Friday, September 5, 2014

ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အထူးအစည်းအဝေး စက်တင်ဘာ ၂၂ ရက်နေ့တွင် ပြုလုပ်မည်



ဥပဒေကြမ်းနှစ်ခု ဆွေးနွေးရန်အတွက် ရပ်နားလိုက်သော ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အစည်းအဝေးကို စက်တင်ဘာ ၂၂ ရက်နေ့တွင် အထူးအစည်းအဝေး အဖြစ် ပြန်လည်ပြုလုပ်မည် ဖြစ်ကြောင်း လွှတ်တော် ကိုယ်စားလှယ်များထံမှ သိရသည်။
စက်တင်ဘာ ၄ ရက်နေ့တွင် အငြင်းပွားဖွယ်ရာ ဖြစ်နေသော ပုဂ္ဂလိကပိုင် မော်တော်ယာဉ်များ စနစ်တကျ ပြေးဆွဲခြင်းဆိုင်ရာ ဥပဒေကြမ်းနှင့် ရေယာဉ်များ ပြေးဆွဲခြင်းဆိုင်ရာ ဥပဒေကြမ်းကို ဥပဒေကြမ်း ကော်မတီနှင့် လွှတ်တော်ကိုယ်စားလှယ်များ လွှတ်တော်ပြင်ပတွင် တွေ့ဆုံဆွေးနွေးရေး ယင်းသို့ ရပ်နားလိုက်ခြင်း ဖြစ်သည်။
“အခု လွှတ်တော်ပြင်ပမှာ ဆွေးနွေးတဲ့ ဥပဒေကြမ်းနှစ်ရပ်ကို အတည်ပြုမယ်၊ နောက်ပြီး အစိုးရဘက်ကလည်း တင်သွင်းစရာတွေ ရှိနေတယ်” ဟု ဗဟန်းမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်းက ပြောကြားသည်။
အဆိုပါ ဥပဒေကြမ်းနှစ်ရပ်ကို လွှတ်တော်တွင် စတင် ဆွေးနွေးခဲ့သော်လည်း ဥပဒေပါ အကြောင်းအရာများကို အပေါ်ယံ သဘောသာ ဆွေးနွေးရခြင်း ဖြစ်သောကြောင့် လွှတ်တော်ပြင်ပ ဆွေးနွေးညှိနှိုင်းမှုများကို စက်တင်ဘာ ဒုတိယပတ်အတွင်း ထပ်မံပြုလုပ်မည် ဖြစ်ကြောင်း ၎င်းကဆိုသည်။
တိုင်းဒေသကြီးအစိုးရ တင်သွင်းသော ဥပဒေကြမ်းနှစ်ရပ်တွင် လွှတ်တော် ကိုယ်စားလှယ်များက ပြင်ဆင်ချက် ၈၇ ချက် ဆွေးနွေးရန် လွှတ်တော်သို့ အမည်စာရင်း ပေးပို့ထားသောကြောင့် လွှတ်တော် အစည်းအဝေးကို ရပ်နားပြီး လွှတ်တော်ပြင်ပ အစည်းအဝေးများဖြင့် ညှိနှိုင်းရမည် ဖြစ်ကြောင်း တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးစိန်တင်ဝင်းက ပြောကြားထားသည်။
ဆွေးနွေးရန် အတည်ပြုထားသော ပုဂ္ဂလိက မော်တော်ယာဉ်လိုင်းများ စနစ်တကျပြေးဆွဲရေး ဥပဒေကြမ်းတွင် သယ်ယူပို့ဆောင်ရေး လုပ်ငန်းမှ ကောက်ခံရရှိသည့် ငွေများထဲမှ သတ်မှတ်ချက် ရန်ပုံငွေကို တိုင်းဒေသကြီး ဘဏ္ဍာငွေသို့ ပေးသွင်း၍ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများတွင် အသုံးပြုရန်နှင့် ဖွဲ့စည်းမည့် ကော်မတီတွင် ဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ ဘဏ္ဍာရေးမှူးနှင့် အဖွဲ့ဝင်တစ်ဦးကို တိုင်းဒေသကြီးအစိုးရက တိုက်ရိုက်ခန့်အပ်ရန် ပါရှိပြီး မဲစနစ်နှင့် ရွေးချယ်ရန် ရေးဆွဲထားသော အခြားတိုင်းဒေသကြီး ဥပဒေကြမ်းများနှင့် တူညီခြင်း မရှိသောကြောင့် ပုဂ္ဂလိက မော်တော်ယာဉ်လိုင်းပိုင်ရှင် အများစုက အဆိုပါ ဥပဒေကြမ်းကို ကန့်ကွက်ကြောင်း ပြောဆိုထားကြသည်။
The Voice Weekly

No comments:

Post a Comment