(၁)
ဆင်းရဲချမ်းသာ ကွာဟမှုတွေ ပိုများလာတဲ့ မြန်မာနိုင်ငံမှာ ပြည်သူလူထုရဲ့ စားဝတ်နေရေး ကျပ်တည်းမှုတွေ ပိုဆိုးလာပါတယ်။ လူထုရဲ့ မျှော်လင့်ချက်တွေက သူတို့နေ့စဉ် ကြုံတွေ့နေတဲ့ စီးပွားရေးကျပ်တည်းမှုအောက်မှာ ထွက်ပေါက်ပိတ်နေပါတယ်။ မျှော်လင့်ချက်တွေ ပျောက်ဆုံးနေသလို သူတို့ကို ထွက်ပေါက်ပေး ဦးဆောင်နိုင်မယ့် သူတွေနဲ့လည်း ဝေးကွာနေပါတယ်။
ဒီအခြေအနေမှာ နိုင်ငံရေးခေါင်းဆောင်တွေရဲ့ အခန်းကဏ္ဍက ပိုအရေးကြီးလာပါတယ်။ နိုင်ငံရေး သမားတွေအနေနဲ့ နှစ်၂ဝ တော်လှန်ရေးခရီးထဲက ရုန်းထွက်ဖို့ အချိန်ရောက်နေပါပြီ။ တော်လှန်ရေး ကာလကထက် ပိုနက်နဲတာတွေကို လုပ်ရပါတော့မယ်။
နိုင်ငံရေးသမားဆိုတာ အာဏာပိုင်အဖွဲ့အစည်း မဟုတ်ပါဘူး။ တက်ကြွလှုပ်ရှားသူ (activist) မဟုတ်ပါဘူး။ ဒါပေမဲ့ နိုင်ငံရေးသမားဟာ နိုင်ငံရေးသမားအလုပ်နဲ့ လွဲချော်တာမျိုး မဖြစ်သင့်ပါဘူး။
နိုင်ငံရေးသမားရဲ့အလုပ်က ပြည်သူတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ မီဒီယာတွေဆီက အသံကိုယူပြီး အကောင်းဆုံးမဟုတ်တောင် အားလုံးကိုယ်စား ပြည်သူတွေကို ဦးဆောင်ပြီး အဖြေရှာပေးရမယ့် သူတွေ ဖြစ် ပါတယ်။ သူတို့ဟာ လက်ရှိအုပ်ချုပ်ရေး အာဏာပိုင်တွေနဲ့ စကားပြောဆို ဆွေးနွေးနိုင်သူတွေ ဖြစ်ပါတယ်။ ပြည်သူတွေရဲ့ တောင်းဆိုချက်၊ လိုအင်ဆန္ဒတွေကို အစိုးရနဲ့ အပေးအယူ deal လုပ်ပြီး ဖော်ဆောင်ပေးရမှာ ဖြစ်ပါတယ်။ ဒီလိုမလုပ်နိုင်ရင် နိုင်ငံရေးသမားတွေဟာ ပြည်သူလူထုနဲ့ လွဲချော်သွားနိုင်ပါတယ်။
(၂)
အခု မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ ကိစ္စတွေကိုကြည့်ရင် နိုင်ငံရေးသမားတွေ လူထုနဲ့ လွဲချော်နေ သလားလို့ မေးခွန်းထုတ်စရာ ရှိပါတယ်။
ဥပမာအားဖြင့် ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးကို နိုင်ငံရေးသမားတွေ ဦးတည်နေပါတယ်။ လက်တွေ့အခြေအနေမှာ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးက ထင်သလောက် ခရီးမပေါက်ပါဘူး။ အကယ်၍ ပြင်ဆင်ပေးခဲ့သည့်တိုင် လိုချင်တဲ့ပမာဏ ရလိမ့်မယ်လို့ ဘယ်သူကမှ အာမမခံနိုင်ပါဘူး။ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအပေါ် ပြည်သူလူထုရဲ့ နားလည်မှုကလည်း လိုအပ်ချက်တွေ ရှိနေပါတယ်။ ပုဒ်မ ၅၉ (စ) ပြင်ဆင်ရေးနဲ့ ရွေးကောက်ပွဲ အချိုးကျကိုယ်စားပြုစနစ် (PR) ကိစ္စတွေမှာလည်း ဒီအတိုင်းပါပဲ။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ၊ တိုင်းရင်းသားပါတီ ပြောဆိုနေတဲ့ ဖက်ဒရယ်ကိုလည်း ပြည်သူတွေ ကောင်းကောင်းသဘောမပေါက်ပါဘူး။
လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေးကိစ္စလည်း ဒီအတိုင်းဖြစ်နေပါတယ်။ တွေ့ဆုံဆွေးနွေးလိုတဲ့ အဓိကအချက်က နိုင်ငံရေးလိုအင်ဆန္ဒကြောင့်ဖြစ်နေပြီး ပြည်သူတွေလို အပ်နေတဲ့ လူမှုရေး၊ စီးပွားရေး အကျပ်အတည်းတွေ ဘယ်လိုဖြေရှင်းမလဲဆိုတာ မပါဝင်ပါဘူး။ ဒါကြောင့်လည်း လေးပွင့် ဆိုင်တွေ့ဆုံမှုအပေါ် ပြည်သူလူထုရဲ့ စိတ်ဝင်စားမှု လျော့ပါးနေတာ ဖြစ်ပါတယ်။ နိုင်ငံရေးကိစ္စတင်မကဘဲ စီပွားရေး၊ လူမှုရေးအကျပ်အတည်း ဖြေရှင်းဖို့ အချက်တွေ ပါမယ်ဆိုရင် လေးပွင့်ဆိုင်ဆွေးနွေး ပွဲကို ပြည်သူတွေက ပိုပြီးတွန်းအားပေးမှာ ဖြစ်ပါတယ်။
(၃)
အခြေခံအားဖြင့် ပြည်သူတွေရဲ့ နိုင်ငံရေးအသိစိတ်ဓာတ် လျော့ပါးနေခြင်းဟာ သူတို့ရဲ့ ဆင်းရဲမွဲတေမှု အပါအဝင် စားဝတ်နေရေး ကျပ်တည်းမှုနဲ့ တိုက်ရိုက်သက်ဆိုင်နေပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၁၂ ရက်မှာ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေဖြစ်တဲ့ ကုန်ဈေးနှုန်းကျဆင်းရေးနှင့် ဒီမိုကရေစီ စဉ်ဆက်မပြတ် ဖော်ဆောင်ရေးအဖွဲ့ (MDCF) နဲ့ အလုပ်သမား လယ်သမား အရေး ဆောင်ရွက်သူများအဖွဲ့ (FNI) က အဖွဲ့ဝင်တွေ မန္တလေးမြို့မှာ ဆန္ဒပြခဲ့ပါတယ်။ သမ္မတ ဦးသိန်းစိန် နောက်သက်တမ်း ထပ်အရွေးခံမယ်ဆိုရင် ဒီအချက်တွေကို ပြီးအောင်အရင်လုပ်လိုက်ပါဆိုပြီး ဆန္ဒထုတ်ဖော်ခဲ့တာပါ။ သူတို့ တောင်းဆိုခဲ့တဲ့ အချက် ၁၁ ချက်ရှိပါတယ်။
ပြည်သူတွေရဲ့ လက်တွေ့ဘဝ အခြေအနေက MDCF နဲ့ FNI အဖွဲ့တွေ ထောက်ပြတဲ့အချက်တွေနဲ့ နီးစပ်နေပါတယ်။ ဆင်းရဲမွဲတေမှုမြင့်မားပြီး စားဝတ်နေရေး ကျပ်တည်းနေတယ်။ မတရားဖိနှိပ်ခံရမှုတွေ ရှိနေတယ်။ ဘဝရည်မှန်းချက်မရှိဘဲ အနာဂတ်ပျောက်ဆုံးနေတယ်။ ဒီသုံးချက်က အဓိကပါပဲ။ ဒါပေမဲ့ ဒီသုံးချက်ပြေလည်အောင် အစိုးရက လုပ်မပေးနိုင်ပါဘူး . . . . .
အဲဒီ ၁၁ ချက်က (၁) ကုန်ဈေးနှုန်းကျဆင်းအောင် ဆောင်ရွက်ပေး၊ (၂) ဆင်းရဲမွဲတေမှုလျော့ ကျအောင် ဆောင်ရွက်ပေး၊ (၃) ပြည်သူများ၏ စားဝတ်နေရေးပြေလည်အောင် ဆောင်ရွက်ပေး၊ (၄) အဂတိလိုက်စားမှုပပျောက်အောင် ဆောင်ရွက်ပေး၊ (၅) တရားရေးမဏ္ဍိုင်တည့်မတ်အောင် ဆောင်ရွက်ပေး၊ (၆) မြေယာပြဿနာများကို ဖြေရှင်းပေး၊ (၇) အလုပ်သမားများ၏ အခွင့်အရေးများကို ဖြေရှင်းပေး၊ (၈) တောင်သူလယ်သမားများကို ဖမ်းဆီးထောင်ချခြင်းမှ ကာကွယ်ပေး၊ (၉) သတင်းမီဒီယာသမားများကို ဖမ်းဆီး၊ ထောင်ချ၊ ဖိနှိပ်မှုများကို ကာကွယ်ပေး၊ (၁ဝ) နိုင်ငံရေးအကျဉ်းသားအားလုံးကို ချက်ချင်းလွှတ် (၁၁) ဘာသာရေးပဋိပက္ခများ မဖြစ်ပေါ်အောင် ဖြေရှင်းရေးတို့ ဖြစ်ပါတယ်။
ဒီအချက်တွေက လူထုရင်ဆိုင်နေရတဲ့ အကျပ်အတည်းကို ထင်ဟပ်စေပါတယ်။ အနီးကပ်ဆုံးနဲ့ အမှန်ကန်ဆုံး ဖြစ်ပါတယ်။ ဒါတွေကို နိုင်ငံရေးခေါင်းဆောင်တွေက မီးမောင်းမထိုးဘဲ နိုင်ငံရေးလိုအင်ဆန္ဒ တစ်ခုတည်းကို ရှေ့တန်းတင်သလို ဖြစ်နေပါတယ်။
