Wednesday, October 15, 2014

ကျောက်စိမ်း၊ ကျောက်မျက်၊ သတ္တုတွင်းထွက် ပြည်ပတင်ပို့မှု ဒေါ်လာသန်း ၈၀၀ နီးပါး ရရှိထားပြီး ကျောက်စိမ်းတင်ပို့မှုမှ ၀င်ငွေအများဆုံးဖြစ်

လက်ရှိဘဏ္ဍာနှစ်အတွင်း ပြည်ပသို့ ကျောက်စိမ်း၊ ကျောက်မျက်အပါအ၀င် သတ္တုတွင်းထွက် ပစ္စည်းများတင်ပို့မှုမှ ဒေါ်လာ သန်း ၈၀၀ နီးပါး ရရှိထားပြီး ကျောက်စိမ်းတင်ပို့မှုမှ ၀င်ငွေအများဆုံး ရရှိခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ အောက်တိုဘာ ၃ ရက်အထိ သတ္တုတွင်းထွက်ပစ္စည်းများ ပြည်ပတင်ပို့မှုမှ ဒေါ်လာ ၇၉၇ ဒသမ ၉၁၉ သန်း ရရှိထားပြီး ယင်းဝင်ငွေထဲတွင် သတ္တုနှင့်သတ္တုရိုင်း တင်ပို့မှုမှ ဒေါ်လာ ၉၇ ဒသမ ၆၇၅ သန်း၊ ကျောက်မျက်ရတနာ တင်ပို့မှုမှ ဒေါ်လာ ၇ ဒသမ ၆၀၉ သန်း၊ အခြား သတ္တုတွင်းထွက်ပစ္စည်းများ တင်ပို့မှု မှ ဒေါ်လာ ၁၁၄ ဒသမ ၉၂၃ သန်း၊ ကျောက်စိမ်းတင်ပို့မှုမှ ဒေါ်လာ ၅၇၇ ဒသမ ၇၁၂ သန်း ပါဝင်သဖြင့် ကျောက်စိမ်းတင်ပို့မှုမှ ၀င်ငွေအများဆုံးရ ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါကာလအတွင်း မြန်မာနိုင်ငံမှထွက်သည့် ကျောက်စိမ်းကို ပြည်ပ တင်ပို့ရာတွင် ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ ဒေါ်လာ ၁၂၅ ဒသမ ၈၀၈ သန်း၊ နယ်စပ်ကုန်သွယ်မှုမှ ဒေါ်လာ ၄၅၁ ဒသမ ၉၀၄ သန်း ရရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံမှ ပို့ကုန်တင်ပို့မှုအနေဖြင့် လယ်ယာထွက်ကုန်၊ ရေထွက်ကုန်၊ သဘာဝဓာတ်ငွေ့ တင်ပို့မှုပါဝင်သည့် စက်မှုကုန်ချောပစ္စည်း၊ တိရစ္ဆာန် ထွက်ကုန်၊ သစ်တောထွက်ပစ္စည်း၊ သတ္တုတွင်း ထွက်ပစ္စည်း စသည့် ကဏ္ဍ များခွဲကာ တင်ပို့နေကြောင်း သိရသည်။

လက်ရှိဘဏ္ဍာနှစ်အတွင်း ကျောက်စိမ်းအပါအ၀င် သတ္တုတွင်းထွက်ပစ္စည်း ပြည်ပ တင်ပို့မှုမှ ရရှိငွေမှာ ယခင်ဘဏ္ဍာနှစ်ကာလတူ တင်ပို့မှုထက် ဒေါ်လာ ၆၃ သန်းကျော် ပိုမိုရရှိခဲ့ကြောင်း သိရသည်။

ထိုသို့ တရားဝင်ကုန်သွယ်မှု တိုးတက်နေသော်လည်း နယ်စပ်ထွက်ပေါက်များမှတစ်ဆင့် တရားမ၀င်ကုန်သွယ်မှုများ ရှိနေသဖြင့် စစ်ဆေးအရေးယူမှုများကိုလည်း ပြုလုပ်နေရကြောင်း သိရသည်။

တရားမ၀င်ကုန်သွယ်မှုများ၊ ခွင့်ပြုချက်မရှိဘဲ ကုန်စည်တင်သွင်းမှုများကို အကောက်ခွန်ဦးစီးဌာနမှ စစ်ဆေးအရေးယူနေသကဲ့သို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဦးဆောင်ပြီး သက်ဆိုင်ရာဌာနများ ပါဝင်ဖွဲ့စည်းထားသည့် Mobile Team အဖွဲ့များကလည်း ပင်လယ်ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများတွင် စစ်ဆေးအရေးယူနေကြောင်း သိရသည်။

နယ်စပ်ကုန်သွယ်ရေးမှ ကျောက်စိမ်းအပါအ၀င် သတ္တုတွင်းထွက် သယံဇာတမျာကို တင်ပို့ရာတွင် တရုတ်သို့ အဓိကတင်ပို့နေခြင်းဖြစ်ကြောင်း သိရသည်။ ကျောက်စိမ်းအပါအ၀င် သတ္တုတွင်းထွက်များကို မြန်မာနိုင်ငံမှ ပြည်ပနိုင်ငံများသို့ တင်ပို့ရာတွင် တန်ဖိုးမြှင့် ထုတ်ကုန်တင်ပို့မှုထက် အကြမ်းထည်များကို သာတင်ပို့မှုများပြားကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment