Monday, September 1, 2014

ရေမြုပ်လယ်များကို သမ္မတရန်ပုံငွေပေး မလုံလောက်၍ လွှတ်တော်တင်မည်ဟု ဆို

Photo: ရေမြုပ်လယ်များကို သမ္မတရန်ပုံငွေပေး မလုံလောက်၍ လွှတ်တော်တင်မည်ဟု ဆို
Monday, September 1, 2014

ပဲခူးတိုင်းဒေသကြီးအတွင်း ရေကြီးရေလျှံမှုများကြောင့် ပျက်စီးဆုံးရှုံးသွားသော လယ်စိုက်ဧကများအတွက် နိုင်ငံတော် သမ္မတရန်ပုံငွေ သန်း ၁,၀၀၀ ကျော် ကူညီထောက်ပံ့ခဲ့ပြီးဖြစ်ကြောင်း သြဂုတ်လ ၃၁ တွင် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ အတွင်းရေးမှူးဦးမောင်မောင်သန်းက မဇ္ဈိမကို ပြောသည်။

“ပဲခူးတိုင်းအတွင်းမှာ ပျက်စီးမှုစာရင်းတွေကို အကုန်လုံး ထောက်ပံ့ပေးပြီးပြီဖြစ်ပါတယ်။ လောက်လည်း လောက်ပါတယ်။ အဆင်ပြေပါတယ်။ ပျက်စီးဆုံးရှုံးခဲ့တဲ့ နေရာတိုင်းကို သတ်မှတ်ချက်အတိုင်း ထောက်ပံ့ပေးခဲ့ပြီး ဖြစ်ပါတယ်”ဟု ၎င်းက ဆိုသည်။

ပဲခူးတိုင်းဒေသကြီးအစိုးရက ဒေသတွင်း လယ်ယာပျက်စီးမှုများကို ကူညီရန် ကျပ်သန်း ၁,၀၀၀ လိုအပ်ကြောင်း သြဂုတ်လ ၂၁ ရက်တွင် ပြည်ထောင်စုအစိုးရထံ တင်ပြခဲ့သည်။ ထို့နောက် လယ်ပျက်စီးမှုစာရင်းများအရ ပဲခူးတိုင်းအတွင်း ပျက်စီးလယ်စိုက်ဧကပေါင်း ၅၇,၀၀၀ အတွက် တစ်ဧကလျှင် ၁၂,၀၀၀ နှင့် ထိခိုက်သော လယ်ဧက ၆၀,၀၀၀ အတွက် တစ်ဧကလျှင် ၆,၀၀၀ ကျပ်ကို သြဂုတ်လ ၂၄ ရက်တွင် မြို့နယ်အလိုက် ထောက်ပံ့မှုများလုပ်ပြီးပြီဟု ဦးမောင်မောင်သန်းက ဆိုသည်။

သို့သော်လည်း ပျက်စီးဆုံးရှုံးသွားသော လယ်ဧကများအတွက် အစိုးရမှ ထောက်ပံ့ ကူညီပေးသော်လည်း အကူအညီ အပြည့်အ၀မရရှိခြင်း၊ လယ်ပျက်စီးသူများ ထောက်ပံ့ကြေးရရန် ကျန်ရှိနေခြင်းတို့ကြောင့် စက်တင်ဘာလတွင် ကျင်းပမည့် ပြည်သူ့လွှတ်တော်တွင် တင်ပြဆွေးနွေးသွားမည်ဖြစ်ကြောင်း ပဲခူးတိုင်း၊ သနပ်ပင် ပြည်သူ့လွှတ်တော်အမတ် ဦးမြင့်ဦးက သြဂုတ်လ ၃၁ တွင် မဇ္ဈိမကို ပြောသည်။

သနပ်ပင်မြို့နယ်ထဲမှာ လယ်ဧက ၄၀,၀၀၀ လောက်ပျက်စီးတယ်။ ထောက်ပံ့စရိတ်ရတာက ဧက ၄၀,၀၀၀ လောက်ပဲရတယ်။ ရတဲ့တောင်သူတွေမှာလည်း ငါးဧက ဆုံးရှုံးတဲ့ လူတစ်ယောက်ဆို ကျပ် ၂,၀၀၀ ပဲ ရလို့ ကျွန်တော့်ကို လာပြောတာတွေရှိတယ်။ တကယ်ပျက်စီးပြီး တကယ်အခက်ခဲ တွေ့နေတဲ့ လူတွေအတွက် လွှတ်တော်မှာ တင်ပြပြီး ပြန်စိစစ်ပေးဖို့အတွက် ဆွေးနွေးမှာပါ” ဟု ၎င်းက ဆိုသည်။

လယ်ပျက်စီးမှုများအတွက် ပဲခူးတိုင်းဒေသကြီးအစိုးရက ပြီးခဲ့သော ရက်သတ္တပတ်အတွင်း ထောက်ပံ့ခဲ့သော်လည်း လယ်ခုနစ်ဧကခန့် ပျက်စီးခဲ့သည့် ၎င်းအတွက် ထောက်ပံ့မှုတစ်စုံတစ်ရာ မရရှိခဲ့ကြောင်း သနပ်ပင်မြို့နယ် ကျောင်းစုကျေးရွာမှ လယ်သမားဦးဝင်းမောင်က ပြောသည်။

ထိုကိစ္စနှင့် ပတ်သက်ပြီး စက်တင်ဘာ ၁၁ ရက် ပြည်သူ့လွှတ်တော် ပြန်လည်စတင်ချိန်တွင် တောင်းဆိုသွားမည်ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ဦးက ပြောသည်။
မဇ္ဈိမ

No comments:

Post a Comment