(၄)
ပွင့်ပွင့်လင်းလင်းပြောရင် နိုင်ငံရေးသမားတွေဟာ ပြည်သူတွေရဲ့ အခြေခံပြဿနာတွေကို နားလည်ပြီး ပြည်သူတွေနဲ့ တစ်သားတည်းနေ၊ ပြည်သူတွေကို ဦးဆောင်နိုင်ဖို့ ပျက်ကွက်နေပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD) ဝင် နိုင်ငံရေးသမားတွေ၊ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူအဖွဲ့အစည်းက လူပုဂ္ဂိုလ် နိုင်ငံရေးသမားတွေကိုယ်တိုင် လွဲချော်နေတာပါ။ လူထုကြားမှာ ၈၈ မျိုးဆက် ကျောင်းသားဟောင်းတွေရဲ့ နေရာဝင်ယူနိုင်မှုဟာ တဖြည်းဖြည်း မှေးမှိန်လာတာ ပိုထင်ရှားလာပါပြီ။
ပုဒ်မ ၄၃၆ ပြင်ဆင်ရေးကိုပဲ ဥပမာပြုကြည့်ပါတယ်။ ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်ဖို့ လိုအပ်ပါတယ်။ ဒါပေမဲ့ ဖြစ်နေတဲ့ နိုင်ငံရေးအခင်းအကျင်းအရ အကုန်ပြင်လို့ရဦးမှာ မဟုတ်ပါဘူး။ ပြင်ပေးခဲ့သည့်တိုင် အကန့်အသတ်တွေ ရှိနေမှာပါ။
မြန်မာနိုင်ငံမှာ ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ဖို့ လက်မှတ်ထိုးဆိုရင် ငါးသန်းမကဘူး။ သန်း ၅ဝ လောက် လက်မှတ်ထိုးနိုင်ပါတယ်။ ဒီအထဲ ၁၈ နှစ်အောက် လူငယ်တွေက သန်း ၃ဝ အထိ ပါနိုင်တယ်။ လက်ရှိဖြစ်နေတဲ့ အာဏာရှင်ပုံစံတွေက ဖွဲ့စည်းပုံအခြေခံဥပဒေကြောင့်၊ ပြည်သူတွေ ဆင်းရဲမွဲတေနေရတာ ဖွဲ့စည်းပုံအခြေခံဥပဒေကြောင့်ဆိုတဲ့ အချက်တစ်ချက်တည်းနဲ့ တင်ပြင်ဖို့ လက်မှတ်ထိုးကြမှာပါ။ ဒါပေမဲ့ ပြည်သူတွေနားလည်အောင် အခုထက်ပိုပြီး ရှင်းပြဖို့လို ပါတယ်။ ပြည်သူတွေနဲ့ တစ်သားတည်းနေ၊ သူတို့အကျပ်အတည်းတွေနဲ့ အတူလိုက်ပါစီးမျောပြီး နားလည်သဘောပေါက်အောင် လုပ်ဖို့ပဲလိုတာပါ။
အခုချိန်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေ မကောင်းကြောင်း သိရှိနားလည်သူ အရေအတွက်နဲ့ ပြင်ဖို့ လက်မှတ်ရေးထိုးသူ အရေအတွက် ကွာဟချက်ဖြစ်နေတာက ပြည်သူတွေရဲ့ လက်တွေ့ဘဝနဲ့ နိုင်ငံရေးခေါင်းဆောင်တွေရဲ့ နိုင်ငံရေးလိုအင်ဆန္ဒ ကွာဟချက်ရှိနေတယ် ဆိုတာကို ပြနေတာပါ။
ပြည်သူတွေရဲ့ လက်တွေ့ဘဝ အခြေအနေက MDCF နဲ့ FNI အဖွဲ့တွေ ထောက်ပြတဲ့အချက်တွေနဲ့ နီးစပ်နေပါတယ်။ ဆင်းရဲမွဲတေမှုမြင့်မားပြီး စားဝတ်နေရေး ကျပ်တည်းနေတယ်။ မတရားဖိနှိပ်ခံရမှုတွေ ရှိနေတယ်။ ဘဝရည်မှန်းချက်မရှိဘဲ အနာဂတ်ပျောက်ဆုံးနေတယ်။ ဒီသုံးချက်က အဓိကပါပဲ။ ဒါပေမဲ့ ဒီသုံးချက်ပြေလည်အောင် အစိုးရက လုပ်မပေးနိုင်ပါဘူး။ အစိုးရ လုပ်ပေးနိုင်အောင် အဖြေရှာတဲ့နည်းလမ်းကို ဒေါ်အောင်ဆန်းစုကြည်ရော၊ ၈၈ မျိုးဆက် ကျောင်းသားဟောင်းတွေရော၊ တိုင်းရင်းသားခေါင်းဆောင်တွေကပါ လုပ်မပေးနိုင်ဘူး ဖြစ်နေပါတယ်။
