Wednesday, September 3, 2014

မျှော်လင့်ချက် ရောင်နီသန်းချိန်

ယခင်တုန်းက မြန်မာ့ရုပ်မြင် သံကြားတွင် ၈ နာရီ သတင်းပြီး သည့်အခါ ''ငြိမ်းချမ်းရေးပန်းခင်း''သီချင်းကို အမြဲလိုလို ထုတ်လွှင့်ပေးခဲ့သည်။ တိုင်းရင်းသား ပေါင်းစုံကို ညီညီညွတ်ညွတ် ကြည့်ရ သဖြင့် ဝမ်းသာပီတိ ဖြစ်ခဲ့သည်ကား အမှန်ပါ။ ထိုတေး သီချင်းထဲက ''ငြိမ်းချမ်းတဲ့အခါ သိလိမ့်မယ်'' ဆိုသည့် စာသားမှာ ရင်ကိုတိုက်ရိုက် ထိမှန် စေသည်။တကယ်တော့ ''ငြိမ်းချမ်းတဲ့အခါ သိလိမ့်မယ်'' ဆိုသည့် အဓိပ္ပာယ်မှာ အမြဲတမ်းငြိမ်းချမ်း နေသည့် ဒေသများ၌ကား တန်ဖိုးအနဂ္ဃ မရှိနိုင်ပါ။ သို့သော် မငြိမ်းချမ်းသည့် ကာလဒေသနှင့် နှိုင်းယှဉ်သိရှိ ပါမှ တကယ့်အရသာကို ခံစားနိုင်မည် ဖြစ်သည်။ ယခင်ကာလ တစ်ခုက ဖြစ်သည်။ ဘွဲ့ရခေတ်ပညာတတ် ပုဂ္ဂိုလ်တစ်ဦးက မြန်မာနိုင်ငံကို အခြားနိုင်ငံကြီး တစ်ခုက တိုက်ခိုက် သိမ်းပိုက်လျှင် သိပ်ကောင်းမည်ဆိုသည့် စကားတစ်ခွန်း ပြောကြားသည်။

