အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းအချို့တွင် တားဆီးပိတ်ပင်မှုပြုလုပ် ထားသည့်ပစ္စည်းများ တင်သွင်းမှုပြုလုပ်နေသည်ကို Mobile Team မှစစ်ဆေးတွေ့ရှိသော်လည်း အကောက်ခွန်ဌာနမှ ဒဏ်ကြေးဖြင့် ထုတ်ယူခွင့်ပေးနေဟု တရားမ၀င်ကုန်သွယ်မှုတားဆီးထိန်းချုပ်ရေးအဖွဲ့ Mobile Team မှတာဝန်ရှိသူအချို့က ပြောကြားသည်။
တားဆီးပိတ်ပင်ထားသည့်ပစ္စည်းများတင်သွင်းမှုကိုစစ်ဆေးတွေ့ရှိမှုမှာ အေးရှားဝေါလ်၊ မြန်မာ့စက်မှုဆိပ်ကမ်းနှင့် ထီးတန်းဆိပ်ကမ်းတို့တွင်ဖြစ်ကြောင်း ကျန်ဆိပ်ကမ်းများမှာမူ ကုန်ထုတ်ယူမှုနည်းပါးသောကြောင့် စစ်ဆေးတွေ့ရှိမှုမရှိသေးကြောင်း သိရသည်။
တားဆီးပိတ်ပင်ထားသည့်ပစ္စည်းများတင်သွင်းမှုကိုစစ်ဆေးတွေ့ရှိမှုမှာ အေးရှားဝေါလ်၊ မြန်မာ့စက်မှုဆိပ်ကမ်းနှင့် ထီးတန်းဆိပ်ကမ်းတို့တွင်ဖြစ်ကြောင်း ကျန်ဆိပ်ကမ်းများမှာမူ ကုန်ထုတ်ယူမှုနည်းပါးသောကြောင့် စစ်ဆေးတွေ့ရှိမှုမရှိသေးကြောင်း သိရသည်။
Mobile Team မှတားဆီးပိတ်ပင်ထားသည့်ပစ္စည်းများတွေ့ရှိမှုကို စစ်ဆေးမှုများပြုလုပ်ရန် စီစဉ်သော်လည်း Custom အကောက်ခွန်ဌာနမှ ဒဏ်ကြေးဖြင့် ထုတ်ယူခွင့်ပြုနေသည်မှာ တရားမ၀င်ကုန်သွယ်မှု တားဆီး ထိန်းချုပ်ရေးအတွက် အခက်အခဲများစွာဖြစ်ပေါ်နေကြောင်း သိရသည်။
အဲဒါတွေက ဖြစ်နေတာပဲလေ။ မနေ့ကပဲ Brand New ဆိုပြီး တင်သွင်းလျှောက်လွှာပေါ့။ ဒါပေမဲ့ ရောက်လို့စစ်ဆေးတဲ့အခါ ဟောင်းနေတာတွေ့ရတယ်
အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းများ စစ်ဆေးနေသည့် Mobile Team မှ ဦးချိုထွေးက "အခုက အဖြူ၊အမည်းသဲကွဲတဲ့ဖြစ်စဉ်တွေတော့ မရှိသေးဘူး။ ဒါပေမဲ့ တားဆီးထားတဲ့အပိုင်းတွေမှာဆိုရင် ကားကို ကိုယ်စားလှယ်တွေဘက်က အသစ်စက်စက်တင်သွင်းမယ်ဆိုပြီးတင်ပြတယ်။ ဒါပေမဲ့သွင်းလာတဲ့ ပုံစံတွေမှာ ဆိုရင် ဘယ်လိုမှမဟုတ်ဘူး။ နောက်တစ်ခုက ကွန်တိန်နာတစ်ခုကို ကားတစ်စီးပဲသွင်းလို့ရမယ်လို့ သတ်မှတ်ပြီးသား။ ဒါပေမဲ့ ကားသုံးစီးလောက်ဆံ့အောင် ခေါင်းချိုး၊ ဖင်ချိုးလုပ်ပြီး သွင်းလာတယ်။ အဲဒါနဲ့ပတ်သက်ပြီး စစ်ဆေးမှုတွေလုပ်မယ်ဆိုတော့ အကောက်ခွန်က ပုံစံလွဲဆိုပြီး ဒဏ်ကြေးဆောင်ခိုင်းပြီး ထုတ်ပေးလိုက်တယ်" ဟု ပြောကြားသည်။
ယင်းသို့လုပ်ဆောင်မှုမှာ မြန်မာနိုင်ငံအတွက် အခွန်များစွာ နစ်နာစေသည့်အပြင် အမှန်တကယ်အသုံးပြုမည့်ပစ္စည်းများအတွက် ထိခိုက်နစ်နာမှုများလည်းဖြစ်ပေါ်စေကြောင်း Mobile Team မှ တာဝန်ရှိသူများကိုပြောကြားသည်။
ဦးချိုထွေးကဆက်လက်၍ "၀င်းရိုးနောက်ဘီးတပ်မှာလည်း တင်သွင်းလာတာ လုံပြည့်ပဲ။ သစ်တွဲကား၊ တွဲကားတွေပေါ့။ ဒါပေမဲ့ ထရပ်ကားဖြစ်နေတာတွေလည်းရှိတယ်။ အဲဒါတွေလည်း ဒဏ်ကြေးနဲ့ပဲ သွားနေရတာပါပဲ" ဟု ပြောကြားသည်။