အာဏာကို ဆုပ်ကိုင်ထားလိုသူတွေက သူတို့အာဏာ တည်မြဲရေးအတွက် ပြည်သူကို မျက်ကွယ်ပြုထားပါတယ်။ သူတို့ကြောင့် ပြည်သူတွေ ဒီသုံးချက်ဖြစ်နေတယ်။ ဒီသုံးချက်ကို ဖြေရှင်းဖို့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဖို့ လိုအပ်တဲ့ဆိုတဲ့ ရည်ရွယ်ချက်ကို ဒေါ်အောင်ဆန်းစုကြည် နဲ့ နိုင်ငံရေးခေါင်းဆောင်တွေက ပြည်သူလူထုနားလည်အောင် ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသား ဦးဆောင်ရှင်းပြရမှာ ဖြစ်ပါတယ်။
(၅)
ပြည်သူတွေ ရင်ဆိုင်နေရတဲ့ အကျပ်အတည်း ပြေလည်စေဖို့ အစိုးရမှာ ရာနှုန်းပြည့် တာဝန်ရှိပါတယ်။ အကျပ်အတည်း ပြေလည်စေဖို့အတွက် ပြည်သူတွေနဲ့ တစ်သားတည်းနေထိုင်ပြီး ဦးဆောင်ကဏ္ဍက အစိုးရနဲ့ စေ့စပ်ညှိနှိုင်းပြီး အဖြေရှာနိုင်ဖို့ နိုင်ငံရေးသမားတွေမှာ တာဝန်ရှိပါတယ်။
ဆင်းရဲချမ်းသာ ကွာဟမှုက သမ္မတဦးသိန်းစိန်လက်ထက်မှာ ပိုဖြစ်လာပါတယ်။ နိုင်ငံကို စွန့်ခွာပြီး ပြည်ပကိုထွက်နေတဲ့ လူငယ်အရေအတွက် ပိုများလာပါတယ်။ မျှော်လင့်ချက် တချို့ကြောင့် ပြည်တွင်းပြန်လာတဲ့ လူငယ်တွေလည်း မျှော်လင့်ချက်မဲ့ကုန်ပါပြီ။
အရင် အစိုးရလက်ထက်က ခရိုနီအရေအတွက် ဆယ်ဂဏန်းလောက်ပဲရှိပေမယ့် ဦးသိန်းစိန်အစိုးရ လက်ထက်မှာ ခရိုနီရာဂဏန်း၊ ထောင်ဂဏန်း ဖြစ်လာပါပြီ။ ဘယ်သူကမှ သမ္မတဦးသိန်းစိန်ကို မကြောက်တော့ပါဘူး။ ပြည်ထောင်စုဝန်ကြီးတွေနဲ့ အဆင်ပြေရင် အားလုံးပြီးတယ်။ သမ္မတဦးသိန်းစိန်က အရေးယူနိုင်မှာ မဟုတ်ဘူးဆိုတဲ့ပုံစံနဲ့ နေရာတိုင်းမှာ လာဘ်ပေးလာဘ်ယူမှုတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်နေပါတယ်။
ကချင်ပြည်နယ်၊ ဖားကန့်မှာ လုပ်ငန်းလုပ်ကိုင်နေသူတစ်ဦး ပြောခဲ့တာရှိပါတယ်။ အရင်က သူ့ဒေသမှာ အခွန်ဆက်ကြေးပေးတဲ့အခါ တပ်နဲ့ KIO နှစ်ဖွဲ့ကိုပဲ ပေးရတယ်လို့ သူကဆိုပါတယ်။ အခုချိန်မှာတော့ နှစ်ဖွဲ့တည်း မကတော့ပါဘူး။ KIA ကိုလည်းပေးရတယ်။ KIO ဒေသဆိုင်ရာ အဖွဲ့တွေကိုလည်း ပေးရတယ်။ စစ်ဆင်ရေး တပ်မကိုလည်း ပေးရတယ်။ တိုင်းတပ်ကိုလည်း ပေးရတယ်။ ပြည်နယ်အစိုးရကိုလည်း ပေးရတယ်။ ပြည်ထောင်စုအစိုးရကိုလည်း ပေးရပါတယ်လို့ သူကပြောပါတယ်။ သူပြောတာ မှန်၊ မမှန်က သူနဲ့ဆိုင်ပါတယ်။ မှန်၊ မမှန်ဆိုတာကို အစိုးရက စုံစမ်းစစ်ဆေးရမှာ ဖြစ်ပါတယ်။
ဒါဟာ ကချင်ပြည်နယ် ဖားကန့်က လုပ်ငန်းရှင်တစ်ဦးပဲ ရှိပါသေးတယ်။ နိုင်ငံနဲ့ဆိုင်တဲ့ စီမံကိန်းတွေ၊ ဝန်ကြီးဌာနနဲ့ဆိုင်တဲ့ စီမံကိန်းတွေ၊ လုပ်ငန်းလုပ်ကိုင်ခွင့် ချထားပေးမှုတွေမှာ လာဘ်ပေးလာဘ်ယူမှု ဘယ်လောက်ရှိနေသလဲဆိုတာ မှန်းဆရခက်ပါတယ်။
ဒီအချက်တွေကို နိုင်ငံရေးသမားတွေက ထောက်ပြရမှာပါ။ ပြဿနာတွေကို နိုင်ငံရေးသမားတွေကိုယ်တိုင် ထဲထဲဝင်ဝင် သိနားဖို့လိုပြီး ထောက်ပြဖို့အတွက် စိုးရိမ်စိတ် မထားသင့်ပါဘူး။
