Monday, September 15, 2014

ဦးစံလင်းထွက်မပြေးသေးဘဲ ခေါင်းလောင်းဆက်ရှာမည်ဟု နတ်စင်တစ်ရာ ဆရာတော်မိန့်

သတင်းအမှားများထုတ် ပြန်ခဲ့သော ဦးစံလင်းဦးဆောင် သည့် အဖွဲ့က ဓမ္မစေတီခေါင်း လောင်းကြီးအား ရက်ထပ်တိုး၍ ရှာဖွေသွားမည်ဖြစ်ပြီး ဦးစံလင်းလည်း ထွက်မပြေးသေးကြောင်း နတ်စင်တစ်ရာ ဆရာတော်က မိန့်ကြားသည်။

ခေါင်းလောင်းရှာဖွေသည့် ကာလတစ်လျှောက်လုံးတွင် ဦးစံ လင်း၏ ထုတ်ပြန်ပြောဆိုချက်များ သည် လိမ်လည်မှုများ၊ ခေါင်း လောင်းကြီးအား ရွှေရောင်နဂါး မင်းနှင့်တကွ အခြားသော နဂါး များက စောင့်ရှောက်နေသည်ဆို ခြင်းနှင့် အခြားလက်လွတ်စပယ် ပြောဆိုမှုများအား ထပ်မံမပြုလုပ် ရန် သတိပေးခဲ့ကြောင်း နတ်စင် တစ်ရာဆရာတော်က မိန့်သည်။

‘‘ပြည်သူကို မလိမ်နဲ့၊ မရရင် မရဘူးပြောလို့ ဦးစံလင်းကို ပြော ထားတယ်။ အလှူရှင်တွေက ဘာ မှမပြောဘူး။ ဆက်တူးနေတယ်။ ဦးစံလင်း ထွက်မပြေးသေးဘူး။ ပြည်သူတွေ ခေါင်းလောင်းကြီး ကို ကြိုးချည်ပြီးမှ ယုံပါ။ ၄၂ ရက်နဲ့ မပေါ်သေးဘူးဆို၊ ရက်ပေါင်း ၆၀ ထိ တူးမယ်’’ဟု နတ်စင်တစ်ရာ ဆရာတော်က မိန့်သည်။ သန်လျင်မြို့၊ နတ်စင်တစ်ရာကျောင်းတိုက်ဆရာတော် ဦးပညာတေဇဦးဆောင်၍ ဓမ္မစေတီ ခေါင်းလောင်းရှာဖွေရေးအထောက်အကူပြုအဖွဲ့က စက်တင်ဘာ ၁၄ရက်တွင် သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့သည်။

ဓမ္မစေတီခေါင်းလောင်း ရှာဖွေမှုအတွက် အဓိကအလှူရှင်ဆယ်ဦးရှိပြီး ၎င်းတို့က ကျပ်သိန်းပေါင်း ၁၅၀၀လှူထားသည်ဟုဆိုသည်။ သိန်းခုနစ်ရာကို စက်တင်ဘာ ၁၄ရက်ထိ သုံးစွဲပြီးဖြစ်ကာထပ်မံ လာရောက်လှူထားသောစေတနာရှင်များ၏ လှူဒါန်းငွေကျပ် ၁၃၂သိန်းကိုလည်း ရိုးမဘဏ်တွင် အပ်နှံထားကြောင်း ဆရာတော်က မိန့်သည်။

သတင်းစာရှင်းလင်းပွဲတွင် ပြန်ကြားရေးအဖွဲ့က ရှင်းလင်း ဖြေကြားရာ၌ မေးခွန်းအများစုကို တိကျခိုင်မာစွာဖြေကြားမှုမရှိခြင်း၊ လှူဒါန်းငွေအလှူရှင်အမည်များ မဖော်ပြနိုင်ခြင်း၊ သင်္ဘောမှဆင်း သွားသူ လူအရေအတွက်မပြော ခြင်း၊ ဦးစံလင်းနှင့်သက်ဆိုင်သည့် မေးခွန်းများမဖြေခြင်း၊ ခွင့်ပြုမိန့် ချပေးသောတိုင်းအစိုးရအဖွဲ့နှင့် ပတ်သက်၍မေးမြန်းရာတွင် တိ ကျရေရာစွာ မဖြေခြင်းများကြောင့် တက်ရောက်လာသောသတင်းသမားအချို့ရှင်းလင်းပွဲမပြီးမီ ပြန်သွားကြသည်။

ဦးစံလင်းက ခေါင်းလောင်း ကို ဆလုံရေငုပ်သမားများဖြင့် ရှာ ဖွေခဲ့ကာ သြဂုတ် ၂၆ ရက်တွင် တွေ့ရှိကြောင်း ကြေညာသော်လည်း သင်္ဘောပျက်ဟု ယူဆရသော သံပြားကြီးကိုသာ လက်ဖြင့်စမ်းမိခဲ့ပြီး ရေငုပ်ခဲ့သည့် အကြိမ်ရေ နှစ်ဆယ်အတွင်း ခေါင်းလောင်းကို မတွေ့ခဲ့ကြောင်း ကော့သောင်းမြို့သို့ ပြန်ရောက်နေသော ရေငုပ်သမားအဖွဲ့ခေါင်းဆောင် ဦးသန်းညွန့်က စက်တင်ဘာ ၁၂ ရက် တွင် ပြောသည်။

ထို့အပြင်ခေါင်းလောင်းရှာဖွေသူများမှာ ကော့သောင်းမှ ရေငုပ်သမား ကိုးဦးဖြစ်ပြီး ဆလုံလူမျိုးများမဟုတ်ကြောင်း၊ ယခုခေါင်းလောင်းရှာဖွေသည့်နေရာတွင် ရေငုပ်သမားသုံးဦးသာ ကျန်တော့ကြောင်း ဦးသန်းညွန့်ကပြောသည်။

ထိုကဲ့သို့ ခေါင်းလောင်းရှာ ဖွေမှုနှင့် ပတ်သက်၍ ဦးစံလင်း ပြောကြားမှုအများစုမှာ လိမ်လည်မှုများသာ ဖြစ်နေပြီး နဂါးများ၊ နတ်များ၊ ဂမ္ဘီရဆန်ဆန် ပြောကြားမှုများကြောင့် ၎င်းအပေါ် ယုံကြည်သူနည်းလာသည်။ အလားတူ ခေါင်းလောင်းရှာဖွေမှုအပေါ် စိတ်ဝင်စားမှုလည်း များစွာလျော့ကျသွားပြီဖြစ်သည်။

ရန်ကုန်တိုင်းအစိုးရက ရက်အကန့်အသတ်မရှိ ရှာဖွေမှုကို ခွင့်ပြုထားရာ လှူဒါန်းထားသော ငွေကြေးများ မကုန်သရွေ့ ထပ်မံရက်တိုးရှာဖွေသွားမည်ဖြစ်ကြောင်း ပြန်ကြားရေးအဖွဲ့ထံမှသိရသည်။

မြန်မာ့နိုင်ငံရေးတွင် အရေး ကြီးသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး၊ ၂၀၁၅ ရွေးကောက်ပွဲအတွက် အငြင်းပွား နေသော အချိုးကျကိုယ်စားပြု စနစ် (PR) ကိစ္စတို့သည် သြဂုတ် ၂၆ ရက်က ကြေညာသော ဓမ္မစေတီခေါင်းလောင်း ရှာဖွေမှုတွေ့ရှိ ချက်ကြောင့် မှေးမှိန်ခဲ့ရပြီး အစိုးရအပေါ် ဖိအားလျော့စေကြောင်း သုံးသပ်သူအချို့က ပြောသည်။

ဂမ္ဘီရဆန်ဆန် အကြားအ မြင်ရစကားများဖြင့် တွေ့ရှိပြီဟု ပြောဆိုသူ ဦးစံလင်းကို ဓမ္မစေတီ ခေါင်းလောင်းရှာဖွေခွင့်ချထား ပေးသူမှာ ရန်ကုန်တိုင်းအစိုးရဖြစ် ပြီး ဇူလိုင်လ ၁၃ ရက်နေ့ ရက်စွဲဖြင့် ရှာဖွေမှုခွင့်ပြုခဲ့ခြင်းဖြစ်သည်။