အဆိုပါကိစ္စနှင့်ပတ်သက်ကာ အကောက်ခွန်ဦးစီးဌာနနှင့် ညှိနှိုင်းမှုများပြုလုပ်လျက်ရှိသည်မှာ တစ်လကျော်ကြာမြင့်ပြီဖြစ်သော်လည်း တစ်စုံတစ်ခုအကြောင်းပြန်ခြင်းမရှိသေးကြောင်း သိရသည်။
"အခုသူတို့ကောက်နေတယ်ဆိုတဲ့ဒဏ်ကြေးက နိုင်ငံတော်အနေနဲ့ အခွန်ရရှိလာတာမဟုတ်ဘူး။ ဒဏ်ကြေးက ဌာနဝေစုအနေနဲ့ပဲ အများစုသွားတာလေ။ ဒါကြောင့် ပြည်သူလည်းနစ်နာမယ်။ နိုင်ငံတော်လည်းနစ်နာတယ်။ နောက်တစ်ခုက ကျွန်တော်တို့အဖွဲ့က စီးပွားကူးသန်းရဲ့လက်အောက်မှာရှိတာပေါ့။ ဒါပေမဲ့ ကိုယ့်ဝန်ကြီးဌာနအတွက်လုပ်တာမဟုတ်ဘူး။ နိုင်ငံတော်အတွက်လုပ်နေတာ။ ပြည်သူအတွက်လုပ်နေတာ။ ဒီလိုပဲ အကောက်ခွန်ဆိုတာကလည်း ဘဏ္ဍာအခွန်အောက်မှာရှိတယ်။ နိုင်ငံတော်အတွက် အခွန်ရှာပေးရမှာပါပဲ။ အားလုံးကညှိနှိုင်းပြီး ဆောင်ရွက်ရမှာဖြစ်ပေမယ့် ပွင့်လင်းမြင်သာမှုတွေမရှိဘူး" ဟု လုပ်ငန်းလုပ်ကိုင်ရာတွင်အခက်အခဲရှိနေသည်ကို ဦးချိုထွေးက ရှင်းပြသည်။
အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းတာဝန်ခံတစ်ဦးဖြစ်သည့် ဦးသန်းထွန်းကလည်း "အဲဒါတွေက ဖြစ်နေတာပဲလေ။ မနေ့ကပဲ Brand New ဆိုပြီး တင်သွင်းလျှောက်လွှာပေါ့။ ဒါပေမဲ့ ရောက်လို့စစ်ဆေးတဲ့အခါ ဟောင်းနေတာတွေ့ရတယ်။ အဲဒါကိုလည်း အကောက်ခွန်က ဒဏ်ကြေးပေးပြီး ထုတ်ယူခွင့်ပြုလုပ်တာပါပဲ" ဟု ပြောကြားသည်။
Mobile Team မှ တာဝန်ရှိသူအချို့၏ ပြောဆိုချက်နှင့်ပတ်သက်ကာ အကောက်ခွန်ဌာနသို့ The Daily Eleven သတင်းစာမှ ဖုန်းဖြင့်ဆက်သွယ်မှုများပြုလုပ်ခဲ့သော်လည်း အစည်းအဝေးများရှိနေခြင်းနှင့် ယင်းကိစ္စနှင့်ပတ်သက်ခြင်းတို့မရှိကြောင်းကိုသာ ပြန်လည်ဖြေကြားမှုများ ပြုလုပ်ခဲ့သည်။
၎င်းအပြင် ချယ်ရီဦးကုမ္ပဏီမှတင်သွင်းလာသည့် နာရီအလုံးပေါင်း ၉၀၀ ကျော်ကိုလည်း Mobile Team မှစစ်ဆေးစဉ် အကောက်ခွန်ဌာနမှ ဒဏ်ကြေးဆောင်ပြီး ထုတ်ယူခွင့်ပြုလိုက် သဖြင့် ပြည်ထဲရေး ၀န်ကြီးဌာနမှ စုံစမ်းစစ်ဆေးမှုများပြုလုပ်နေသည့်အပြင် ယင်းကဲ့သို့ထုတ်ပေးခဲ့မှုကိုလည်း ပြန်လည် စိစစ်နေကြောင်း သိရသည်။
သို့သော်လည်း အလုံးစုံကွဲပြားသည့်ပစ္စည်းများနှင့် အပိုပစ္စည်းတင်သွင်းမှုများကို Mobile Team မှကိုင်တွယ်ပြီး အရေးယူမှုပြုလုပ်ကြောင်း၊ စက်တင်ဘာ ၂၂ ရက်က အေးရှားဝေါလ်ဆိပ်ကမ်းတွင် လယ်ယာသုံးပစ္စည်းများကို ဖမ်းဆီးထိန်းသိမ်းထားကြောင်း သိရသည်။
တရားမ၀င်ကုန်သွယ်မှုတားဆီးထိန်းချုပ်ရေးဗဟိုကော်မတီကို သမ္မတ၏အမိန့်ဖြင့် ဖွဲ့စည်းပေး ထားခြင်းဖြစ်ပြီး အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းနှင့် လေဆိပ်များရှာဖွေဖမ်းဆီးခြင်းကို ဇူလိုင်လအတွင်းက စတင်ခဲ့ကြောင်း သိရသည်။
Eleven
No comments:
Post a Comment