Tuesday, September 16, 2014

စက်တင်ဘာအစည်းအဝေး တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးလက်မှတ်ထိုးရန် နောက်ဆုံးအစည်းအဝေးဖြစ်နိုင်ဟု ဆို

လာမည့် ၂၂ ရက်တွင် ပြုလုပ်မည့် UPWC နှင့် NCCT တို့၏ အစည်းအဝေးမှာ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် (NCA) လက်မှတ်ရေးထိုးနိုင်ရေး အတွက် ပြု လုပ်သည့် နောက်ဆုံး အစည်းအဝေး ဖြစ်နိုင်ခြေ အလားအလာများနေကြောင်း နှစ်ဖက် စလုံးက ပြော ကြားသည်။
အစိုးရ၏ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်း ကော်မတီ (UPWC) နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို ကိုယ်စားပြုသည့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိ နှိုင်းရေးအဖွဲ့ (NCCT) တို့၏ စက် တင်ဘာလ ၂၂ ရက်တွင် စတင်ပြုလုပ်မည့် NCA မူကြမ်းဆွေးနွေး ပွဲမှာ တရားဝင် (၆)ကြိမ်မြောက် ဖြစ်သည်။

‘‘ကျွန်တော်တို့ဘက်က ဒီဟာ နောက်ဆုံးဖြစ်ဖို့ မျှော်လင့်ပါတယ်။ NCA လက်မှတ်ထိုးဖြစ်ရင် အစည်းအဝေးပွဲအပြီးမှာ သုံးပတ်လောက် အနည်းဆုံးအချိန်ယူပြီးမှ လက်မှတ်ထိုးနိုင်မယ်။ ဒီအတော အတွင်း သက်ဆိုင်ရာခေါင်း ဆောင်တွေဆီ ပြန်ပြီးတော့ ပြင်ဆင်ရမှာပါ။ လက်မှတ် ထိုးတာကို နေပြည်တော်မှာ လုပ်မှာပါ’’ဟု မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေး လုပ်ငန်း ဗဟိုဌာန အထူးအကြံပေး ဦးလှမောင်ရွှေက ပြောကြားသည်။
တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် (NCA) မူကြမ်းပါအခန်း (၇)ခန်း၊ အချက်ပေါင်း (၁၂၂) ချက်ရှိသည့်အနက် ယခုအခါ အချက် (၄)ချက်သာ ဆွေးနွေးသဘောတူရန် ကျန်ရှိတော့သည်။ ယင်းလေးချက်မှာ အခန်း (၂)ဦးတည်ချက်နှင့် ရည်ရွယ်ချက်မှ တစ်ချက်၊ အခန်း (၃) ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး ဆိုင်ရာမှ တစ်ချက်၊ အခန်း (၅)နိုင်ငံရေး ဆွေးနွေးပွဲဆိုင်ရာ အာမခံချက်များမှ တစ်ချက်နှင့် အခန်း (၆) ဆက်လက်ဆောင်ရွက်ရမည့် ကိစ္စရပ်များမှ တစ်ချက်တို့ဖြစ်ကြသည်။
‘‘ဆွေးနွေးချက်တွေက နှစ်ဖက်စလုံးညှိနှိုင်းနိုင်ရင် နောက်ဆုံးရဲ့ နောက်ဆုံးဖြစ်နိုင်ပါတယ်။ ကျန်နေတဲ့ အချက်တွေမှာ အဓိကက အစိုးရက သဘောတူဖို့ပဲ ဖြစ်တယ်’’ဟု NCCT အဖွဲ့ဝင် ဒေါက်တာ ဆလိုင်းလျန်မှုန်းဆာခေါင်းက ပြောသည်။
ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက ထိုင်းနိုင်ငံ ချင်းမိုင်တွင် NCCT ခေါင်းဆောင်များ အစည်းအဝေး တစ်ရပ်ပြုလုပ်ခဲ့သည်။ UPWC နှင့်NCCT ကြား သြဂုတ်လအစည်း အဝေးကို ပြန်လည် သုံးသပ်ခြင်း နှင့် ရှေ့လာမည့်အစည်းအဝေး အတွက် ပြင်ဆင်ခြင်းတို့ကို ဆွေး နွေးခဲ့ကြကြောင်း သိရသည်။ စက်တင်ဘာအစည်းအဝေးအတွက် NCCT ဘက်က အတတ်နိုင်ဆုံး ပြင်ဆင်ထားသည်ဟု ဆိုသည်။
လာမည့် အစည်းအဝေးတွင် ဆွေးနွေးရမည့်အချက်များမှာ အပစ်ရပ်ပြီး ကြားကာလတွင် တပ် နေရာ ချထားရေးအပါအ၀င် တပ်များပုံမှန်ရပ်တည်ရေး၊ အပစ်ရပ် ပြီးနောက် တပ်သားသစ် စုဆောင်းရေးနှင့် နိုင်ငံရေးဆွေးနွေးပွဲ၌ တက်ရောက်မည့် အစုအဖွဲ့အရေအတွက်တို့နှင့် ပတ်သက်သည့်အချက်များ ဖြစ်သည်။
တစ်ချိန်တည်းမှာပင် NCA လက်မှတ်ထိုးရာတွင် ပါဝင်မည့် ပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းနှင့်ပတ်သက်၍လည်း ညှိနှိုင်းရန် ကျန်ရှိနေသေးသည်။ ကျန်ရှိနေသည့် အချက်များတွင် စစ်တပ်ပိုင်း ဆိုင်ရာအချက်များ အများစု ပါနေသည်နှင့် ပတ်သက်၍ ‘‘တပ်မတော်ဘက်ကလည်း၊ အစိုးရဘက်ကလည်း ပြည်တွင်း ငြိမ်းချမ်းရေးကို ဖော်ဆောင်ဖို့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးကို လိုလားနေတယ်ဆိုတာ တွေ့ ရပါတယ်။ ကျွန်တော်တို့ ကြိုးစားပြီးတော့ ဆွေး နွေးညှိနှိုင်းသွား ရမှာပါ’’ဟု ဒေါက်တာ ဆလိုင်းလျန်မှုန်းဆာခေါင်း က ပြောသည်။
ယခင်အကြိမ်များက ပြုလုပ်ခဲ့သော NCCT နှင့် UPWC တို့၏ တစ်နိုင်ငံလုံးအတိုင်းအတာ အပစ်အခတ်ရပ်စဲရေးမူကြမ်း အစည်းအဝေးများသို့ တပ်မတော်ဘက်မှ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး သက်နိုင်ဝင်း၊ ဒုတိယဗိုလ်ချုပ်ကြီးမြင့်စိုး နှင့် စစ်ဥပဒေချုပ် ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်တို့ တက်ရောက်ခဲ့လေ့ရှိသည်။
ဆွေးနွေးပွဲကို သုံးရက်ကြာ ပြုလုပ်ရန် အစိုးရဘက်က အဆို ပြုထားပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များဘက်က ငါးရက်ကြာပြုလုပ်လိုသည်ဟု ဆိုသည်။
စက်တင်ဘာအစည်းအဝေးပြီးနောက် အောက်တိုဘာလခန့် တွင် NCA လက်မှတ်ရေးထိုးနိုင်ပြီး ၂၀၁၅ နှစ်ဆန်းပိုင်းတွင် နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲများ ကျင်းပနိုင်ရန် အစိုးရအဖွဲ့က ရည်မှန်းထားကြောင်း အစိုးရ၏ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်နေသူ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက မကြာသေးမီက ပြောကြားထားသည်။

7 Day Daily

No comments:

Post a Comment