Thursday, September 4, 2014

အစိုးရ၏ UPWC နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ NCCT တို့၏ အပစ်ရပ်စဲရေး ညှိနှိုင်းမှုဆွေးနွေးပွဲကို စက်တင်ဘာ ၂၂ ရက်တွင် စတင်ရန် အစိုးရ အဆိုပြု

အစိုးရ၏ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) တို့၏ နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်စဲရေး ညှိနှိုင်းမှု ဆွေးနွေးပွဲ ကို စက်တင်ဘာ ၂၂ ရက် တွင် စတင်ပြုလုပ်ရန် အစိုးရဘက်က အဆိုပြုထားကြောင်း နှစ်ဖက်ငြိမ်းချမ်းရေး ဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့၏ ပြောကြားချက်အရ သိရသည်။
UPWCနှင့် NCCT တို့သည် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ်တစ်ခုကို နှစ်ဖက်ကိုယ်စားလှယ်များ ပူးပေါင်းရေးဆွဲရန် ယခုနှစ် မတ်လဆွေးနွေး ပွဲက သဘောတူညီခဲ့ရာ ဧပြီဆွေးနွေးပွဲတွင် စာချုပ်မူကြမ်း (ပထမအဆင့်)၊ မေလဆွေးနွေးပွဲတွင် စာချုပ်မူကြမ်း (ဒုတိယ အဆင့်) နှင့် ဩဂုတ် ၁၅ ရက်မှ ၁၇ ရက်အထိ သုံးရက်ကြာ ဆွေးနွေးပွဲတွင် စာချုပ်မူကြမ်း (တတိယအဆင့်) ကို ရရှိခဲ့ပြီး မူကြမ်း အချောသပ်နိုင်ရေးနှင့် ညှိနှိုင်းရန် ကျန်နေသည့် အချက်များကို ဆက်လက်ဆွေးနွေးရန် စက်တင်ဘာလတွင် တွေ့ဆုံ မည်ဟု နှစ်ဖက် သဘောတူညီခဲ့ကြသည်။

UPWCအလုပ်အဖွဲ့မှ ဦးလှမောင်ရွှေက “ကျွန်တော်တို့ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်း ကော်မတီဘက်က NCCT ကို ဒီလထဲမှာ ဆွေးနွေးပွဲကျင်းပဖို့ ရက်ကို ဒီတစ်ရက်နှစ်ရက် အတွင်းမှာပဲ ဝန်ကြီးဦးအောင်မင်းတို့က ဖိတ်စာပို့မယ်လို့ သိရပါတယ်။ အဲဒီတော့ NCCT ဘက်က သူတို့ပြင်ဆင်ဖို့ရက် လိုလား မလိုလား မသိသေးဘူး။ ခါတိုင်းလည်း ကျွန်တော်တို့ဘက်က အမြဲတမ်း အဆိုပြုချက်တွေ ပို့ပါတယ်” ဟု ပြောကြားသည်။

UPWCနှင့် NCCT တို့၏ ဆွေးနွေးပွဲ ကိစ္စနှင့်ပတ်သက်၍ NCCT မှ ဒေါက်တာဆလိုင်းလျန်မှုန်းက “သူတို့တင်ထားတယ်။ ကျွန်တော်တို့ စာရပါတယ်။ သူတို့က စက်တင်ဘာ ၂၂ ရက်မှာလုပ်ဖို့ စာရေးထားတယ်။ ကျွန်တော်တို့ NCCT က ၈ ရက်ကနေ ၁ဝ ရက်အကြား အစည်းအဝေးရှိတယ်။ အဲဒီမှာ ညိ§ပြီးတော့မှ တရားဝင် အကြောင်းပြန်မှာ ဖြစ်ပါတယ်” ဟု ပြောကြားသည်။

UPWCနှင့် NCCT တို့အကြား စက်တင်ဘာဆွေးနွေးပွဲမတိုင်မီ နှစ်ဖက်အကြား နည်းပညာအထောက်အကူပြုအလုပ်အဖွဲ့ အစည်း အဝေး များ ပြုလုပ်ညှိနှိုင်းသွားရန် ဩဂုတ်ဆွေးနွေးပွဲအပြီး သဘောတူညီထားသည်။ UPWCနှင့် NCCT တို့၏ လာမည့် စက်တင်ဘာဆွေးနွေးပွဲတွင် ကျန်နေ သည့် အချက်အားလုံးကို ညိ§နှိုင်းနိုင်ပါက တစ်နိုင်ငံ လုံးအပစ်အခတ်ရပ်စဲရေးကို အောက်တိုဘာ လကုန်ပိုင်းတွင် ပြုလုပ်နိုင်မည်ဟု UPWC ဘက်က ခန့်မှန်းပြောကြား ထားသည်။

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် အချောသပ်ရေးဆွဲ နိုင်ရေးအတွက် UPWC နှင့် NCCT တို့အကြား အဓိက ညှိနှိုင်းရန်ကျန်နေသည့် အချက်များမှာ နိုင်ငံရေးဆွေးနွေးမှုတွင် ပါဝင်မည့် အစုအဖွဲ့ပုံစံသတ်မှတ်ရေး၊ အပစ်အခတ်ရပ်စဲရေး စာချုပ်တွင် ပါဝင်လက်မှတ်ရေးထိုးမည့် အဖွဲ့အစည်းသတ်မှတ်ရေး၊ အပစ်အခတ်ရပ်စဲရေး ဆောင်ရွက်ပြီးနောက်ပိုင်း နိုင်ငံရေးဆွေးနွေးနေစဉ် တိုင်းရင်းသားအဖွဲ့အစည်းများ ရပ်တည်နိုင်ရေးကိစ္စများ ပါဝင်သည့် ကြားကာလအစီအစဉ် စသည်တို့ဖြစ်ကြောင်း သိရသည်။

တစ်နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်စဲရေး သဘောတူစာချုပ်တွင် ပါဝင်လက်မှတ်ထိုးမည့် အဖွဲ့အစည်းသတ်မှတ်ရေးနှင့် ပတ်သက်၍ ညှိနှိုင်းရာတွင် မူဝါဒဆိုင်ရာ မဟုတ်သည့်အတွက် ခက်ခဲမှုမရှိနိုင်ဟု ဦးလှမောင်ရွှေက ပြောကြားထားသည်။

တစ်နိုင်ငံလုံးအပစ်ရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးရာတွင် အစိုးရဘက်မှ နိုင်ငံတော်သမ္မတ၊ လွှတ်တော်နာယကနှင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်တို့ ပါဝင်လက်မှတ်ရေးထိုးရန် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ တစ်နိုင်ငံလုံး အပစ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေး အဖွဲ့ (NCCT) က တင်ပြထားကြောင်း သိရသည်။

“ဝ” ပြည် သွေးစည်းညီညွတ်ရေးအဖွဲ့ (UWSA) နှင့် ရှမ်းပြည်နယ်အရှေ့ပိုင်း အထူးဒေသ (၄) မိုင်းလားအဖွဲ့ (NDAA)တို့သည်လည်း တစ်နိုင်ငံ လုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်တွင် ပါဝင်လက်မှတ်ရေးထိုးမည်ဖြစ်ကြောင်း ဩဂုတ် ၂၅ ရက်က နေပြည်တော်၌ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နှင့်တွေ့ဆုံစဉ် ပြောကြားခဲ့သည်ဟု သိရသည်။

မကြာမီ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးမှု ဆောင်ရွက်နိုင်တော့မည်ဖြစ်ကြောင်းနှင့် နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်စဲရေးစာချုပ် အောင်မြင်စွာချုပ်ဆိုပြီး နိုင်ငံရေးဆွေးနွေးပွဲများကို အောင်မြင်စွာ ကျင်းပနိုင်ရန်အတွက် ငြိမ်းချမ်းရေး၏ အခြေခံအုတ်မြစ်ကို လက်ရှိအစိုးရ လက်ထက်တွင် ချမှတ်နိုင်အောင် ကြိုးပမ်းဆောင်ရွက်လျက် ရှိသည်ဟုလည်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြီးခဲ့သည့် ရက်ပိုင်း အတွင်းက ပြောကြားထားသည်။

UPWCနှင့် NCCT တို့အကြား အပစ်အခတ်ရပ်စဲရေး ဆက်လက်ညှိနှိုင်းရာတွင် နိုင်ငံရေးဆွေးနွေး၌ပါဝင်မည့် အစုအဖွဲ့ပုံစံနှင့် အပစ်အခတ် ရပ်စဲရေး ဆောင်ရွက်ပြီးနောက်ပိုင်း နိုင်ငံရေးဆွေးနွေးနေစဉ် တိုင်းရင်းသားအဖွဲ့အစည်းများ ရပ်တည်နိုင်ရေး ကိစ္စများပါဝင်သည့် ကြားကာလ အစီအစဉ်တို့သည် ဆွေးနွေးညှိနှိုင်းရန်ခက်ခဲမည့် အခြေအနေရှိသည်ဟု NCCT ခေါင်းဆောင်များက ပြောကြားထားသည်။

Eleven Media Group

No comments:

Post a Comment