 ကြားရသည့် စကားကြောင့် စာရေးသူ ခေါင်းနပန်း ကြီးသွားသည်။ မုန်းတီးစိတ် တစ်ခုကို ရှေ့တန်းတင်၍ ပြောလိုက်ခြင်း ဖြစ်ကြောင်း နားလည်လိုက်သည်။ ထို့ပြင် ဘွဲ့ရပညာတတ် တစ်ဦးသည် အသက်အရွယ်အားဖြင့် ငယ်သေးသည့်နည်းတူ ငြိမ်းချမ်းသော မြို့ကြီးပြ ကြီးတွင် မွေးဖွားကြီးပြင်းလာသူ ဖြစ်သည်။ အကယ်၍သာ သူသည် မငြိမ်းချမ်းသော ဒေသ၌ ကြီးပြင်း၍ အသက်နဲ့ခန္ဓာကိုယ် အိုးစားမကွဲအောင် ပြေးလွှားနေရသည် ဆိုလျှင် ထိုစကားမျိုး ကို ပြောကြားလိမ့်မည် မဟုတ်ပေ။ အဝတ်တစ်ထည် ကိုယ်တစ်ခု၊ အိုးမဲ့အိမ်မဲ့ ဘဝဖြင့် ပြေးလွှားနေကြသော အပြစ်မဲ့တိုင်းရင်းသား ပြည်သူတို့၏ အနိဋ္ဌာရုံမြင်ကွင်းကို သူမြင်ဖူးမည် မဟုတ်ပေ။ စစ်တိုက်သည်ဆိုရာတွင် ရုပ်ရှင်ဇာတ်ကား ထဲမှာသာ ကြည့်၍ ကောင်းသည်။
ပြီးခဲ့သည့် သြဂုတ် ၂၅ ရက်က နိုင်ငံတော်သမ္မတ ကြီးနှင့် ''ဝ'' အထူးဒေသ(၂)၊ မိုင်းလား အထူးဒေသ(၄) ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် အဖွဲ့အစည်း ကိုယ်စားပြု ကိုယ်စား လှယ်များ တွေ့ဆုံခဲ့ကြသည်။ ဤသို့တွေ့ဆုံခဲ့ပြီး ထာဝရငြိမ်းချမ်းရေးနှင့် ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။ ထာဝရငြိမ်းချမ်းရေး ဖော်ဆောင်မှုသည် မကြာသော အချိန်အတွင်းတွင် အောင်မြင်စွာ အဆုံးသတ်တော့မည်ဟု ယုံကြည်ရသည်။ ထိုသတင်းမျိုးကို မငြိမ်းချမ်းသည့် ဒေသရှိ တိုင်းရင်းသား ပြည်သူတို့ထက် မည်သူမျှပို၍ ခံစားရမည် မဟုတ်ချေ။ စာရေးသူတို့ တောင်ညိုဘုရားကြီး ကျောင်းတိုက် ဘုန်းတော်ကြီးကျောင်းသို့ ရောက်ခဲ့စဉ်က ဒေသခံတစ်ဦးကို တစ်ချိန်က ''မုဆိုးမရွာ'' ဖြစ်ခဲ့သော ရွာအကြောင်းမေးရာ မသိကြောင်း ပြန်ပြော သည်။ ၄င်းရွာတွင် ဗကပများ လယ်မြေ ခွဲခြမ်းမှု ပေးခဲ့စဉ်က အမျိုးသမီး တစ်ဦးသည် ''လယ်မြေကို မခွဲပေးဘဲ လင်ကိုပဲ ခွဲပေးပါ''ဟု ပြောခဲ့သည့်ရွာ ဖြစ်သည်။ ၄င်းအကြောင်းကို ရဲဘော်ဘခက်က ''ဘခက် အကြောင်း'' စာအုပ်ထဲတွင် ရေးသားခဲ့သည်။ သောင်းကျန်းသူများ ကြီးစိုးသည့် ကာလတွင် ယောက်ျားမှန်သမျှ အသတ်ခံခဲ့ရသော ရွာဖြစ်သည်။ ထိုအဖြစ်အပျက်ကို ငြိမ်းချမ်းသည့် ကာလတွင် ကြီးပြင်းခဲ့သူက မသိခြင်းဖြစ်သည်။ သိရှိသည့် တိုင်အောင်လည်း ခံစားတတ်မည် မဟုတ်ပေ။
စာရေးသူတို့ ဇာတိရွာသည် ရန်ကုန်တိုင်း ဒေသကြီး ထန်းတပင်မြို့နယ်တွင် တည်ရှိပြီး ပြည်တွင်းစစ် ထူပြောခဲ့သည့် ကာလတွင် စစ်ဘေးစစ်ဒဏ် သင့်ခဲ့သော ဒေသဖြစ်သည်။ မိဘများသည် စာရေးသူ၏ အစ်ကိုကြီးများ ကိုရင်ခွင်ပိုက်၍ စစ်ပြေးဒုက္ခသည်ဘဝ ရောက်ခဲ့ ရဖူးသည်။ မိသားစုအားလုံး ရန်ကုန်သို့ ပြေးခဲ့ရသည်။ ရရာအလုပ်လုပ်၍ ဝမ်းရေးအတွက် ဖြေရှင်းရသည်။ သို့သော် မိသားစုများ မပျော်နိုင်ပါ။ လယ်ယာကို သံယောဇဉ်ကြီ သော အဖေသည် အရင်ဆုံး ရွာပြန်သွားခဲ့သည်။ အသက်ကို ဖက်နှင့်ထုပ်ခဲ့ရသော ကာလများကို လယ်စိုက်ရင်း ဖြတ်သန်းခဲ့ရသည်။ ထိုအကြောင်းများကို ပြန်ပြောပြသော်လည်း ကိုယ်တွေ့ မကြုံရ၍ စာရေးသူ မခံစားခဲ့ရပါ။ ထမင်းစားရာတွင် လက်နှေးသည့် စာရေးသူကို မိခင်က ''ဒီလိုထမင်း စားပုံမျိုးနဲ့ ဟိုတုန်းကဆို ငတ်ပြီ''ဟု မြည်တွန်တောက်တီး တတ်သည်။ ဟိုတုန်း ကတော့ ထမင်းကို မြန်မြန်စား၍ မြန်မြန်ထမင်းချက် ထားရသည်ဟုလည်း ပြောပြသည်။ ထမင်းအိုးရွက်၍ အကြိမ်များစွာ ပြေးခဲ့၊ ပုန်းခဲ့ရ သည်ဟုလည်း ဆိုသည်။