အစိုးရကိုထောက်ပြလို့ အခုရထားတဲ့ အခြေအနေ ပျက်ယွင်းသွားမယ်။ တွေ့ ဆုံဆွေးနွေးရေး ၊ စေ့စပ်ညှိနှိုင်းရေး ပျက်ပြယ်သွားမယ်ဆိုတဲ့စိတ်တွေ မထားသင့်တော့ပါဘူး။
(၆)
ခိုင်မာတဲ့ အချက်တစ်ခုက သမ္မတဦးသိန်းစိန် အစိုးရအဖွဲ့ သက်တမ်းသုံးနှစ်၊ ဘဏ္ဍာနှစ် လေးနှစ်တာ ကာလမှာ အစိုးရရဲ့ ဘတ်ဂျက်လိုငွေ ကျပ်ဘီလျံ ၉၈ဝဝ ခန့် ရှိခဲ့ပါတယ်။ ဒီလိုအပ်မှုတွေမှာ ဘယ်လိုစီမံခန့်ခွဲမှုအမှားတွေ ရှိနေသလဲ။
တစ်ဖက်မှာလည်း နိုင်ငံတကာရဲ့ ကူညီထောက်ပံ့မှုတွေ၊ ချေးငွေတွေကို အစိုးရက မရပ်မနား ရယူနေပါတယ်။ ပြီးခဲ့တဲ့ ၂ဝ၁၃ ခုနှစ် စက်တင်ဘာ မတိုင်ခင်အထိကို မြန်မာနိုင်ငံ ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်နဲ့ ငြိမ်းချမ်းရေးကိစ္စတွေမှာသုံးဖို့ နိုင်ငံတကာရဲ့ ကူညီထောက်ပံ့မှုနဲ့ ချေးငွေကတိကဝတ် အမေရိကန်ဒေါ်လာ ရှစ်ဘီလျံကျော် ရှိခဲ့ပါတယ်။
ဒီငွေတွေ ဘယ်ရောက်နေပြီလဲ။ ဒီငွေတွေကို ဘယ်လိုအသုံးပြုနေသလဲ။ အစည်းအဝေးထိုင်ပြီး စနစ်တကျသုံးဖို့ ညွှန်ကြားတယ်ဆိုတဲ့အချက်နဲ့ မလုံလောက်တော့ပါဘူး။ ရငွေနဲ့သုံးစွဲငွေ အတိအကျ၊ အကျိုးသက်ရောက်မှုတွေကို ပြည်သူတွေနားလည်အောင် ရှင်းပြရပါလိမ့်မယ်။
တကယ်လို့ ဒီအစိုးရက မရှင်းဘူးဆိုရင် ယူထားတဲ့ချေးငွေတွေ၊ ရထားတဲ့ ထောက်ပံ့ငွေကြေးတွေကို ရှင်းလင်းဖို့ နောက်တက်လာမယ့် အစိုးရမှာ တာဝန်ရှိမှာပါ။ ဒီအစိုးရမှာ အရှုပ်တော်ပုံတွေ ရှိခဲ့တယ်ဆိုရင် ဒီအရှုပ်တွေကို နောက်အစိုးရ ရှင်းရမှာပါ။ နောက်အစိုးရတက်မှ ဒီပြဿနာတွေကို အရေးယူဖြေရှင်း ခဲ့ရင် နိုင်ငံရေးအာဃာတရှိလို့ လက်စားချေတယ်ဆိုတဲ့ ပုံစံမျိုး ဖြစ် သွားနိုင်တာကို နိုင်ငံရေးခေါင်းဆောင်တွေ သတိပြုရပါမယ်။
လက်တွေ့ မေးခွန်းထုတ်ရမှာက သမ္မတဦးသိန်းစိန်လက်ထက်မှာ မြန်မာနိုင်ငံ ဘယ်လောက်တိုးတက်သွားပြီလဲဆိုတဲ့အချက် ဖြစ်ပါတယ်။ လမ်းဘယ်နှလမ်း ဖောက်လုပ်ပြီးစီးသွားပြီလဲ။ အဓိကလိုအပ်ချက် အခြေခံအဆောက်အအုံ (infrastructure) ဘယ်လောက်ပြီးသွားပြီလဲ။ ကိုယ့်ငွေကိုယ်စိုက်ထုတ် ဒီနိုင်ငံမှာ ရင်းနှီးမြှုပ်နှံတဲ့ Ooredoo နဲ့ Telenor ရှိလာတာကို တိုးတက်မှုလို့ မပြောပါနဲ့။ အင်တာနက်တွေ ဘယ်လောက်မြန်ဆန် ကောင်းမွန်သွားပြီလဲ။ ဆက်သွယ်ရေးတွေ တိုးတက်သွားပြီလား။ အစိုးရကိုယ်တိုင်လုပ်ပြီး ပိုအဆင်ပြေ၊ ပိုကောင်းမွန်သွားတာ ဘယ်လောက်ရှိပြီလဲ။ နိုင်ငံတကာအဆင့်မီ လေဆိပ်ကြီးတွေ ဖြစ်လာပြီလား။
နိုင်ငံတိုးတက်ဖို့ ငါးနှစ်နဲ့ မလုံလောက်ဘူးဆိုတဲ့စကားကို ခပ်လွယ်လွယ်ပြောလို့ မရပါဘူး။ ဗီယက်နမ်ဟာ ၂ဝဝဝ ပြည့်နှစ်နဲ့ ၂ဝဝ၅ ခုနှစ် ငါးနှစ်တာကာလမှာ တစ်ဟုန်ထိုး တိုးတက်သွားပါတယ်။
