Thursday, October 16, 2014

ကုမ္ပဏီရှိ အမျိုးသမီးဝန်ထမ်းများ၏ မျိုးဥ အေးခဲအောင် ပြုလုပ်ရန်အတွက် Apple နှင့် Facebook ငွေကြေး ထောက်ပံ့မည်

Apple နှင့် Facebook တို့သည် ကုမ္ပဏီ၏ အမျိုးသမီးဝန်ထမ်းများ ကလေးရယူခြင်းကို ရွှေ့ဆိုင်းကာ အလုပ်များ ပိုမို လုပ်ဆောင်နိုင်ရန်အတွက် ၎င်းတို့၏ "မ" မျိုးဥကို အေးခဲအောင် ပြုလုပ်ရန် ငွေကြေး ထောက်ပံ့ ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ ကုမ္ပဏီနှစ်ခုအနေဖြင့် အရည်အသွေးရှိသော အမျိုးအမီးဝန်ထမ်းများကို ဆွဲဆောင်ရန်အတွက် ယခုမူဝါဒ ချမှတ်ခြင်း ဖြစ်ကြောင်း သိရသည်။ Facebook နှင့် Apple တို့သည် အမျိုးသမီးများ၏ မျိုးဥ အေးခဲအောင် ပြုလုပ်မည့် လုပ်ငန်းစဉ်အတွက် ဝန်ထမ်းတစ်ဦးလျှင် ဒေါ်လာ ၂၀,၀၀၀ အထိ ထောက်ပံ့ ပေးသွားမည် ဖြစ်ကြောင်း NBC News မှ ဖော်ပြခဲ့သည်။Facebook အနေဖြင့် ၎င်းမူဝါဒကို ယခုနှစ်တွင် စတင် အကောင်အထည်ဖော်မည် ဖြစ်သော်လည်း Apple ကမူ ၂၀၁၅ခုနှစ် အစောပိုင်းမှသာ စတင်သွားမည် ဖြစ်သည်။ ထိုကဲ့သို့ "မ" မျိုးဥ အေးခဲအောင် ပြုလုပ်သည့် လုပ်ငန်းစဉ်ကို oocyte cryopreservation ဟုလည်းခေါ်ဆိုပြီး ၎င်းသည် ၁၉၈၆ ခုနှစ်တွင် စတင်ပေါ်ပေါက်လာသည့် နည်းလမ်း တစ်ခုဖြစ်သည်။ ၎င်းလုပ်ငန်းစဉ်သည် မျိုးပွားနိုင်သည့်ကာလ အသက် ၂၀ မှ ၃၅ နှစ်အတွင်းရှိသည့် အမျိုးသမီးများအတွက် ကလေးမရရှိအောင် ဆောင်ရွက်ပေးနိုင်သည်။

အမျိုးသမီးများသည် မျိုးပွားနိုင်စွမ်းအားကောင်းသည့် အရွယ်တွင် ဟော်မုန်းများအတွင်းမှ ဓမ္မတာအလျောက် အရွယ်ရောက်သည့် မျိုးဥ ၄၅ ဥ အထိ ထုတ်လုပ်နိုင်သည်။ အဆိုပါ အရွယ်ရောက်သည့် မျိုးဥများကို လုပ်ငန်းစဉ်အရ အမျိုးသမီးများထံမှ ၁၀ မိနစ်မှ ၁၅ မိနစ်အတွင်း ထုတ်ယူကာ ဆေးခန်းတွင် အေးခဲအောင် ပြုလုပ်၍ သိမ်းဆည်ပေးမည် ဖြစ်သည်။ ၎င်းမျိုးဥများကို ၁၀ နှစ်နှင့် အထက် သိမ်းဆည်းထားနိုင်သည့်အပြင် အမျိုးသမီးများ ကလေးရယူချင်သည့်အခါတွင် အရည်ပျော်စေကာ ကျားမျိုးဥဖြင့် မျိုးပွားပေးပြီး အမျိုးသမီး၏ သားအိမ်အတွင်းသို့ ထည့်သွင်းခြင်းဖြင့် ရယူနိုင်မည် ဖြစ်သည်။
အဆိုပါ နည်းပညာသည် အပြည့်အဝ စိတ်မချရသေးသော်လည်း လူအများက စမ်းသပ်မှုများ ပြုလုပ်နိုင်သည့် လုပ်ငန်းစဉ်အဖြစ် သတ်မှတ်ထားကြသည်။ ထို့အပြင် ၎င်းလုပ်ငန်းစဉ်ကို လုပ်ဆောင်ရန် ဈေးနှုန်းမြင့်မားသည့်အပြင် မျိုးဥများကို တစ်ခေါက် ထုတ်ယူလိုပါက ဒေါ်လာ ၁၀,၀၀၀ ကျသင့်မည် ဖြစ်သည်။

Facebook နှင့် Apple ကုမ္ပဏီတို့၏ မူဝါဒသည် ၎င်းလုပ်ငန်းစဉ်ကို ပြုလုပ်လိုသည့် အမျိုးသမီးငယ်များအတွက် အထောက်အကူ တစ်ခုဖြစ်လာမည် ဖြစ်သည်။

Ref: TheVerge

No comments:

Post a Comment