Wednesday, October 29, 2014

၁ဝတန်းမအောင်တဲ့သူတွေအတွက် အင်ဂျင်နီယာအခြေခံသင်တန်း ဖွင့်မယ်

ဆယ်တန်းအောင်မပြောနဲ့ ဘွဲ့ရတောင် အလုပ်လက်မဲ့တွေ တိုးပွားနေတဲ့ မြန်မာပြည်မှာ ဆယ်တန်းပညာ မအောင်မြင်တဲ့ လူငယ်တွေအတွက် အင်ဂျင်နီယာဖောင်ဒေးရှင်းသင်တန်းကို ဖွင့်လှစ်တော့မယ်လို့ GAME အဖွဲ့က အောက်တိုဘာ ၂၈ရက်နေ့မှာ ပြောလိုက်ပါတယ်။ ဒီသင်တန်းက အလုပ်အကိုင်အခွင့်အလမ်းတွေ လမ်းပွင့်စေမှာလား။
Global Academy of Medical & Engineering –GAME က နိုဝင်ဘာမှာဖွင့်လှစ်မယ့် ဒီသင်တန်းမှာ ၉တန်းအောင်ထားတဲ့ ကျောင်းသားလူငယ်တွေအနေနဲ့ ၆လကြာ သင်တန်းတက်ရမှာဖြစ်ပြီး စင်္ကာပူမှာ ၃နှစ်ကြာ ဒီပလိုမာသင်တန်းကို တက်ရောက်ချင်တယ်ဆိုရင် BCA Academy ရဲ့ ဝင်ခွင့်စာမေးပွဲကို ဖြေဆိုနိုင်မယ်လို့ သုခ သူနာပြုအကူနဲ့ ဆေးဝါးသင်တန်းကျောင်းက ဒေါက်တာဖြူသွယ်က ရှင်းပြပါတယ်။
စင်္ကာပူအထိ သွားဖို့ အခြေအနေမရခဲ့ရင်လည်း ပြည်တွင်းကသင်တန်းဆင်းတဲ့အခါ လုပ်ငန်းခွင်ဝင်နိုင်မယ့် အခွင့်အလမ်းတွေ ရှိပြီး GAME ကဖွင့်လှစ်မယ့် အင်ဂျင်နီယာသင်တန်းနဲ့ ပူးပေါင်းသွားမယ်လို့ ဆိုပါတယ်။ အင်ဂျင်နီယာအခြေခံသင်တန်းနဲ့ပတ်သက်တဲ့ မိတ်ဆက်ရှင်းလင်းပွဲမှာ ဆယ်တန်းမအောင်လို့ ဘဝတိုးတက်ရေးအတွက် စိတ်ဓာတ်မကျဘဲ အင်ဂျင်နီယာ ဘာသာရပ်ကို စိတ်ပါဝင်စားတယ်ဆိုရင် အခွင့်အလမ်းကောင်းတစ်ခုဖြစ်တယ်လို့ ကိုဇော်မင်းထွန်းက ပြောပါတယ်။
ဆယ်တန်းဖြေဆိုမယ့် ကျောင်းသားတွေကို သင်တန်းတက်စေချင်တာမဟုတ်ဘဲ အကြောင်းအမျိုးမျိုးကြောင့် ဆယ်တန်းမဖြေဖြစ်တဲ့ လူငယ်တွေအတွက် အသက်မွေးဝမ်းကျောင်း ပညာတစ်ခု တတ်မြောက်သွားစေဖို့ စီစဉ်တာဖြစ်ပြီး သင်တန်းကြေးက ဘာသာရပ်အလိုက် ၁၅သိန်းက သိန်း၂ဝ ဝန်းကျင် ကုန်ကျမယ်လို့ ဆိုပါတယ်။
ရန်ကုန်နဲ့ မန္တလေးမြို့တွေမှာ ဖွင့်လှစ်မယ့် ဒီသင်တန်းနဲ့ပတ်သက်ပြီး စိတ်ပါဝင်စားသူတွေ လှိုင်မြို့နယ် သုခ သူနာပြုအကူနဲ့ ဆေးဝါးသင်တန်းကျောင်းမှာ စုံစမ်းနိုင်တယ်လို့ ဆိုပါတယ်။

No comments:

Post a Comment