Tuesday, September 23, 2014

တစ်ဖက်မှာငြိမ်းချမ်းရေး၊တစ်ဖက်မှာအမုန်းတရား

Cartoon
ပြီးခဲ့တဲ့ စက်တင်ဘာ ၂၁ ရက်က ရန်ကုန်နဲ့ အခြားနယ်မြို့တွေမှာ ငြိမ်းချမ်းရေး လှုပ်ရှားမှုတွေ လုပ်ခဲ့ကြပါတယ်။ စီနီယာဝန်ကြီး ဦးစိုးသိန်း၊ ၀န်ကြီးဦးခင်ရီ နဲ့ အစိုးရတာဝန်ရှိသူတွေ၊ ပဒိုကွယ်ထူးဝင်းလို လက်နက်ကိုင်တိုင်းရင်းသား ခေါင်းဆောင်တွေ၊ သံတမန်တွေ၊ စာရေးဆရာတွေ၊ နိုင်ငံရေးသမားတွေ၊ အနု ပညာသည် တွေနဲ့ ပြည်သူတချို့ တက်ရောက်တဲ့ အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ အခမ်းအနားတစ်ခုကိုလည်း ရန်ကုန် ရွှေလီလမ်းက ငြိမ်းချမ်းရေးစင်တာမှာ ပြုလုပ်ခဲ့ပါတယ်။ အဲဒီအစည်းအဝေးကို သမ္မတ ဦးသိန်းစိန်ကိုယ်တိုင် သ၀ဏ်လွှာပေးပို့ခဲ့ပါတယ်။ အလားတူ ညနေပိုင်းမှာ ငြိမ်းချမ်းရေးအတွက် ချီတက် လမ်းလျှောက်တာတွေ၊ ငြိမ်းချမ်းရေး ဘောလုံးပွဲတွေကိုလည်း ကျင်းပခဲ့ကြပါသေးတယ်။ ဒါပေမဲ့ ဒါပေမဲ့ လည်းပေါ့လေ။ စက်တင်ဘာ ၂၀ ရက်တုန်း က မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေကျေးရွာမှာ ဘာသာရေး လူမျိုးရေးဆန်တဲ့ အကြမ်းဖက်မှုတစ်ခု
ဖြစ်ပွားခဲ့တာကိုတော့ အဲဒီငြိမ်းချမ်းရေး အခမ်းအနားကလူတွေ သတိမထားမိလိုက်ကြပါဘူး။ မြစ်ခြေမှာ ဘာဖြစ်ခဲ့သလဲ၊ တိုင်းပြည်ငြိမ်းချမ်းရေးလို့ ပြောဆိုရာမှာ လက်နက်ကိုင် ပဋိပက္ခတစ်ခုကိုပဲ ရည်ရွယ်သလား၊ အဲဒီလို ဘာသာရေး လူမျိုးရေးဆန်တဲ့ အကြမ်းဖက်မှုပြဿနာ တွေရော မပါဘူးလားဆိုတာ ဒီကနေ့ ဆွေးနွေးတင်ပြသွားပါ့မယ်။