သို့သော် ၁၉၆၇ ခုနှစ်ဝန်းကျင် ကာလသို့အရောက်တွင်မူ သောင်းကျန်းသူများနှင့် နဖူးတွေ့ ဒူးတွေ့ကြုံဖူး လေတော့သည်။ မှော်ဘီမြို့နှင့် ခုနစ်မိုင်ခန့်သာ ကွာဝေးသော်လည်း ရွာတွင် သောင်း ကျန်းသူများ အုပ်ချုပ်သည်။ အစိုးရအာဏာစက် လုံးဝမရှိ။ သောင်းကျန်းသူ အုပ်ချုပ်ရေး ကာလတွင် တရားစီရင် ရေးကိစ္စမှာ လွန်စွာရိုးရှင်းသည်။ ပြစ်မှုထင်ရှားလျှင် သေဒဏ်၊ ထဘီခိုးလျှင် လည်း သေဒဏ်၊ ကြက်၊ ဘဲ၊ ဝက်၊ နွားခိုးလျှင်လည်း သေဒဏ်။ ပြစ်မှု မထင်ရှားလျှင် အသက်မှ ချမ်းသာရာ ရခဲ့သော်လည်း ဖက်ဆစ်နည်းအတိုင်း စစ်ဆေးခဲ့သဖြင့် လုပ်ကိုင်၍ မစားနိုင်တော့။ နေ့ချင်းညချင်း ဒုက္ခိတဘဝ ရောက်ရှိ သွားတော့သည်။
သောင်းကျန်းသူတို့ ရက်စက်စွာညှဉ်းဆဲပြီး လူသတ်ရာသို့ မူလတန်း ကျောင်းသားများ လာရောက် ကြည့်ရှုရသည်။ ဆရာကိုယ်တိုင် ကြပ်မတ်၍ ခေါ်ဆောင် ပြသရသည်။ ရဲစိတ်ရဲမာန် တက်ကြွစေရန် ရည်ရွယ်ကြောင်း သိရသည်။ တစ်နေ့တွင် သောင်းကျန်းသူ ဗိုလ်တစ်ဦး စာရေးသူတို့ အိမ်သို့ရောက်လာပြီး မြေယာကော်မတီ စာရေးအကူ လုပ်နေသော အစ်ကိုဖြစ် သူကို တွေ့လိုကြောင်း ပြောသည်။ စာရေးသူ၏ ဖခင်က ''ဗိုလ်ကြီးတို့ တွေ့ချင်ရင် ခေါ်ပေးပါမည်။ ယခု ခုနစ်တန်းမှာ ကျောင်းတက်နေပါသည်''ဟု ပြောမှ မတွေ့လိုတော့ ကြောင်း ပြောပါသည်။ အိမ်မှထွက်ခါနီး ဖခင်ဖြစ်သူကို ''ခင်ဗျားသားက အစိုးရ လက်ကိုင်တုတ် အသေးစားလေးပဲ''ဟု ပြောခဲ့သည်။ ရွာမှာ ငွေကြေးဥစ္စာ ချမ်းသာသည့် လူများက လွတ်ရာကျွတ်ရာ မြို့ပေါ် သို့ ပြောင်းရွှေ့သွားကြသည်။ သူတို့ကား မငြိမ်းချမ်းသည့် အရသာနှင့် ငြိမ်းချမ်းသည့် အရသာကို ခွဲခြားပြီး ခံစားတတ်သောကြောင့် ဖြစ်သည်။
လွန်ခဲ့သည့် သုံးနှစ်ကျော်ကာလက ပြည်နယ်တစ်ခုရှိ မြို့ကြီးတစ်မြို့၏ ရပ်ကွက်တွင် နေထိုင် ခဲ့သည့် မိတ်ဆွေ တစ်ဦးက ''အစိုးရ အုပ်ချုပ်မှုအောက်မှာ ရှိနေပေမယ့် သောင်းကျန်းသူ တွေကို ဆက်ကြေးပေး နေရတာပဲဗျ။ မပေးရင် ကျည်ဆန်တစ်တောင့် ပို့ပေးတယ်။ ဒါဆို ဘာဖြစ်တော့မလဲဆိုတာ သဘောပေါက်တော့ဗျာ။ လူထုဆိုတာ မြေစာပင်ပါပဲဗျာ'' ဟု ပြောခဲ့ ဖူးသည်။
ယခုတော့မူ မြန်မာပြည် ငြိမ်းချမ်းရေး ဖြစ်စဉ်အတွက် ကောင်းမွန်သော အလားအလာ ကောင်းများ မြင်တွေ့လာသည်။ တိုင်းရင်းသား ခေါင်းဆောင်များနှင့် အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေး ထိုးရန် အလွန်နီးကပ်လာသည်။ အစိုးရက ငြိမ်းချမ်းရေးအတွက် အရှိန်မြှင့် လာသည်။ ပြည်သူလူထု၏ မျှော်လင့်ချက် အိပ်မက်များ ရောင်ခြည် သန်းလာပြီဟု ပြောနိုင်သည်။
အမှန်စင်စစ် မငြိမ်းချမ်းသည့်အခါ ခါးသီးသည့် ဆေးခါးကြီးကို သောက်ရသူမှာလည်း ဒေသခံ တိုင်းရင်း သားပြည်သူများ ...။
ငြိမ်းချမ်းသည့်အခါ ချိုမြိန်သော ပျားသကာကို နှစ်လိုစွာ စားသုံးကြရမည့် သူများမှာလည်း ဒေသခံ တိုင်းရင်းသား ပြည်သူများပင်..။
ဟုတ်ပါသည်။
ဆိုးမွေကိုလည်းကောင်း၊ ကောင်းမွေကိုလည်းကောင်း လက်တွေ့ဘဝဖြင့် ခံစားကြရသူများမှာ ဒေသခံတိုင်း ရင်းသားများမှလွဲ၍ အခြားသူ မရှိနိုင်။ ''ငြိမ်းချမ်းရေး'' ဆိုသည်မှာ ''သူတို့၏ ရင်တွင်းဖြစ်'' စကားများ ပေတည်း ...။ ။
ချမ်းမြအောင်

No comments:

Post a Comment