Tuesday, September 2, 2014

ဘင်္ဂလား ရိုးသားဖို့ လိုပါသည်

မြန်မာနိုင်ငံ နိုင်ငံခြားရေး ဒုတိယ၀န်ကြီး ဦးသန့်ကျော် ဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ် အဖွဲ့ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ၃၁-၈-၂၀၁၄ ရက်နေ့မှာ ကျင်းပတဲ့ နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနများ အကြား ဒုတိယ၀န်ကြီး/အတွင်းဝန်အဆင့် မူဝါဒညှိနှိုင်းဆွေးနွေးပွဲကို တက်ရောက်ခဲ့ကြပါတယ်။ ဒီလိုမျိုး အစည်းအဝေးတွေ ပြုလုပ်လာခဲ့တာ ၈ ကြိမ်ရှိပါပြီ။ ဒီတစ်ကြိမ်မှာတော့ ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာ အိမ်ရှင်အဖြစ် အလှည့်ကျတဲ့အတွက် ဦးသန့်ကျော် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ သွားရောက်ခဲ့တာ ဖြစ်ပါတယ်။ ဒီအဖွဲ့မှာ နိုင်ငံခြားရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ လ၀က၊ ရခိုင်ပြည်နယ်အစိုးရတွေက အဆင့်မြင့် အရာရှိတွေ ပါဝင်ပါတယ်။

သြဂုတ်လ ၃၁ ရက်နေ့ အစည်းအဝေးပြီးတာနဲ့ ဘင်္ဂလားသတင်းတွေမှာ ဘင်္ဂလီတွေ ပြန်ပို့ရေးနဲ့ ပတ်သက်ပြီး သတင်းတွေ ချက်ချင်းတက်လာခဲ့ပါတယ်။ သတင်းတွေမှာ အများဆုံးဖော်ပြထားကြ တာကတော့ ဘင်္ဂလားဘက်မှာ ရှိတဲ့ ဒုက္ခသည်စခန်းတွေမှာ ရှိတဲ့ ဘင်္ဂလီတွေကို မြန်မာနိုင်ငံက စတင် လက်ခံလိုက်ပြီ ဆိုတဲ့ သဘောမျိုး ဖြစ်ခဲ့ကြပါတယ်။ ဒီအချိန်မှာ မြန်မာကိုယ်စားလှယ်အဖွဲ့ ဟာ ပြန်မရောက်သေးပါဘူး။ ဘင်္ဂလားနိုင်ငံခြားရေးဌာန အတွင်းဝန်က အစည်းအဝေးမှာ ရရှိခဲ့တဲ့ ရလဒ်တွေဟာ သူတို့အတွက် အောင်ပွဲတစ်ရပ် သဘောမျိုး ပြောဆိုခဲ့တာတွေကို ကိုးကားပြီး သတင်းဌာနတွေက ရေးသားဖော်ပြခဲ့ကြတာပဲ ဖြစ်ပါတယ်။
● ဘင်္ဂလားရောက် မြန်မာနိုင်ငံသား ဆိုသူတွေကိစ္စ
ပထမဦးစွာ ဘင်္ဂလားရောက် မြန်မာနိုင်ငံသား ဆိုသူတွေကိစ္စကို ရှင်းလင်းလိုပါတယ်။
