Tuesday, September 23, 2014

အူရီးဒူး ဖုန်းခေါ်ဆိုခ စက္ကန့်အလိုက် ပြောင်းလဲ ကောက်ခံမည်

Ooredoo

ရန်ကုန် (မဇ္ဈိမ) ။ ။ ဖုန်းခေါ်ဆိုမှု စက္ကန့်ကျော်ပါက မိနစ်ဖြင့် ကောက်ယူမှုကြောင့် ဝေဖန်မှုများနှင့် ရင်ဆိုင်နေရသော အူရီးဒူး အော်ပရေတာက စက်တင်ဘာ ၂၃ ရက်မှစပြီး ဖုန်းပြောဆိုခများကို စက္ကန့်အလိုက်ပြောင်းလဲ ကောက်ခံမည်ဟု အူရီးဒူးမြန်မာက ယနေ့ (စက်တင်ဘာ ၂၂ ရက်) ညနေပိုင်းတွင် သတင်းထုတ်ပြန်လိုက်သည်။


Ooredoo ၏ ဆက်သွယ်ရေးကွန်ယက်များတည်ဆောက်ခြင်းနှင့် ပတ်သက်၍ သတင်းစာရှင်းလင်းပွဲကို ၂၀၁၄ ခုနှစ် မေလ ၂၅ ရက် မွန်းလွဲပိုင်းက ရန်ကုန်မြို့ ရှန်ဂရီလာဟိုတယ် တွင်ပြုလုပ်ကျင်ပစဉ်။ (ဓာတ်ပုံ - ဟိန်းထက်) Ooredoo မြန်မာ၏ အမှုဆောင်အရာရှိချုပ် Ross Cormack က လက်ရှိလုပ်ဆောင်နေမှုများနှင့် ပတ်သက်၍ ရှင်းလင်းပြေကြားခဲ့သည်။
အူရီးဒူး အနေဖြင့် ယခင်က တစ်စက္ကန့် ကျော်လျှင် တစ်မိနစ်နှုန်းဖြင့် ကောက်ခံခြင်းဖြစ်ကာ ယခု ပြောင်းလဲ ကောက်ခံရာတွင် တစ်စက္ကန့်ချင်းအလိုက် ကျသင့်ငွေကို တွက်ချက်သွားမည်ဟုလည်း ထုတ်ပြန်ချက်တွင် ပါဝင်သည်။
အူရီးဒူး မြန်မာ၏ အမှုဆောင် အရာရှိချုပ် Ross Cormack က “ကိုယ်သုံးသလောက်ပဲကျသင့်တယ် ဆိုတာ အင်မတန် အရေးကြီးပါတယ်လို့ ကျွန်တော်တို့ရဲ့ သုံးစွဲသူ မိဘပြည်သူများ ပြောပြချက်အရသိရပါတယ်။ ကျွန်တော်တို့ရဲ့ အသံ အရည်အသွေးမြင့် ခေါ်ဆိုမှုတွေကို ဒီအယူအဆနဲ့ထပ်ပေါင်းခြင်းအားဖြင့် သုံးစွဲသူ မိဘပြည်သူများကို ပိုမိုကောင်းမွန်တဲ့ အတွေ့အကြုံတွေနဲ့ ပိုမိုသက်သာတဲ့ နှုန်းထားများကို ၀န်ဆောင်မှု ပေးနိုင်တော့မှာ ဖြစ်ပါတယ်” ဟု ပြောသည်။
မိုဘိုင်းဖုန်း ပြောဆိုခများကို အခြား အော်ပရေတာ တစ်ခုဖြစ်သော မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက ကောက်ခံရာတွင် ခြောက်စက္ကန့်အလိုက် ခွဲခြား ကောက်ခံခြင်းဖြစ်သည်။