ရန်ကုန်မြစ်အတွင်း မြေ အောက်၊ ရေအောက် (၅၂)ပေ တွင် နစ်မြုပ်နေသော မွန်ဓမ္မစေတီခေါင်းလောင်းကြီး၊ ဉာဏ်တော် (၇)တောင်ရှိ ရွှေသားစစ်စစ် ရပ် တော်မူမြတ်စွာဘုရားနှစ်ဆူနှင့် တန် (၆၀) ခန့်ရှိ အခြားခေါင်း လောင်းတော်ကြီးတစ်လုံးတို့ကို မူလနေရာဖြစ်သော ရွှေတိဂုံစေ တီကုန်းတော်ပေါ်သို့ အမြန်ဆုံး ပြန်လည် တင်လှူပူဇော်နိုင်ရန် ဖော်ထုတ်ဆယ်ယူခွင့်ပြုနိုင်ပါရန် သုဓမ္မမဏိဇောတဓရ ဦးစံလင်း၏ တင်ပြမှုနှင့်ပတ်သက်၍ ဆောင်ရွက်ခွင့်ပြုကြောင်း အကြောင်းကြားစာအား ၀န်ကြီးချုပ်ကိုယ်စား အတွင်းရေးမှူး ဦးမြတ်ကျော်ကျော်က ထုတ်ပြန်ပေးခဲ့သည့်စာကို သတင်းစာ ရှင်းလင်းပွဲတွင် မီဒီယာသို့ ပြသခဲ့သည်။

ရန်ကုန်တိုင်းအစိုးရက ခေါင်းလောင်းတူးဖော်ရေး အ တွက် အကူအညီပေးကြောင်း၊ လုံခြုံရေးအတွက် ရဲ (စ.ရ.ဖ)များက တာဝန်ယူပေးကြောင်း သင်္ဘောများငှားရမ်းခွင့်ပြုပေးပြီး သုံးထပ်သင်္ဘော၊ သောင်တူးသင်္ဘောနှင့်အခြားအရန်ယာဉ် နှစ်စီးတို့ကိုကူညီထားကြောင်း ပြန်ကြားရေးအဖွဲ့မှ ဦးကြည်ဝင်းက ဆိုသည်။

ဓမ္မစေတီခေါင်းလောင်းရှာ ဖွေမှုကို သြဂုတ် ၉ရက်မှစတင်ခဲ့ ပြီး ဓမ္မစေတီခေါင်းလောင်းကြီးကို တွေ့ရှိပြီဟု သြဂုတ် ၂၆ရက်တွင် ဦးစံလင်းကကြေညာခဲ့သည်။စက် တင်ဘာ ၁၅ရက်ဆိုပါက ၃၈ရက် မြောက်နေ့ဖြစ်သည်။

ရေငုပ်အဖွဲ့ခေါင်းဆောင်ဦး သန်းညွန့်ကခေါင်းလောင်းရှာဖွေ သည့်နေရာတွင် ရေငုပ်သမားသုံး ဦးသာကျန်တော့သည်ဟုပြောဆို ထားပြီး နတ်စင်တစ်ရာဆရာ တော်က ရေငုပ်သမား ငါးဦးဖြင့် ဆက်လက်ရှာဖွေနေသည်ဟုမိန့် သည်။

ရန်ကုန်တိုင်းအစိုးရက ဓမ္မ စေတီခေါင်းလောင်းရှာဖွေမှုကို ရက်အကန့်အသတ်မရှိ ခွင့်ပြု ထားခြင်းဖြစ်ပြီး အငြင်းပွားနေ သော ဓမ္မစေတီခေါင်းလောင်းနှင့် ပတ်သက်၍ ပြည်သူသို့ ယနေ့ထိ ရှင်းလင်းအသိပေးခြင်းမရှိပေ။

သတင်းစာရှင်းလင်းပွဲတွင် နတ်စင်တစ်ရာဆရာတော်အား တွေ့ရစဉ် (ဓာတ်ပုံ - ဇေနွေထွန်း)
7Day Daily

No comments:

Post a Comment