နှစ်နိုင်ငံအကြားမှာ ဒီပြဿနာဟာ လိပ်ခဲတည်းလည်း ပြဿနာနစ်ရပ် ဖြစ်ပါတယ်။ တပ်မတော်အစိုးရ အုပ်ချုပ်ခဲ့စဉ်က မြန်မာနိုင်ငံသားတွေ အိမ်နီးချင်းနိုင်ငံတွေကို ထွက်ပြေးခဲ့ကြရာမှာ ဘင်္ဂလားကိုလည်း ထွက်ပြေးလာခဲ့ကြတယ် လို့ ဆိုပါတယ်။ ဘင်္ဂလားဒုက္ခသည်စခန်းတွေမှာ မြန်မာနိုင်ငံသားတွေ ရောက်ရှိနေခဲ့တယ်၊ မြန်မာနိုင်ငံသားဖြစ်ကြောင်း အထောက်အထားတွေ အပြည့်အစုံ ရှိနေတယ်၊ ဒါ့ကြောင့် သူတို့ဆီရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားတွေကို ပြန်လည် ပို့ဆောင်ပေးလိုပါတယ်၊ ပြန်လက်ခံပေးပါ ဆိုတာကို ဘင်္ဂလားဘက်က အစဉ်တစိုက် တောင်းဆိုခဲ့ပါတယ်။ ပြီးခဲ့တဲ့ တပ်မတော်အစိုးရလက်ထက်မှာ ဒီကိစ္စကို ညှိနှိုင်းခဲ့ပါတယ်။
ဒီလိုညှိနှိုင်းသဘောတူချက်အရ ပြန်လည်လက်ခံရေးစခန်းတွေကို ၂၂-၉-၁၉၉၂ ခုနှစ်မှာ စတင် ဖွင့်လှစ်ပြီး သတ်မှတ်ချက်တွေနဲ့ ညီညွတ်သူတွေကို လက်ခံခဲ့ပါတယ်။ UNHCR နဲ့ မြန်မာနိုင်ငံဟာ ၅-၁၁-၁၉၉၃ ခုနှစ်မှာ MOU ရေးထိုးခဲ့ပြီး ပြန်လည်လက်ခံရေးလုပ်ငန်းတွေမှာ စာချုပ်ပါ စည်းကမ်း တွေနဲ့အညီ ကူညီဆောင်ရွက်ပေးခဲ့ပါတယ်။ ဘာဖြစ်လို့ လက်ခံရသလဲ ဆိုရင် မြန်မာနိုင်ငံသား မှန်ကန်တယ်၊ ခိုင်ခိုင်လုံလုံ တိတိကျကျ အထောက်အထားတွေလည်း ရှိတယ် ဆိုရင်တော့ သက်ဆိုင်ရာနိုင်ငံအနေနဲ့ လက်ခံပေးရမှာ ဖြစ်တဲ့အတွက်ကြောင့်ပဲ ဖြစ်ပါတယ်။
မြန်မာနိုင်ငံဘက်က ရပ်တည်ချက်ကတော့ မြန်မာနိုင်ငံသားမှန်ရင်တော့ လက်ခံပေးမယ်၊ နိုင်ငံသား မဟုတ်တဲ့ ဘင်္ဂလီတွေကိုတော့ အုတ်ရောရော ကြောက်ရောရော လက်မခံနိုင်ဘူး ဆိုတာပဲ ဖြစ်ပါတယ်။ နိုင်ငံတွေအနေနဲ့ ရွေးချယ်လို့ မရတာ၊ ပြောင်းလဲလို့ မရတာတွေထဲမှာ အိမ်နီးချင်းဆိုတာလည်း ပါပါတယ်။ မြန်မာနိုင်ငံရဲ့ နိုင်ငံခြားရေးမူဝါဒကလည်း ငြိမ်းချမ်းစွာ စေ့စပ် ညှိနှိုင်းဖြေရှင်းရေးပဲ ဖြစ်ပါတယ်။ ဒီလိုနဲ့ နှစ်နိုင်ငံအစိုးရတွေအကြား ညှိနှိုင်းဖြေရှင်းခဲ့ရာမှာ နှစ်ဦး နှစ်ဘက် လက်ခံသဘောတူတဲ့ မူ(၄)ချက် ရရှိခဲ့ပါတယ်။ ဒီမူ (၄)ချက်မှာ ပြန်လည်ဝင်ရောက် လာသူဟာ မြန်မာနိုင်ငံမှာ နေထိုင်ခဲ့သူ ဖြစ်ရမယ်။ (မြန်မာနိုင်ငံဘက်က ခိုင်မာတဲ့ အထောက်အထားတွေ သူတို့လက်ထဲမှာ ရှိရမှာဖြစ်ပါတယ်) ၄င်းတို့ကိုယ်တိုင် ပြန်လည်ဝင်ရောက်လာသူတွေ ဖြစ်ရပါမယ်(သူတို့သဘောဆန္ဒနဲ့အညီ ပြန်လာဖလိုစိတ် ရှိရမှာ ဖြစ်ပါတယ်)။ အထောက်အထားပြနိုင်တဲ့ မိဘနှစ်ပါးက မွေးဖွားလာသူတွေ ဖြစ်ရပါမယ်။ ဒီလို မွေးဖွားလာတယ် ဆိုတာကိုလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဗဟိုအဆင့်ရှိတဲ့ တရားရုံးရဲ့ ထောက်ခံချက် ပါရှိရမှာ ဖြစ်ပါတယ်။
ဒီလို စိစစ်လိုက်တဲ့အခါမှာ မြန်မာနိုင်ငံသား မှန်ကန်ကြောင်း အထောက်အထား ခိုင်ခိုင်မာမာ တွေ့ရတဲ့ ဒုက္ခသည်တွေ ထွက်လာခဲ့ပါတယ်။ ဒီလိုစိစစ်မှုကို ၂၀၀၅ ခုနှစ်မှာ နှစ်နိုင်ငံ ပူးပေါင်းအဖွဲ့၊ UNHCR တို့နဲ့ စိစစ်ခဲ့ပါတယ်။ ဘင်္ဂလားဘက်က သုံးသောင်းကျော် ရှိတယ် ပြောခဲ့ပါတယ်။ မြန်မာ နိုင်ငံဘက်က သူတို့ပြောတဲ့အတိုင်း လက်မခံဘဲ အထက်မှာတင်ပြခဲ့တဲ့ မူ(၄)ချက်နဲ့အညီ တိတိကျကျ စိစစ်ခဲ့ရာမှာ စုစုပေါင်း (၂၄၁၅)ဦး ထွက်ပေါ်လာခဲ့ပါတယ်။ (ဒါက ၂၀၀၅ ခုနှစ်မှာ ရရှိခဲ့တဲ့ စိစစ်မှု အဖြေ ဖြစ်ပါတယ်) အဲဒီအချိန်မှာ မြန်မာနိုင်ငံအစိုးရက နှစ်ထောင်ကျော် ပြန်လက်ခံမယ် ဆိုပြီး အကြောင်းကြားခဲ့ရာမှာ ဘင်္ဂလားဘက်က သုံးသောင်းကျော်စာရင်းကိုပဲ ကိုင်ထားခဲ့ပြီးတဲ့နောက် အကြောင်းပြန်ကြားခဲ့ခြင်း မရှိခဲ့ပါဘူး။ ဒီကိစ္စဟာ ခုချိန်အထိ မပြီးပြတ်သေးတဲ့ကိစ္စ ဖြစ်ပါတယ်။
ဒီကြားထဲမှာ ဘင်္ဂလားဝန်ကြီးချုပ် ရှိတ်ဟာဆီနာ မြန်မာနိုင်ငံကို လာရောက်ခဲ့ပြီး သမ္မတကြီးနဲ့ တွေ့ခဲ့ပါတယ်။ တွေ့ခဲ့ပြီးတဲ့နောက်မှာလည်း ဒီသုံးသောင်းကျော်စာရင်းကိုပဲ လက်ခံပေးဖို့ ပြောခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ သူ့မီဒီယာတွေကို သမ္မတကြီးက ပြန်လက်ခံမယ် ပြောတယ် ဆိုပြီး ပြောခဲ့ပြန်ပါသေးတယ်။
မြန်မာနိုင်ငံဘက်က ရပ်တည်ချက်က ရှင်းပါတယ်။ မူ(၄)ချက်နဲ့ စိစစ်ထားတဲ့ စာရင်းအရ နှစ်ထောင်ကျော် ရှိတယ်။ ဒီနှစ်ထောင်ကျော်ဆိုရင် လက်ခံမယ်။ ဒီကြားထဲမှာ နှစ်ထောင်ကျော်ထဲက သေဆုံးသွားတာတွေ၊ အခြားနိုင်ငံတွေကို ရွှေ့ပြောင်းသွားတာတွေ ရှိမှာ ဖြစ်သလို သူတို့က မွေးလာတာတွေလည်း ရှိမယ်။ ဒါတွေကို ပြန်လက်ခံနီုင်ဖို့ မူ(၄)ချက်နဲ့ပဲ ထပ်မံပြီး စစ်ဆေးဖို့လိုတယ်။ ဒီလို စစ်ဆေးပြီးမှသာ ပြန်လည် လက်ခံဖို့ စဉ်းစားဆောင်ရွက်မယ် ဆိုတာပဲ ဖြစ်ပါတယ်။ အခု အစည်းအဝေးမှာ သဘောတူခဲ့တဲ့အဓိကအချက်က “(၂၄၁၅)ဦးကို ပြန်လည်စိစစ်မယ့် ပူးတွဲလုပ်ငန်းအဖွဲ့ကို (၂)လအတွင်း ဖွဲ့စည်းရေးဆောင်ရွက်ဖို့” ပဲ ဖြစ်ပါတယ်။
အချုပ် တင်ပြရရင် ၂၀၀၅ ခုနှစ်မှာ တိတိကျကျ စိစစ်အတည်ပြုထားတဲ့ ၂၄၁၅ ဦးကို ပြန်လက်ခံနိုင်မယ်။ ၂၄၁၅၆ ဦးကို ထပ်မံပြီး တိတိကျကျ စိစစ်မှု ပြုလုပ်မယ်။ ဒီလိုစိစစ်ဖို့ ပူးတွဲအဖွဲ့ကို ၂ လအတွင်း ဖွဲ့စည်းမယ် ဆိုတာပဲ ဖြစ်ပါတယ်။
ဒီအစည်းအဝေးမှာ နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။ မြန်မာ နိုင်ငံအနေနဲ့ မိမိနိုင်ငံ ပိုင်နက်နယ်မြေကို ခြေကုတ်ယူပြီး အိမ်နီးချင်းနိုင်ငံတွေကို ပြန်လည် ဒုက္ခပေးတဲ့ ဘယ်လိုအဖွဲ့အစည်းမျိုးကိုမှ လက်မခံပါဘူး။ အလားတူပါပဲ အိမ်နီးချင်းနိုင်ငံတွေအနေနဲ့ လည်း ဒီလိုမျိုး အဖွဲ့အစည်းတွေကို လက်မခံဖို့၊ ထောက်ပံ့ကူညီခြင်း မပြုဖို့ လိုပါတယ်။ ဒါမှလည်း နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းပြီး နှစ်နိုင်ငံကုန်သွယ်မှု၊ ကူးလူးဆက်ဆံမှုတွေ တိုးတက်လာမှာ ဖြစ်ပါတယ်။
● ဘင်္ဂလား ရိုးသားဖို့ လိုသည် ●
အစည်းအဝေး သဘောတူညီချက်က ဒါပဲ ဖြစ်ပါတယ်။ ဒီအပေါ်မှာ ဘင်္ဂလားနိုင်ငံခြားရေးအတွင်းဝန်ရဲ့ သတင်းမီဒီယာတွေကို ထုတ်ဖော်ပြောကြားချက်တွေမှာ မရိုးမသား လုပ်ဆောင်လာတာတွေ ပါရှိလာခဲ့ပါတယ်။
● နံပတ်(၁) ဒီဒုက္ခသည်တွေကို “ရိုဟင်ဂျာ” ဆိုပြီး သုံးနှုံးသွားတယ် ဆိုပြီး ဘင်္ဂလားမီဒီယာတွေက ဖော်ပြကြပါတယ်။ ဒီနိုင်ငံမှာ နိုင်ငံတော် သမ္မတကြီးကိုယ်တိုင် ပြောထားပြီးသားပါ။ ရိုဟင်ဂျာဆိုတာ ဒီနိုင်ငံမှာ မရှိဘူး။ အစည်းအဝေး တက်ရောက်ခဲ့တဲ့ ကိုယ်စားလှယ်အဖွဲ့ရဲ့ ပြန်လည် ပြောကြားချက်အရ ရိုဟင်ဂျာဆိုတဲ့ အသုံး အနှုံးကို မသုံးစွဲခဲ့ဘူး လို့ သိရပါတယ်။ ဒါဆို ဘာဖြစ်လို့ ဒီအသုံးအနှုံး၊ ဒီစကားလုံးကို သုံးရသလဲ။ ဒါဟာ နှစ်နိုင်ငံဆက်ဆံရေးကို ထိခိုက်စေတဲ့၊ သံတမန်ရေးအရ ပျက်ပြားစေနိုင်တဲ့ ပြောကြားချက် ဖြစ်နေပါတယ်။
