Monday, September 1, 2014

UNFC ညီလာခံမှ KNU ကိုယ်စားလှယ်အဖွဲ့ ထွက်ခွာ

ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့ တွင် ပြုလုပ်နေသည့် ညီညွတ် သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ပထမအကြိမ် ညီလာခံ၌ ကောင် စီ၏ ဖွဲ့စည်းပုံအခြေခံမူနှင့်ပတ် သက်၍ သဘောထားကွဲလွဲခြင်း ကြောင့် သြဂုတ် ၃၁ ရက်တွင် KNU အဖွဲ့ ကိုယ်စားလှယ်များ အစည်းအဝေး ဆက်မတက်ဘဲ ထွက်ခွာခဲ့ကြောင်း သတင်းရရှိ သည်။
UNFC ညီလာခံပဉ္စမမြောက် နေ့တွင် UNFC ၏ ဖွဲ့စည်းပုံ အခြေခံသ ဘောထားမူဝါဒများကို ဆက် လက်ဆွေးနွေးရာ၌ သဘော ထားကွဲလွဲမှုများဖြစ်ပေါ်ခဲ့သဖြင့် KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူး စေးဖိုးအပါအ၀င် ဒုဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများပါဝင်သော KNU ထိပ်တန်းကိုယ်စားလှယ် ငါးဦးသည် သြဂုတ် ၃၁ ရက် နေ့ လယ်တွင် အစည်းအဝေးဆက်လက်မတက်တော့ဘဲ ထွက်ခွာသွားခြင်းဖြစ်ကြောင်း UNFC တွဲဖက်အထွေထွေအတွင်းရေးမှူး (၂) ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောသည်။
‘‘သူတို့ထဲမှာ ပြန်တိုင်ပင်ချင်တဲ့ သဘောရှိတာကြောင့် ထွက် သွားတာ’’ဟုဗိုလ်မှူးကြီးခွန်ဥက္ကာ ကပြောသည်။
KNU ခေါင်းဆောင်များ ယင်းကဲ့သို့ အစည်းအဝေးမှထွက် ခွာသွားသော်လည်း KNU မှ လေ့ လာသူအဖြစ် တက်ရောက်သူသုံးဦးမှာမူ အစည်းအဝေးအတွင်း ကျန်နေခဲ့ကြောင်း သတင်းရရှိသည်။ KNU ခေါင်းဆောင်များထွက်ခွာသွားခြင်းမှာ UNFC နှင့်ဆက်လက်ဆောင်ရွက်နိုင်ရန် ၎င်းတို့အဖွဲ့အစည်း အတွင်း ဆွေးနွေးရန် အကြောင်းကြားထွက်ခွာသွားခြင်းဖြစ်ပြီး တရားဝင်နုတ်ထွက်သွားခြင်းမရှိသေးကြောင်း ညီလာခံ တက်ရောက်နေသူများက ဆိုသည်။ ကနဦးထွက်ပေါ်လာသော သတင်းများတွင်မူ UNFCမှ KNU အနေဖြင့် နုတ်ထွက်သွားပြီဖြစ်ကြောင်း ဖော်ပြခဲ့ကြသည်။ သို့သော် KNU အဖွဲ့မှ ကိုယ်စားလှယ်များအား ဖုန်းဖြင့် ဆက်သွယ် မေးမြန်းရန် ကြိုးစားသော်လည်း ဆက်သွယ်၍ မရသေးပေ။
သို့သော် ကောင်စီ၏ ဖွဲ့စည်းပုံအခြေခံမူများတွင် သဘောထားလုံးဝ ကွဲလွဲသောကြောင့် အဆိုပါမူများမပြင်လျှင် UNFC အဖွဲ့မှ ကေအင်န်ယူ နုတ်ထွက်ဖွယ်ရှိကြောင်း ချင်းမိုင်မှ လာသောသတင်းများအရ သိရသည်။
‘‘ပြည်နယ်အပေါ် အခြေခံမ လား၊ လူမျိုးအပေါ်အခြေခံမလား ဆိုတဲ့ မူနဲ့ပတ်သက်ပြီးကွဲလွဲသွား တာနေမယ်။ KNU နုတ်ထွက် တယ်ဆိုတာ သူ့အနေနဲ့ အ ကြောင်းခိုင်လုံတယ်။ ကရင်လူ မျိုးတွေက ကရင်ပြည်နယ်ထဲမှာ ပဲ မကဘူးလေ။ မြစ်ဝကျွန်းပေါ် မှာလည်းရှိတယ်။တခြားနေရာ တွေမှာလည်း ကရင်တွေရှိတယ်။ အခု KNUက ကရင်တစ်မျိုးသား လုံးအတွက်လုပ်လိမ့်မယ်။ အခု ကိစ္စကြောင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို လာထိခိုက်စရာရှိတယ်လို့ တော့မမြင်ပါဘူး’’ဟု ရှမ်းတိုင်း ရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLDဥက္ကဋ္ဌဦးခွန်ထွန်းဦးကပြော သည်။ အဆိုပါပါတီမှ ကိုယ်စားလှယ်တစ်ဦးမှာ UNFC နှင့်တွေ့ဆုံရန် ချင်းမိုင်မြို့သို့ ရောက်ရှိနေသည်။