အူရီးဒူး၏ မိုဘိုင်းဖုန်းခေါ်ဆိုခမှာ အူရီးဒူး ဖုန်းအချင်းချင်း ခေါ်ဆိုပါက တစ်မိနစ်လျှင် ၂၅ ကျပ် ဖြစ်ပြီး အခြား အော်ပရေတာသို့ ခေါ်ဆိုပါက တစ်မိနစ်လျှင် ၃၅ ကျပ်ဖြစ်ကာ ယင်းခေါ်ဆိုခများကို စက္ကန့်စွန်းပါက စွန်းသည့် စက္ကန့်အလိုက်သာ ကောက်ခံတော့မည် ဖြစ်သည်။
ယင်းသို့ စက္ကန့် အလိုက် ပြောင်းလဲ ကောက်ခံခြင်းနှင့်ပတ်သက်ပြီး Mr.Fone မိုဘိုင်းဆိုင်မှ အထွေထွေ မန်နေဂျာ ကိုထက်လင်းက “အခုလိုမျိုး စက္ကန့်အလိုက် ကောက်ခံမယ် ဆိုရင်တော့ သုံးစွဲသူအတွက် ပိုအဆင်ပြေပါတယ်။ ခါတိုင်းဆို ခဏလေး ပြောပြီး စက္ကန့်ကျော်သွားတာနဲ့ တစ်မိနစ်စာ ဖြတ်သွားတော့ အဆင်မပြေဘူးပေါ့။ MPT နဲ့ သိပ်မကွာတော့ဘူး။ တချို့ကလည်း စက္ကန့်ပိုင်းလေးပဲ ပြောတာ ရှိတယ်လေ။ သုံးစွဲရင် သုံးစွဲသလောက်ပဲဖြတ်မယ် ဆိုတာကတော့ ပိုကောင်းပါတယ်" ဟု သူ့အမြင်ကို ပြောသည်။
ယင်းအပြင် အူရီးဒူး အနေဖြင့် ကွန်ရက် ချဲ့ထွင်ခြင်း လုပ်ငန်းများကိုလည်း လုပ်ကိုင်နေပြီး သီတင်းတစ်ပတ်လျှင်  ဦးရေ ငါးသိန်း အထိ တိုးချဲ့ကွန်ရက် ဖြန့်ကြက် နေသည်ဟုလည်း အူရီးဒူးက ဆိုသည်။
အူရီးဒူးက အင်တာနက် ကောက်ခံမှုများကိုလည်း သြဂုတ် ၃၁ ရက်က စတင်၍ လျှော့ချ ကောက်ခံလိုက်ပြီး အသုံးပြုသည့် အချက်အလက် ပမာဏအလိုက် ကောက်ယူခြင်း (Data Volume) ဖြင့် ကောက်ခံခြင်းကို 1MB လျှင် ယခင်က ၂၅ ကျပ် ယူရာမှ ၁၀ ကျပ်အထိ လျော့ချကောက်ခံခဲ့သည်။
အူရီးဒူး၏ ဆင်းမ်ကတ်များကို ဇူလိုင်လကုန်ပိုင်းနှင့် သြဂုတ်ပထမပတ်အတွင်းက မန္တလေး၊ နေပြည်တော်၊ ရန်ကုန်တိုင်း ဒေသကြီးများ အတွင်း စတင်ရောင်းချခဲ့သည်။
အခြားဆက်သွယ်ရေး အော်ပရေတာ တစ်ခုဖြစ်သည့် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းကလည်း ၎င်းတို့၏ ဆင်းမ်ကတ်များကို စက်တင်ဘာ ၁ ရက်ကစတင်ပြီး ကျပ် ၁၅၀၀ ဖြင့် ဈေးကွက်အတွင်း အလွယ်တကူ ဝယ်ယူနိုင်ရန် ရောင်းချခဲ့သည်။ တယ်လီနောကမူ အောက်တိုဘာ ၅ ရက် နောက်ဆုံးထား၍ ရောင်းချပေးမည်ဟု တရားဝင် ပြောကြားထားသည်။

Mizzima

No comments:

Post a Comment