Wednesday, October 1, 2014

အာရှ ယူ-၁၉ ဘောလုံးလက်မှတ်တွေ ဘယ်မှာ ဘယ်လို ဝယ်နိုင်မလဲ

နယူးဇီလန်နိုင်ငံမှာ ၂၀၁၅ ခုနှစ်မှာ ကျင်းပမယ့် ဖီဖာ ယူ-၂၀ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ ဝင်ရောက် ယှဉ်ပြိုင်ခွင့် ရဖို့အတွက် မြန်မာအပါအဝင် အာရှက အင်အားကြီးနိုင်ငံတွေ လာရောက်ယှဉ်ပြိုင်မယ့် အာရှယူ-၁၉ ဘောလုံးပြိုင်ပွဲ လက်မှတ် ဈေးနှုန်းတွေနဲ့ ဝယ်ယူရမယ့် နေရာတွေကို မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က ဒီကနေမှာ ထုတ်ပြန်လိုက်ပါတယ်။

ပြိုင်ပွဲ ပွဲစဉ်တစ်ခုစီအတွက် ရိုးရိုးတန်း လက်မှတ်တစ်စောင်ကို ကျပ် ၂၀၀၀၊ အထူးတန်းတစ်စောင်ကို ကျပ် ၅၀၀၀ စီနဲ့ ပြိုင်ပွဲ မကျင်းပမီ တစ်ရက်အလိုနဲ့ ပြိုင်ပွဲရက်တွေမှာ ရောင်းချပေးမှာဖြစ်ပါတယ်။ လက်မှတ်တွေကို မှတ်ပုံတင်တစ်ခု အတွက် လက်မှတ်နှစ်စောင် ရမှာဖြစ်ပါတယ်။

မြန်မာအသင်း ယှဉ်ပြိုင်မယ့် ပွဲစဉ်တွေကို သုဝဏ္ဏကွင်းမှာ ကျင်းပမှာဖြစ်ပါတယ်။ သုဝဏ္ဏကွင်း အထူးတန်း ပွဲကြည့်စင်မှာ ထိုင်ခုံ ခြောက်ထောင့်ခြောက်ရာရှစ်ဆယ့်ကိုး (၆၆၈၉) ခုံ ရှိပြီး ရိုးရိုးတန်း ခုံနှစ်သောင်း တစ်ထောင် ခုနှစ်ရာလေး(၂၁၇ဝ၄)ရှိတယ်လို့ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ရုံးအဖွဲ့ထံကနေ သိရ ပါတယ်။

အထူးတန်း လက်မှတ်တွေကို ပွဲမတိုင်မီ တစ်ရက်အလိုမှာ အောင်ဆန်းကွင်းနဲ့ စလင်းကွင်းတို့မှာ လက်မှတ်စောင်ရေ ငါးရာစီ၊ သုဝဏ္ဏကွင်းမှာ လက်မှတ်စောင်ရေ တစ်ထောင် ရောင်းချမှာပါ။

လက်ကျန် ၂၆၈၉ ခုံ အတွက် လက်မှတ်တွေကို ပြိုင်ပွဲနေ့မှာ အောင်ဆန်းကွင်းနဲ့ စလင်းကွင်းတို့မှာ လက်မှတ်စောင်ရေ ငါးရာစီနဲ့ သုဝဏ္ဏကွင်းမှာ ၁၆၈၉ စောင်ရောင်းချပေးမယ်လို့ မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်က ထုတ်ပြန်ထားပါတယ်။

ရိုးရိုးတန်းလက်မှတ် တွေကိုလည်း ပွဲမတိုင်ခင် တစ်ရက်အလိုမှာ အောင်ဆန်းနဲ့ စလင်းကွင်းတို့မှာ လက်မှတ် နှစ်ထောင်စီ၊ သုဝဏ္ဏကွင်းမှာ လက်မှတ်မှတ်စောင်ရေ လေးထောင်၊ ပြိုင်ပွဲ ကျင်းပမယ့်နေ့မှာ အောင်ဆန်းကွင်းနဲ့ စလင်းကွင်းမှာ လက်မှတ် ၁၅၀၀ စီ၊ သုဝဏ္ဏတွင် လက်မှတ်စောင်ရေ ၁၀၇၀၄ ရောင်းချမှာ ဖြစ်ပါတယ်။

Special Package လက်မှတ်တစ်စောင်လျင် ကျပ်ငါးသောင်းနဲ့ ရောင်းချပေးမှာဖြစ်ပါတယ်။ အဲဒီလက်မှတ်နဲ့ ရန်ကုန်မှာ ကျင်းပမယ့် အုပ်စု အေ၊ ဘီပွဲစဉ်တွေ အပါအဝင် သုဝဏ္ဏကွင်းမှာ ကျင်းပမယ့် ပွဲတွေကို ကြည့်ရှုနိုင်မှာပါ။ အဲဒါအပြင် မြန်မာအသင်း အင်္ကျီ၊ မာဖလာနဲ့ အူရီဒူးဆင်းကဒ် တစ်ခု ရရှိမှာဖြစ်ပါတယ်။

Special Package လက်မှတ်တွေကိုတော့ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ပိုင် Goal Hotel တွင်နိုဝင်ဘာလ ၃ ရက်နေ့မှ ၇ ရက်နေ့ထိ ရောင်းချပေးမှာပါ။

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် အဲဒီပြိုင်ပွဲကို အောက်တိုဘာလ ၉ ရက်နေ့ကနေ ၂၃ ရက်နေ့အထိ ကျင်းပမှာဖြစ်ပါတယ်။

The Voice Weekly

No comments:

Post a Comment