‘‘ကျွန်တော်တို့MPC အနေနဲ့ အခုပြောနိုင်တာက အောက်တိုဘာလလောက်မှာ NCA (တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ်လက်မှတ်)ထိုးပြီး ဇန်န၀ါရီလောက်မှာ နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲ ကျင်းပနိုင်ဖို့ ကျွန်တော်တို့လုပ်နေပါတယ်။ အခု သတင်းတွေထွက်နေတာနဲ့ပတ်သက်လို့ ဘာတွေဖြစ်သလဲဆိုတာလေ့လာရဦးမယ်။ ကျွန်တော်တို့ဘက်ကတော့ နိုင်ငံရေးဆွေးနွေးပွဲကသာလျှင် အားလုံးကိုဖြေရှင်းနိုင်မယ်ဆိုတဲ့ ရပ်တည်ချက်ကိုမပြောင်းပါဘူး’’ဟု အထက်ပါဖြစ်စဉ်နှင့် ပတ်သက်၍ မှတ်ချက်တောင်းခံရာတွင် မြန်မာနိုင်ငံငြိမ်းချမ်းရေးပြန်လည်ထူထောင်ရေးလုပ်ငန်းဗဟိုဌာန(MPC)အကြီးတန်း အကြံပေးဦးလှမောင်ရွှေကပြောသည်။ UNFC ညီလာခံဖြစ်စဉ်မှာ NCCT နှင့် မသက်ဆိုင်သောကြောင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များမှာ အစီအစဉ်အတိုင်း ဆက်လက်လုပ်ကိုင်သွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။
သြဂုတ် ၂၅ ရက်မှစတင် ကာ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် ပြုလုပ်နေသော UNFC ပထမအ ကြိမ် ညီလာခံတွင် ဗဟိုချုပ် ကိုင်မှု၊ လက်ရှိကာလနိုင်ငံရေး နှင့် စစ်ရေးမည်သည့်အချက်ကို ဦးစားပေးဆောင်ရွက်မည်စသည့် အချက်များနှင့် ပတ်သက်၍ သ ဘောထားကွဲလွဲမှုများရှိနေသော ကြောင့် ညီလာခံကြန့်ကြာနေရ ကြောင်း ကိုယ်စားလှယ်များက ပြောကြားသည်။
ပထမဆုံးအကြိမ်ကျင်းပသော UNFC ညီလာခံတွင် ကောင်စီ၏ ဖွဲ့စည်းပုံအခြေခံမူများကို ရေးဆွဲလက်မှတ်ထိုးရန်၊ အဖွဲ့ဝင် အသစ်အချို့ လက်ခံရန်၊ ဥက္ကဋ္ဌသစ်ရွေးချယ်ရန်နှင့် မြန်မာနိုင်ငံတွင်းမှ ဖိတ်ကြားထားသော နိုင်ငံရေးအင်အားစုများနှင့် တွေ့ဆုံရန် ကျင်းပခြင်းဖြစ်သည်။ သို့သော် ကောင်စီ၏ ဖွဲ့စည်းပုံအခြေခံမူဝါဒနှင့်ပတ်သက်၍ သဘောထားကွဲလွဲမှုများ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။
KNU သည် လက်ရှိအချိန်တွင် တပ်မတော်အပါအ၀င် အစိုးရနှင့် ဆက်ဆံရေးကောင်းများ ရရှိထားသည့်အဖွဲ့အစည်း လည်းဖြစ်သည်။
တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့ ၁၂ ဖွဲ့ပါဝင်သော UNFCကို ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီ ၁၆ ရက်က ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ ၂၀၁၀ ခုနှစ် နိုဝင်ဘာက ဖွဲ့စည်းခဲ့သော ဖက်ဒရယ်ပြည်ထောင်စုပေါ်ပေါက်ရေး ကော်မတီ(CEFU) ကို ပြင်ဆင်ဖွဲ့စည်းခဲ့ခြင်းလည်းဖြစ်သည်။
UNFC တွင် ကချင်လွတ် လပ်ရေးအဖွဲ့(KIO) မွန်ပြည်သစ် ပါတီ(NMSP)၊ ရှမ်းပြည်တပ်မ တော်(SSPP/SSA)၊ ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ (KNPP) ချင်းအမျိုးသားတပ်ဦး (CNF)၊ ကရင်အမျိုးသားအစည်း အရုံး(KNU)၊ လားဟူဒီမိုကရက် တစ်ယူနီယံ(LOU)၊ ရခိုင်အမျိုး သားကောင်စီ(ANC)၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ ချုပ်(PNLO)၊ ပလောင်ပြည်လွတ် မြောက်ရေးတပ်ဦး(PSLF)၊ ရခိုင် လွတ်မြောက်ရေး ပါတီ(ALP) နှင့် ‘၀’အမျိုးသားအစည်းအရုံး (WNO) တို့ပါဝင်သည်။
UNFC ဥက္ကဋ္ဌရာထူးကို KIO မှ ဒုတိယဗိုလ်ချုပ်ကြီး အင်ဘန်လက သုံးနှစ်ဆက်တိုက်တာဝန်ယူ ထားသည်။ လက်ရှိဒုတိယဥက္ကဋ္ဌ (၁)တာဝန်ကို KNPP မှ ခူးအေ ဘယ်တွိဒ်နှင့် ဒုတိယဥက္ကဋ္ဌ (၂) တာဝန်ကို KNU မှ ဖဒိုဒေးဗစ် သာကပေါက တာဝန်ယူထားပြီး အထွေထွေအတွင်းရေးမှူးမှာ နိုင်ဟံသာဖြစ်သည်။
ညီလာခံ KNU ခေါင်း ဆောင်များထွက်ခွာသွားခြင်းနှင့် ပတ်သက်၍ UNFC က ကြေညာချက်တစ်စောင် ထုတ်ပြန်သွား မည်ဖြစ်ကြောင်း သတင်းရရှိသည်။
7Day Daily

No comments:

Post a Comment