Thursday, October 15, 2015

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၏ ဓာတ်ပုံကို ခြေထောက်ဖြင့် နင်းထားသည့်ပုံအား Facebook တွင် တင်မှုကြောင့် နောက်တစ်ဦး ထပ်မံ ဖမ်းဆီးခံရ

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၏ ဓာတ်ပုံအား ခြေထောက်ဖြင့် နင်းထားသည့်ပုံကို Facebook တွင် တင်မှုကြောင့်ဟုဆိုကာ လှိုင်မြို့နယ်နေ ဦးခွန်ဂျာလီအား သက်ဆိုင်ရာ ရဲစခန်းက လှိုင်မြို့နယ်နေအိမ်မှ ဖမ်းဆီးခေါ်ဆောင်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါဖြစ်စဉ်မှာ အောက်တိုဘာ ၁၄ ရက် ညပိုင်းက ပေါ်ပေါက်ခဲ့ခြင်း ဖြစ်ပြီး အဆိုပါနေ့ ည ၇ နာရီခွဲခန့်တွင် လှိုင်မြို့မ ရဲစခန်းမှ တာဝန်ရှိသူများက ငြိမ်းချမ်းရေးနှင့် အမျိုးသမီးရေးရာ လှုပ်ရှားသူ ဒေါ်မေစံပယ်ဖြူ၏ ခင်ပွန်း ဦးခွန်ဂျာလီအား ၎င်းနေထိုင်သည့် လှိုင်မြို့နယ်၊ ၁၀ ရပ်ကွက် လှိုင်မြင့်မိုရ် အိမ်ရာတွင် လာရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း မိသားစုထံမှ သိရသည်။

“ရဲစခန်းက လူတွေက အိမ်ကို ရောက်လာပြီးတော့ အဖေက ပို့စ်တစ်ခု တင်ထားတယ်ဆိုပြီး အမှူဖွင့်ထားတာ ရှိတယ်ဆိုပြီး စစ်ဆေးမေးမြန်းစရာ ရှိတယ်ဆိုပြီး ဖမ်းသွားတယ်။ ပို့စ်ကတော့ ဘယ်သူ့အကြောင်း တင်ထားတယ် ဆိုတာတော့ ကျွန်မလည်း သေချာ မသိဘူး။ အာဏာရှိတဲ့သူ တစ်ယောက်ယောက်ရဲ့ ဓာတ်ပုံကို ခြေထောက်နဲ့ နင်းထားတဲ့ပုံကို တင်ထားတယ် ဆိုပြီးတော့ ပြောပြီး ဖမ်းသွားတယ်။ လာဖမ်းသွားတဲ့ အချိန်က ည ၇ နာရီခွဲလောက်က ခေါ်သွားတယ်။ လှိုင်ရဲစခန်းကပဲ လာဖမ်းသွားတာဖြစ်တယ်” ဟု ဦးခွန်ဂျာလီ၏ သမီးဖြစ်သူ မလုက ပြောကြားသည်။
ယခု ဖြစ်စဉ်နှင့် ပတ်သက်၍ လှိုင်မြို့မ ရဲစခန်းမှ စခန်းမှူးအား ဖုန်းဖြင့်ဆက်သွယ်ရာတွင် ဖုန်းပိတ်ထားပြီး လှိုင်မြို့မ စခန်းဖုန်းအား ထပ်မံဆက်သွယ် မေးမြန်းရာတွင် စခန်းမှ ဖြေကြားနိုင်မှု မရှိသဖြင့် တိုင်းပြန်ကြားရေး အဖွဲ့သို့ ဆက်သွယ်မေးမြန်းရန်သာ ပြောကြားခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ သတင်းပြန်ကြားရေး အဖွဲ့မှ ရဲမှူးပြည့်စုံအား ည ၁၁ နာရီခွဲခန့်တွင် ဖုန်းဖြင့်မေးမြန်းရန် ဆက်သွယ်ခဲ့သော်လည်း လက်ခံပြန်လည် ဖြေကြားခဲ့ခြင်း မရှိခဲ့ပေ။
အဆိုပါ ဖြစ်စဉ်အား တပ်မတော်မှ အဆင့်မြင့် အရာရှိတစ်ဦးက တိုင်တန်းခဲ့ခြင်းဖြစ်ပြီး တိုင်းတန်းချက်အရ အရေးယူ ဆောင်ရွက်ရန်အတွက် သွားရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း အမည်မဖော်လိုသူ အဆင့်မြင့် ရဲအရာရှိ တစ်ဦး၏ ပြောကြားချက်အရ သိရသည်။
ယခု ဖြစ်စဉ်သည် ရက်ပိုင်းအတွင်း ဒုတိယအကြိမ် ပေါ်ပေါက်ခဲ့ခြင်းဖြစ်ကာ အောက်တိုဘာ ၆ ရက်ကလည်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဓာတ်ပုံကို ခြေထောက်ဖြင့် နင်းနေပုံအား တင်ခဲ့သဖြင့် ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆ (ဃ) ဖြင့် အရေးယူရန် ဇော်မျိုးညွန့် အမည်ဖြင့် Facebook သုံးစွဲသူ တစ်ဦးအား မရမ်းကုန်းမြို့နယ် ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါသည်။
ထို့အတူ အောက်တိုဘာ ၁၂ ရက်နေ့ကလည်း Facebook တွင် ဒေါ်အောင်ဆန်းစုကြည်၏ ထဘီအရောင်နှင့် တပ်မတော်ဝတ်စုံကို ခိုင်းနှိုင်းရေးသားမှုကြောင့်ဟုဆိုကာ မအူပင်မြို့နေ မချောစန္ဒီထွန်းအား ရန်ကုန်မြို့တွင် ဖမ်းဆီးခဲ့ပြီး မအူပင် ရဲစခန်းသို့ ညတွင်းချင်း လွှဲပြောင်းခဲ့ပါသည်။
ထို့နောက် မချောစန္ဒီထွန်းအား အောက်တိုဘာ ၁၃ ရက်တွင် အီလက်ထရွန်နစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေပုဒ်မ ၃၄ (ဃ) ဖြင့် အမှုဖွင့် အရေးယူခဲ့ပြီး မအူပင်မြို့နယ် တရားရုံးတွင် စတင်ရုံးထုတ် ရမန်ယူပြီး မအူပင်ထောင်သို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။
မချောစန္ဒီထွန်းသည် အမျိုးသားပညာရေး ဥပဒေကို ဆန့်ကျင်ကန့်ကွက် ဆန္ဒပြသော ဒီမိုကရေစီ ပညာရေးသပိတ် ဧရာဝတီ သပိတ်စစ်ကြောင်းတွင်လည်း ပါဝင်ကူညီ ဆောင်ရွက်မှုများ ရှိခဲ့ကာ လက်ရှိတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ရွေးကောက်ပွဲအောင်နိုင်ရေး လုပ်ငန်းစဉ်များကို ဆောင်ရွက်နေသူလည်း ဖြစ်သည်။
Writer: 
ဆန်းထူးအောင်

Eleven

No comments:

Post a Comment