Tuesday, September 2, 2014

ကင်ဆာဝေဒနာရှင်များအတွက် အခမဲ့မဟုတ်သော အခြေခံဆေးများ ရန်ကုန်ဆေးရုံကြီး ရန်ပုံငွေမှ အချို့အတွက် ဝန်ဆောင်မှုပေးနေဟုဆို

ကင်ဆာရောဂါ ဝေဒနာရှင်များအတွက်စရိတ်မျှပေးကျန်းမာရေး စောင့်ရှောက်မှုရှိနေသဖြင့် ဆေးဝယ်ယူရန် ငွေကြေးမလုံလောက်သူများကို ဆေးရုံ ရန်ပုံငွေမှ စိုက်ထုတ်ပေးနေကြောင်း ရန်ကုန်ဆေးရုံကြီး၊ အရေးပေါ်ကုသဆောင်နှင့် ပြင်ပလူနာဌာနဆေးရုံအုပ် ဒေါက်တာပပက မဇ္ဈိမကို ပြောသည်။ ရန်ကုန်ဆေးရုံကြီးတွင် ကင်ဆာရောဂါနှင့် ပတ်သက်ပြီး အခြေခံဆေးဝါး ၁၄မျိုးထဲမှ ၉ မျိုးကိုသာ အခမဲ့ပေးနိုင်ပြီး ကျန်အခြေခံဆေးဝါး ၅မျိုးကို လူနာမှ ကျခံပေးရသည်။ သို့ရာတွင် ကင်ဆာဝေဒနာရှင်မှ အဆိုပါ
ဆေးဝါး၅မျိုးကို သောက်သုံးရန် လိုအပ်ပြီး ငွေကြေး အခက်အခဲရှိပါက သက်ဆိုင်ရာ ဆရာဝန်နှင့် ဆေးရုံအုပ်ချုပ်သူများ၏ ထောက်ခံချက်ဖြင့် ဆေးရုံရန်ပုံ ငွေထဲမှ စိုက်ထုတ်သုံးစွဲပေးလျှက်ရှိသည်ဟု ၎င်းက
ဆိုသည်။


“ကျန်နေတဲ့ဆေး၅မျိုးကိုတော့ လူနာက ဝယ်ရလိမ့်မယ်။ ဒါပေမဲ့ စရိတ်မျှပေး အစီအစဉ်တွေလည်းရှိပါတယ်။ တကယ်လို့ လူနာက သူဝယ်ရမဲ့ဆေးအတွက် ငွေမလုံလောက်ဘူးဆိုရင် သက်ဆိုင်ရာ ဆရာဝန်တွေရဲ့
ထောက်ခံချက်နဲ့ ဆေးရုံအုပ်ချုပ်တဲ့သူတွေကို တင်ပြတယ်၊ တကယ်လည်း သူက မတတ်နိုင်သူ မှန်ကန်တယ်ဆိုရင် ဆေးရုံရန်ပုံငွေထဲကနေ စိုက်ထုတ်ပေးပါလိမ့်မယ်” ဟု ၎င်းက ပြောသည်။

ရန်ကုန်ဆေးရုံကြီးသို့ လာရောက်ကုသသည့် ကင်ဆာဝေဒနာရှင်များထဲမှ ဖြစ်ပွားမှုများသည့် ကင်ဆာရောဂါများသည် ရင်သားကင်ဆာ၊ သားအိမ်ကင်ဆာ၊ အဆုတ်ကင်ဆာ၊ အသည်းကင်ဆာ၊ အစာအိမ်ကင်ဆာ၊
အူမကြီးကင်ဆာတို့မှာ အများဆုံးဖြစ်၍ ထိုကင်ဆာရောဂါများအတွက် အခြေခံဆေးဝါးများ ဝန်ဆောင်မှုပေးနေရသည်။

ကင်ဆာရောဂါ အခြေခံဆေးဝါး ကိုးမျိုးကို ၂၀၁၄ခုနှစ် ဇန်န၀ါရီလမှ အခမဲ့ ဝန်ဆောင်မှု စတင်ခဲ့ခြင်းဖြစ်သည်။
မဇ္ဈိမ

No comments:

Post a Comment