ ယင်းအချက်လေးချက်အား ယခုလ(၄) ရက်နေ့တွင် NLD နှင့် တိုင်းရင်းသားပါတီများ တွေ့ဆုံဆွေးနွေးခဲ့ပြီး၊ NLD မှဦးဆောင်တင်ပြရန် သဘောတူညီခဲ့ခြင်း ဖြစ်သည်။
messengernewsjournal

No comments:

Post a Comment