ဒါပေမဲ့ သမ္မတဦးသိန်းစိန်လက်ထက် ၂ဝ၁ဝ ပြည့်နှစ်နဲ့ အခုရောက်နေတဲ့ ၂ဝ၁၄ ခုနှစ်ကြားကာလမှာ ဘာမှမတိုးတက်ပါဘူး။ အခုအခြေအနေအရလည်း သူတာဝန်ယူတဲ့ ငါးနှစ်လုံး တိုးတက်မှုမရှိဘူးလို့ဘဲ သတ်မှတ်ရမှာပါ။
မီတာခတွေတက်လို့၊ အစိုးရလစာတွေ မြှင့်လိုက်လို့ အခြေခံကုန်ဈေးနှုန်းတွေ နှစ်အလိုက် ၂၅ ရာခိုင်နှုန်းကနေ ၁ဝဝ ရာခိုင်နှုန်း တက်သွားတယ်။ တန်ဖိုးနည်းအိမ်ရာ စီမံကိန်းဆိုပြီး လုပ်လိုက်လို့ တိုက်ခန်းခတွေဈေးတက်ပြီး လူလတ်တန်းစားတွေ အိမ်မဝယ်နိုင်၊ အခြေခံလူတန်းစားတွေ အိုးအိမ်မဲ့ဘဝကို ပိုရောက်ကုန်ပါတယ်။ ပြည်သူတွေ ပိုကျပ်တည်းကုန်ပါတယ်။
အခုချိန်မှာ ‘စုလွှတ်တွေ့’ ကာလကလို လုပ်လို့မရတော့ပါဘူး။ နိုင်ငံရေး ကစားကွက် ပြောင်းဖို့ လိုပါပြီ။ ပြုပြင်ပြောင်းလဲမှု ဖြစ်ဖို့အတွက် အခုထက်ပိုပြင်းထန်တဲ့ လှုပ်ရှားမှုတွေ ပိုလုပ်ရပါမယ်။ နိုင်ငံရေးခေါင်းဆောင်တွေ ပူးပေါင်းပြီး ပြည်သူကိုကိုယ်စားပြုတဲ့ နိုင်ငံရေးစကားပြောဖို့ လိုအပ်လာပါပြီ။ လေးပွင့်ဆိုင်ဆွေးနွေးပွဲ လုပ်ရပါလိမ့်မယ်။ နိုင်ငံရေးစကားပြောမှုတွေမှာ နိုင်ငံရေးလိုအင် တစ်ခုတည်းကို ရှေ့တန်းတင်လို့ မရတော့ပါဘူး။ ပြည်သူတွေရင်ဆိုင်နေရတဲ့ အခြေခံအကျပ်အတည်းတွေကအစ . . . . .
သမ္မတရဲ့ ရေဒီယိုမိန့်ခွန်းတွေဟာ ဖဆပလခေတ် ပြည်တော်သာစီမံကိန်းထက် ပိုဆိုးပြီး ရွှေပြည်တော် မသာယာဘူးဆိုတာကို ခရိုနီနဲ့ အခွင့်ထူးခံလူတစ်စု၊ Facebook ပေါ်က လက်တစ်ဆုပ်စာ ဝါဒဖြန့်ချိရေးသမားတွေကလွဲရင် ပြည်သူအားလုံး သိနေကြပါပြီ။ နိုင်ငံရေးသမားတွေလည်း သိနေပါတယ်။
ဒီအရာတွေကို မျက်ကွယ်ပြုနိုင်ဖို့အတွက် သမ္မတဦးသိန်းစိန် သတင်းအမှားတွေ ရနေသလား။ သမ္မတအကြံပေးတွေ၊ ပြည်ထောင်စုဝန်ကြီးတွေ၊ အစိုးရအဖွဲ့ဝင်တွေက သမ္မတဦးသိန်းစိန်ကို ဝိုင်းညာနေကြသလား။ သမ္မတကိုယ်တိုင် ရှာဖွေဖို့ကောင်းပါတယ်။
နိုင်ငံရေးခေါင်းဆောင်တွေကလည်း သတိပေးမှု လုပ်ရပါမယ်။ ဒီလိုလုပ်ရပ်တွေ ရပ်တန်းကရပ်ဖို့ ပြောရ ပါမယ်။ အရေးယူသင့်တာတွေ အရေးယူဖို့၊ အလွန်အကျွံ မဖြစ်ဖို့ကို ပြောဆိုတားမြစ်ရပါမယ်။
သေချာတာကတော့ ဒီအစိုးရမှာ စီမံခန့်ခွဲမှုအမှား (Mismanagement) နဲ့ လာဘ်ပေးလာဘ်ယူမှု (corruption) ရှိနေပါတယ်။ အစိုးရမှာ ဒီနှစ်ချက်ရှိနေသမျှ မြန်မာနိုင်ငံဟာ ဒီမိုကရေစီနဲ့ ဝေး ကွာနေမှာ ဖြစ်ပါတယ်။
(၇)
အစိုးရအဖွဲ့မှာ စီမံခန့်ခွဲမှုအမှားနဲ့ လာဘ်ပေးလာဘ်ယူမှုတွေ ရှိနေပါလျက် နိုင်ငံရေးခေါင်းဆောင်တွေက ပီပီပြင်ပြင် ထောက်ပြနိုင်စွမ်း မရှိပါဘူး။ ဒါ့အပြင် ဒီနှစ်ချက်ကြောင့်ဖြစ်လာတဲ့ ပြည်သူတွေရဲ့ ကျပ်တည်းမှုကိုလည်း နိုင်ငံရေးသမားတွေကပါ မျက်ကွယ်ပြုသလို ဖြစ်နေပါတယ်။
လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေးလုပ်ကို လုပ်ရပါမယ်။ လေးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရေး တစ်ခုတည်း မဟုတ်ပါဘူး။ ဖွဲ့စည်းပုံပြင်ဆင်ရေး၊ ပုဒ်မ ၄၃၆ ကိစ္စတွေ အရေးကြီးပါတယ်။ ဒီအရာတွေ အတွက် တွေ့ဆုံဆွေးနွေးမှုတွေလည်း လုပ်ရပါမယ်။
ဒီတွေ့ဆုံဆွေးနွေးမှုတွေဟာ နိုင်ငံရေးလိုအင်ဆန္ဒ တစ်ခုတည်းအတွက် မဖြစ်သင့်ပါဘူး။ ပြည်သူ ဆင်းရဲမွဲတေမှုမြင့်မားပြီး စားဝတ်နေရေး ကျပ်တည်းနေတယ်။ မတရားဖိနှိပ်ခံရမှုတွေ ရှိနေတယ်။ ဘဝရည်မှန်းချက်မရှိဘဲ အနာဂတ် ပျောက်ဆုံးနေတယ်။ အဲဒီ အဓိကအချက် သုံးချက်ကို အဖြေရှာတဲ့ တွေ့ဆုံဆွေးနွေးမှုတွေ ဖြစ်သင့်ပါတယ်။ နိုင်ငံရေးလိုအင်ဆန္ဒ တစ်ခုတည်းကို ရှေ့တန်း တင်နေရင် ဒီဆွေးနွေးပွဲတွေအပေါ် ပြည်သူတွေရဲ့ စိတ်ဝင်စားမှုလျော့ကျပြီး ပြည်သူတွေရဲ့တွန်းအားကို ရမှာမဟုတ်ပါဘူး။
သမ္မတဦးသိန်းစိန်က ရုပ်ပြသက်သက် (for show) အနေနဲ့ သူ့အတွက် Show Business အဖြစ်လုပ်နေတဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် (NCA) လက်မှတ်ထိုးပြီးတဲ့အခါ နိုင်ငံရေးဆွေးနွေး ပွဲတွေ ဖြစ်လာနိုင်ပါတယ်။ ဒါပေမဲ့ အဲဒီနိုင်ငံရေးဆွေးနွေးပွဲဟာ အမျိုးသားညီလာခံလိုပဲ ဖြစ်လာမယ်ဆိုရင် လက်မှတ်ထိုးတဲ့ လက်နက်ကိုင်တွေ တောထဲပြန်ဝင်ကြမှာပဲ ဖြစ်ပါတယ်။ နိုင်ငံရေးဆွေးနွေးပွဲကို အမျိုးသားညီလာခံလိုဖြစ်အောင် ပြင်ဆင်နေတဲ့ အခင်းအကျင်းတွေလည်း တွေ့နေရပါတယ်။
နိုင်ငံရေးဆွေးနွေးပွဲတွေမှာလည်း ပြည်သူလူထုရဲ့ လူမှုရေး၊ စီးပွားရေး အခြေခံအကျပ်အတည်းတွေကို အလေးအနက်ထား ထည့်သွင်းဆွေးနွေးမှသာ အဖြေထွက်ပေါ်နိုင်မှာ ဖြစ်ပါတယ်။
အစိုးရက သူပြင်ဆင်ထားတဲ့ ဗျူဟာတွေအတိုင်း အပြောင်းအလဲတွေလုပ်မှာပါ။ အာဏာရှင်တွေနောက် ကိုပဲ နိုင်ငံရေးခေါင်းဆောင်တွေ လိုက်နေလို့မရပါဘူး။ ပြည်သူလူထုနဲ့ အတူရှိနေပြီး ဦးဆောင်ကဏ္ဍကနေ အစိုးရနဲ့ အပေးအယူ လုပ်ပေးရမှာပါ။
(၈)
အခုဖြစ်နေတာက နိုင်ငံရေးခေါင်းဆောင်တွေဟာ ဦးဆောင်ကဏ္ဍ မယူနိုင်တာဖြစ်ပါတယ်။ ပိုဆိုးတာက တစ်ဖက်ရဲ့ လှည့်ကွက်တွေထဲမှာမျောပြီး သူတို့ကိုယ်တိုင် လမ်းပျောက်နေသလို ဖြစ်တာပါ။
မီဒီယာဟာ မီဒီယာအလုပ် လုပ်နေပါတယ်။ အစိုးရကလည်း သူတို့လုပ်စရာရှိတာကို သူတို့လုပ်နေပါတယ်။ ဒါပေမဲ့ အစိုးရအဖွဲ့မှာ အဂတိလိုက်စားမှု၊ စီမံခန့်ခွဲမှု၊ တရားဥပဒေစိုးမိုးမှု စတဲ့ အဓိက အချက် သုံးချက်ကို နိုင်နိုင်နင်းနင်း ကိုင်တွယ်နိုင်စွမ်း မရှိပါဘူး။ သူတို့အပေါ် ပြည်သူတွေရဲ့ ယုံကြည်မှုက လျော့ပါးသွားပါပြီ။
ဒီအချိန်မှာ နိုင်ငံရေးခေါင်းဆောင်တွေ၊ နိုင်ငံရေးသမားတွေ နိုင်ငံရေးသမား အလုပ်လုပ်ဖို့ လိုပါတယ်။ နိုင်ငံရေးသမားရဲ့ အလုပ်ဆိုတာ ပြည်သူတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ မီဒီယာတွေ အသံကိုယူပြီး အဖြေထုတ်၊ ပြည်သူနဲ့ တစ်သားတည်းနေပြီး ကိုယ်ဖြစ်ချင်တာထက် ပြည်သူတွေ ဖြစ်ချင် တာကို လုပ်ပေးနိုင်ဖို့ ဦးဆောင်ကဏ္ဍ ယူရမှာပါ။
(၉)
တစ်ချိန်က ‘စုလွှတ်တွေ့’ ဆိုတဲ့ တွေ့ဆုံးဆွေးနွေးရေး ခေါင်းစဉ်တစ်ခုအောက်မှာပဲ နှစ် ၂ဝ အချိန်ကြာခဲ့ပါတယ်။ ၄၃၆ ကိစ္စ၊ ဖွဲ့စည်းပုံပြင်ဆင်ရေး ကိစ္စတွေနဲ့ အများကြီးထပ်ကြာနေလို့ မရတော့ပါဘူး။ လူထုရဲ့ကျပ်တည်းမှုပြဿနာတွေ ပြေလည်စေဖို့ နိုင်ငံရေးအရွေ့တစ်ခုဖြစ်ဖို့ လိုနေပါပြီ။
‘စုလွှတ်တွေ့’ တောင်းဆိုမှု ကာလတွေမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အာဏာပိုင်တွေအကြား လျှို့ဝှက်တွေ့ဆုံမှု အကြိမ်ကြိမ် ရှိခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီတွေ့ဆုံမှုမှာ ဘာတွေဆွေးနွေးခဲ့တယ်၊ ဘာတွေပြောဆိုခဲ့တယ်ဆိုတာ ဘယ်သူမှ မသိခဲ့ပါဘူး။ ဒါတွေဟာ အခုချိန်မှာ ပြဿနာဖြစ်လာပါတယ်။ အဲဒီတွေ့ဆုံမှုတွေမှာ Power Sharing ကိစ္စကိုသာ မီဒီယာနဲ့ပြည်သူကို အသိပေးပြီး ကမ်းလှမ်းနိုင်ခဲ့ရင် ဒီနေ့ဖြစ်နေတဲ့ နိုင်ငံရေးအကြပ်အတည်း ဖြစ်မလာနိုင်ပါဘူး။
အခုချိန်မှာ ‘စုလွှတ်တွေ့’ ကာလကလို လုပ်လို့မရတော့ပါဘူး။ နိုင်ငံရေး ကစားကွက် ပြောင်းဖို့ လိုပါပြီ။ ပြုပြင်ပြောင်းလဲမှု ဖြစ်ဖို့အတွက် အခုထက်ပိုပြင်းထန်တဲ့ လှုပ်ရှားမှုတွေ ပိုလုပ်ရပါမယ်။ နိုင်ငံရေးခေါင်းဆောင်တွေ ပူးပေါင်းပြီး ပြည်သူကိုကိုယ်စားပြုတဲ့ နိုင်ငံရေးစကားပြောဖို့ လိုအပ်လာပါပြီ။ လေးပွင့်ဆိုင်ဆွေးနွေးပွဲ လုပ်ရပါလိမ့်မယ်။
နိုင်ငံရေးစကားပြောမှုတွေမှာ နိုင်ငံရေးလိုအင် တစ်ခုတည်းကို ရှေ့တန်းတင်လို့ မရတော့ပါဘူး။ ပြည်သူတွေရင်ဆိုင်နေရတဲ့ အခြေခံအကျပ်အတည်းတွေကအစ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အကျပ်အတည်းအားလုံးကို အဖြေရှာရမှာပါ။ ပြည်သူတွေရဲ့ တွန်းအားလိုပါတယ်။
ပြည်သူရင်ဆိုင်နေရဲ့ အကျပ်အတည်းတွေကို ဖြေရှင်းဖို့ အဓိကဦးတည်ချက်ထားပြီး အစိုးရနဲ့ စေ့စပ်ညှိနှိုင်းမှု လုပ်မယ်ဆိုရင် နိုင်ငံရေးခေါင်းဆောင်ဟာ ပြည်သူတွေနဲ့ ပိုပြီးနီးစပ်လာ ပါမယ်။ နိုင်ငံရေးဆွေးနွေးမှု စကားဝိုင်းတွေအပေါ် ပြည်သူတွေရဲ့ တွန်းအားပေးမှု ပိုအားကောင်းလာပါမယ်။
နိုင်ငံရေး လိုအင်တစ်ခုတည်းကြည့်ပြီး လုပ်ရင်တော့ ပြည်သူတွေရဲ့တွန်းအားကို ရမှာမဟုတ်ပါဘူး။ ပြည်သူတွေ ဘက် မျက်နှာမူလိုက်ပါ။
Eleven
ကဏ္ဍအသီးသီးအတွက် နယ်ပယ်အသီးသီးမှ ပြည်သူများက ဆန္ဒထုတ်ဖော်နေကြသည်ကို တွေ့ရစဉ်
သမ္မတကြီးအနေဖြင့် ပဋိပက္ခများ၊ ဆင်းရဲမွဲတေမှု လျော့ကျရေးနှင့် ကဏ္ဍအသီးသီးကို ဆောင်ရွက်ပြီးမှ နောက်သက်တမ်းတစ်ခုအတွက် စဉ်းစားပါရန် မန္တလေးမြို့၌ ဆန္ဒထုတ်ဖော်စဉ်

No comments:
Post a Comment