● နံပတ်(၂)အချက်-အစည်းအဝေးရလဒ်က ယခင်က အတည်ပြုပြီး (၂၄၁၅)ဦးကို ပြန်လက်ခံဖို့ ပြန်လည်စိစစ်မယ့် ပူးတွဲအဖွဲ့ကို ၂ လအတွင်း ဖွဲ့စည်းမယ် ဆိုတာဖြစ်ပါလျက်နဲ့ ၂ လအတွင်း ပြန်ပို့ဆောင်ဖို့ မြန်မာနိုင်ငံက လက်ခံလိုက်ပါတယ် ဆိုပြီး အတွင်းဝန်ရဲ့ ပြောကြားချက် ဖြစ်ပါ တယ်။ နိုင်ငံချင်းပူးပေါင်းဆောင်ရွက်တဲ့ ကိစ္စတွေမှာ ဒီလိုမျိုး ဟိုတစ်မျိုး ဒီတစ်မျိုး မပြောသင့်ပါဘူး။ နိုင်ငံတွေပါဝင်တဲ့ ကြေညာချက်တွေမှာ စကားလုံးတစ်လုံးနှစ်လုံးကအစ အထူး သတိထားရပါတယ်။ နှစ်နိုင်ငံ သဘောတူညီထားခြင်း မရှိတဲ့ အချက်တွေကို မီဒီယာတွေကို ထုတ်ဖော် ပြောကြားတိုင်း မြန်မာနိုင်ငံက သဘောတူ လက်ခံမှာလည်း မဟုတ်ပါဘူး။
● နံပတ်(၃)အချက် မြန်မာနိုင်ငံအနေနဲ့ ငြိမ်းငြိမ်းချမ်းချမ်း စေ့စပ်ညှိနှိုင်းဖြေရှင်းနေတဲ့ အိမ်နီးချင်းကောင်း စိတ်ဓါတ်ကို ဘင်္ဂလားအနေနဲ့ လေးစားဖို့ လိုပါတယ်။ နိုင်ငံတကာဆက်ဆံရေးမှာ မလိုလားအပ်တဲ့ နိုင်ငံရေးအမြတ်ထုတ်မှုတွေဟာ ချစ်ကြည်ရင်းနှီးမှုကို ပျက်ပြားစေနိုင်ပါတယ်။ ဒါကို ဘင်္ဂလားအစိုးရအနေနဲ့ အထူး အလေးအနက်ထားဖို့ လိုပါတယ်။ အခု ပြီးခဲ့တဲ့အစည်းအဝေးမှာ “ပြန်လည်စိစစ်ဖို့ ပူးတွဲလုပ်ငန်းအဖွဲ့ ၂ လအတွင်းဖွဲ့မယ်” ဆိုတာဟာလည်း ပါဝင်ပတ်သက်တဲ့ နိုင်ငံတွေအပေါ်မှာပဲ မူတည်ပါတယ်။ နိုင်ငံတွေဟာ အချုပ်အခြာအာဏာပိုင်နိုင်ငံတွေ ဖြစ်တဲ့အတွက် လွတ်လွတ်လပ်လပ် ဆုံးဖြတ်နိုင်စွမ်း အပြည့်အ၀ ရှိနေပါတယ်။
● ဘင်္ဂလီ ကိစ္စ
ရခိုင်ပြည်နယ်မှာ နိုင်ငံသားစိစစ်မှု လက်မခံနိုင်သေးတဲ့ ဘင်္ဂလီတွေရဲ့ ပြဿနာတွေ ရှိပါသေးတယ်။ ဒီဘင်္ဂလီတွေကို နိုင်ငံသားစိစစ်ဖို့၊ စိစစ်တဲ့နေရာမှာ ပဋိပက္ခတွေ မဖြစ်ပေါ်စေဘဲ အေးအေးချမ်း ချမ်း ဆောင်ရွက်နိုင်ဖို့ ကြိုးစား ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ ဒီလို စိစစ်ပြီးတဲ့အခါမှာ မြန်မာနိုင်ငံသား ဟုတ်မှန်ကြောင်း ခိုင်လုံတဲ့ အထောက်အထားတွေ မရှိဘူး၊ ခိုင်ခိုင်မာမာ လက်ဆုပ်လက်ကိုင် မပြနိုင်ဘူး ဆိုရင် မြန်မာနိုင်ငံထဲကို ခိုးဝင်လာတဲ့သူတွေအဖြစ် သတ်မှတ်ရမှာပဲ ဖြစ်ပါတယ်။ ဘယ်နိုင်ငံမှာမဆို နိုင်ငံသားစိစစ်မှုနဲ့ မကိုက်ညီရင် ဒီအတိုင်းပဲ ဖြစ်ပါတယ်။ ဒီလို ထွက်ပေါ်လာတဲ့ နိုင်ငံသားမဟုတ်သူတွေရဲ့ ကိစ္စကို ဖြေရှင်းတဲ့အခါမှာတော့ UNHCR ရော၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံရော တစ်နည်းမဟုတ်တစ်နည်း ဆက်စပ်လာမှာပဲ ဖြစ်ပါတယ်။ ဒီနေရာ ဒီဒေသမှာ ရှိနေတဲ့သူတွေဟာ မြန်မာနိုင်ငံသား မဟုတ်ဘူး ဆိုရင်တော့ ဘယ်နိုင်ငံသားလည်း အဖြေရှာဖို့ ဖြစ်ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ဘင်္ဂလားရောက် မြန်မာနိုင်ငံသားတွေကို လက်ခံဖြေရှင်း ဆောင်ရွက်ပေးမှာ ဖြစ်သလို ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေနဲ့ လည်း မြန်မာနိုင်ငံရောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေ ရှိနေတယ် ဆိုရင်တော့ အတုံ့အလှည့်အနေနဲ့ ပြန်လည် စိစစ်ပြီး လက်ခံပေးရမှာပဲ ဖြစ်ပါတယ်။ ဒါမှမဟုတ်ရင်တော့ UNHCR လို အဖွဲ့အစည်းတွေက ကူညီစောင့် ရှောက် ဖြေရှင်းပေးဖို့ လိုအပ်လာမှာ ဖြစ်ပါတယ်။
ခုလောလောဆယ်မှာ ဘင်္ဂလားနိုင်ငံခြားရေး အတွင်းဝန်က အစပြုပြီး ထွက်ပေါ်လာခဲ့တဲ့ မီဒီယာ သတင်းတွေကြောင့် ပြည်သူတွေအကြားမှာ အထင်မှား၊ အမြင်မှား ဝေဖန်ပြောကြားနေတာတွေ တွေ့ရှိရတဲ့အတွက် အခုလို ရှင်းလင်း တင်ပြလိုက်ရခြင်းပဲ ဖြစ်ပါတယ်။
အဓိက ပေးလိုတဲ့ Message ကတော့ နိုင်ငံတော်သမ္မတကြီးနဲ့ မြန်မာနိုင်ငံအစိုးရဟာ တချို့ ဝေဖန် ပြောကြားနေသလို မပျော့ပါဘူး၊ မအပါဘူး ဆိုတာပါပဲ။ နှစ်နိုင်ငံ သဘောတူညီချက်တွေ၊ နိုင်ငံတကာ သဘောတူညီချက်တွေကိုတော့ လေးစားရမှာပါပဲ။ ဒီနေရာမှာ မိမိနိုင်ငံရဲ့ အချုပ်အခြာ အာဏာ၊ နိုင်ငံသားများရဲ့ အကျိုးစီးပွား၊ ဂုဏ်သိက္ခာကို မထိပါးစေရ ဆိုတဲ့ နိုင်ငံတော်သမ္မတကြီး ချမှတ်ထားတဲ့ မူဝါဒအတိုင်း ဆောင်ရွက်သွားမှာ ဖြစ်ပါကြောင်း အလေးအနက် တင်ပြလိုက်ရပါတယ်။
မှူးဇော်

No comments:

Post a Comment