မြစ်ခြေမှာဖြစ်တဲ့ ပြဿနာကလည်း ရှေ့မှာဖြစ်ဖူးခဲ့တဲ့ အခြားဘာသာရေး လူမျိုးရေးဆန်တဲ့ အကြမ်းဖက်မှု တွေလိုပဲ ထူးခြားတဲ့ ပြဿနာတစ်ခုတော့ မဟုတ်ပါဘူး။
“အမျိုးသမီး နှစ်ယောက် အကြွေးကိစ္စ စကားများရန်ဖြစ်” တာကနေ စတာလို့ အစိုးရသတင်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ နောက်ပိုင်း အမျိုးသမီးတစ်ယောက်က တစ်ဖက်၊ အိမ်ရှင် လင်မယားက တစ်ဖက် ရိုက် နှက်မှုတွေ ဖြစ်တယ်လို့ သိရပါတယ်။ (အသေးစိတ် အချက်အလက်ကိုတော့ အတည်ပြုလို့ မရသေးပါဘူး။) ဘယ်လိုပဲဖြစ်ဖြစ် ဒါက ရိုးရိုးလူပုဂ်္ဂိုလ်တွေကြား က ဖြစ်လေ့ဖြစ်ထရှိတဲ့ ပဋိပက္ခ ပြဿနာ တွေပါ။ လူဦး ရေ ၅၁ သန်းနေထိုင်တဲ့ မြန်မာနိုင်ငံထဲမှာ နိစ္စဓူဝ ဖြစ်နေပျက်နေတဲ့ ပြဿနာတွေထဲက သိပ်ပြီးမကြီးကျယ်တဲ့ ပြဿနာတစ်ခုပါ။ နစ်နာသူက ရဲကိုတိုင်၊ ရဲက လိုအပ်သလို အရေးယူတယ်ဆိုရင် ပြဿနာက ပြီးပါပြီ။ အခြားပြဿနာ အားလုံး အဲဒီနည်းနဲ့ ပြီးသွားရတာပါပဲ။ ဒါပေမဲ့ မြစ်ခြေမှာတော့ အဲလိုမပြီးပါဘူး။
ပြဿနာဖြစ်တဲ့ လင်မယားဘက်က လင်ယောက်ျားဖြစ်သူဟာ ဘာသာခြားဖြစ်တယ်ဆိုတဲ့ အကြောင်းတစ်ခု တည်းနဲ့ လူစုလူဝေး ဖြစ်ပေါ်ပါတယ်။ နောက်ပိုင်း ဖြစ်နေကျ ထုံးစံအတိုင်း လူအုပ်စုကြီးဟာ အဲဒီနေအိမ် ကို ခဲနဲ့ပေါက် အကြမ်းဖက်ပါတယ်။ ဒီလောက်တင်မကပါဘူး။ ဘာသာရေး အဆောက်အအုံ ဗလီတစ်လုံး၊ ဈေးဆိုင်နဲ့ နေအိမ်ကိုလည်း ဖျက်ဆီးခဲ့ကြပါတယ်။ အခြားဖြစ်စဉ်တွေမှာလိုပဲ လူအချင်း ချင်းစကားများ ပြဿနာဖြစ်ရာကနေ လူအုပ်ကြီးက ဘာသာရေးဆန်တဲ့ အကြမ်း ဖက်မှု ကျူးလွန်ကြတာပါ။ အခု နောက်ဆုံး အခြေအနေ ရဲက ပြဿနာဖြစ်တဲ့ ဘာသာခြား လင်ယောက်ျားနဲ့ သူ့ဇနီးကို ဖမ်းဆီးပြီး ပုဒ်မ ၃၂၅၊ ၃၅၄၊ ၂၈၉၊ ၃၄၆ နဲ့ အရေး ယူထားပါပြီ။ ဗလီနဲ့ နေအိမ် ဈေးဆိုင်ခန်း ဖျက်ဆီးသူတွေကိုလည်း ရဲက စုံစမ်းနေ တယ်လို့ ဆိုပါတယ်။ အခင်းဖြစ်တဲ့ ဧရိယာကို မကွေးတိုင်းဝန်ကြီးချုပ် ဦးဖုန်းမော်ရွှေ ကိုယ်တိုင် သွားရောက်ပြီး နောက်ထပ် ပြဿနာ ထပ်မဖြစ်ရအောင် လုံခြုံရေးလည်း တင်းတင်းကျပ်ကျပ် ချထားတယ်လို့ ဆိုပါ တယ်။ ဖြစ်စဉ်ကတော့ ဒါပါပဲ။ အရင်တုန်းကအတိုင်း မထူးဆန်းတဲ့ ဖြစ်စဉ်ပါပဲ။
တကယ်တော့ မန္တလေးမှာ လူသေစေတဲ့အထိ ဖြစ်ပွားခဲ့တဲ့ ဘာသာရေး၊ လူမျိုး ရေးဆန်တဲ့ အကြမ်းဖက် မှုဖြစ်ပွားခဲ့တာ သုံးလလောက်ပဲ ရှိသေးတဲ့အချိန် အခု မြစ်ခြေမှာ ပြန်ဖြစ်ပွားတာပါ။ ဒီလို ဘာသာရေး လူမျိုးရေးဆန်တဲ့ အဓိကရုဏ်း ပြန်ပြန် ဖြစ်နေတာနဲ့ပတ်သက်ပြီး အဓိက တာဝန်ရှိတဲ့ အစိုးရ၊ ပြည်ထဲရေး ၀န်ကြီးဌာနက ပြဿနာတွေ ထပ်မဖြစ်အောင် ဇာစ်မြစ်အကျဆုံး၊ အရင်းအမြစ် အကျဆုံး ပြဿနာကို မဖြေရှင်း သေးသ၍ အချိန်မရွေး၊ နေရာမရွေး ထပ်ထပ်ပြီး ဖြစ်ဦးမှာပဲဆိုတာ အကြိမ်ကြိမ် အခါခါ ပြောဆိုဝေဖန်မှုတွေ ရှိထားနှင့်ပြီးလည်း ဖြစ်ပါတယ်။
အခုဖြစ်စဉ်မှာလည်း အရင် ရှေ့မှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ် အဟောင်းတွေလိုပါပဲ။ ပြည်သူ အချင်းချင်းပြဿနာ ဖြစ်တယ်လို့ မရှုမြင်ဘဲ ဘာသာခြားက လုပ်တယ်။ ဒါကြောင့် အဲဒီဘာသာနဲ့ ပတ်သက်တာ အားလုံးကို အကြမ်းဖက်ရမယ်ဆိုတဲ့ အမုန်းတရား ပြည်သူတွေထဲမှာ ကိန်းအောင်းနေတာကြောင့် ခုလို ဘာသာရေး ဆန်တဲ့ အကြမ်းဖက်မှု ကျူးလွန်မိကြတာပါ။ အစိုးရ၊ ပြည်ထဲရေးဝန်ကြီးဌာနဟာ ပြဿနာဖြစ်လိုက်တိုင်း ပြဿနာ ရဲ့ဇာစ်မြစ်ကို ဘယ်တော့မှမကိုင်တွယ်ဘဲ သာမန်ပြဿနာ စဖြစ်သူတွေကို ပြင်းပြင်းထန်ထန် အရေးယူပြတာ လောက်ပဲ လုပ်ခဲ့တာကြောင့် တိုင်းပြည်ထဲက အမုန်းတရား လောင်စလျော့မသွားဘဲ ပြဿနာဆိုတဲ့ မီးပွား လေးတစ်စ လွင့်လာတာနဲ့ ထထ လောင်နေတာ ဖြစ်ပါတယ်။ မန္တလေး အကြမ်းဖက်မှု ဖြစ်စဉ်တုန်းက လည်း မတရားပြုကျင့်ခံရပါတယ်ဆိုပြီး လိမ်လည် တိုင်တန်းသူတွေကိုပဲ အလွန့်အလွန် ပြင်းပြင်းထန်ထန် အရေးယူပြတာ လုပ်ပါတယ်။ အမုန်းတရား ဖြန့်ဖြူးနေသူတွေ၊ အဲဒီလူလည်း သိပ်မသိ၊ မရေရာ မသေချာ တဲ့ အမှုကို တည်ကြက်လုပ်ပြီး ပြည်သူတွေ မငြိမ်မသက်ဖြစ်အောင်၊ အမုန်းမီးပွား သထက် ပွားအောင် မကျယ်ပြန့် ကျယ်ပြန့်အောင် လုပ်သူတွေ၊ လက်တွေ့အကြမ်းဖက် ဖို့ Facebook သုံးပြီး လှုံ့ဆော်ခဲ့ သူတွေကို သိပါလျက်၊ ရှိပါလျက် အရေးယူမှု လုံးဝ မလုပ်ခဲ့တာတွေကလည်း နောက်နောင် အကြမ်းဖက်မှုတွေ ထပ်ထပ် ဖြစ်အောင်တံခါး “ဟ” ထားပေးသလို ဖြစ်စေခဲ့တာ ဖြစ်ပါတယ်။
လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ စုပေါင်းနေထိုင်တဲ့ မြန်မာနိုင်ငံလို တိုင်းပြည် တစ်ပြည်မှာ အဲဒီ အမုန်း တရားလောင်စာ ရှိနေသ၍၊ လောင်စာ ဖြန့်ဖြူးနေသူ တွေကို အရေးမယူသ၍ တည်တည်ငြိမ်ငြိမ် ငြိမ်းငြိမ်း ချမ်းချမ်း နေနိုင်တဲ့ တိုင်းပြည်လို့ ဘယ်လိုမှ မခေါ်နိုင်ပါဘူး။ နောင် အစိုးရနဲ့ လက်နက်ကိုင် တိုင်းရင်သား တွေ အပစ်ရပ် စာချုပ် လက်မှတ်ရေးထိုးပြီး သေနတ်သံ စဲသွားတဲ့တိုင် ခုလို အမုန်းတရားတွေ ရှိနေရင် ငြိမ်းချမ်းတဲ့ တိုင်းပြည်အဖြစ် ပြောနိုင်ဦးမှာလည်း မဟုတ်ပါဘူး။ လက်ရှိ ဖြစ်စဉ် မှာကိုပဲ အမုန်းတရား ဖြန့်ဖြူးမှုတွေ ပြောင် ပြောင်တင်းတင်း ဆက်ပြီး လုပ်နေတာတွေ ရှိနေပါတယ်။ မန္တလေး မစိုးရိမ်တိုက်သစ် က ဦးဝီရသူရဲ့ Facebook စာမျက်နှာမှာ ခုလိုရေးထားပါတယ်။ “အယ်လ်ခိုင်ဒါ တွေက ဂျီဟဒ်လုပ်ဖို့ လူ မုန်းများတဲ့ ကုလား ဆိုးတွေကို သွေးထိုးပေးနေကြတာပါ။ သူတို့လိုချင်တဲ့ အကွက်ထဲဝင်သွားရင် အကြောင်းပြ လှလှနဲ့ ဂျီဟဒ်လုပ်ကြဖို့ပဲ ဖြစ်ပါတယ်။ ရွှေမြန်မာတွေ သတိဝီရိယနှင့် နေကြပါ” တဲ့။ကြောက် ရာ မှတ်ချက်ပါ။ တိုင်းပြည်အတွက် ရင်လေးစရာပါ။
အစိုးရနဲ့ ပြည်ထဲရေးဝန်ကြီးဌာနဟာ အမုန်းတရား ဖြန့်ဖြူးမှုတွေကို ရပ်တန့် လျော့နည်းသွားအောင် မလုပ်ဘဲ၊ ခုလိုပဲ ဆက်ပြီးလွှတ်ထားနေဦးမယ်ဆိုရင် မြန်မာပြည်ဟာ ငြိမ်းချမ်းတဲ့ တိုင်းပြည် ဘယ်လိုမှ ဖြစ်လာနိုင်မှာ မဟုတ်ပါကြောင်း ထပ်ပြီး သတိပေးပါရစေ။

Mizzima

No comments:

Post a Comment