Wednesday, October 15, 2014

ကာကွယ်ရေးဦးစီးချုပ်နှင့် စာနယ်ဇင်းကောင်စီတို့ တွေ့ဆုံ၍ တပ်မတော်နှင့် မီဒီယာများအကြား သတင်းရယူရေး၊ ဆက်ဆံရေးကိစ္စရပ်များ ဆွေးနွေး

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) တို့သည် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်၌ အောက်တိုဘာ ၁၄ ရက် မွန်းလွဲပိုင်းက တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။

ထိုသို့ တွေ့ဆုံရာတွင် တွေ့ဆုံချိန် မွန်းလွဲ ၂ နာရီမှ ညနေ ၅ နာရီကျော်အထိ သုံးနာရီကျော် ကြာမြင့်ခဲ့ပြီး ပထမဆုံးအကြိမ် တွေ့ဆုံမှုဖြစ်သဖြင့် တပ်မတော်နှင့် မီဒီယာများအကြား သတင်းရယူထုတ်ပြန်ရေး၊ နားလည်မှုလွဲနေသည့် ကိစ္စရပ်များ၊ တာဝန်ဝတ္တရား ကိစ္စရပ်များအား အဓိကဆွေးနွေးခဲ့ကြောင်း စာနယ်ဇင်းကောင်စီ (ယာယီ) အတွင်းရေးမှူး ဦးကျော်မင်းဆွေက ပြောကြားသည်။

ယခုကဲ့သို့ တွေ့ဆုံမှုအရ တပ်မတော်အနေဖြင့် နောက်ပိုင်းတွင် တပ်မတော်၏ အရေးအရာ ကိစ္စရပ်များအား ပြည်သူလူထုသို့ အသိပေးသင့်သည့် သတင်းအချက်အလက်များကို စာနယ်ဇင်းကောင်စီနှင့် ပူးပေါင်းညှိနှိုင်း ထုတ်ပြန်သွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အနာဂတ်ဒီမိုကရေစီနိုင်ငံ တည်ဆောက်ရေး တပ်မတော်အနေဖြင့် မယိမ်းမယိုင်ဘဲ ပါတီစုံဒီမိုကရေစီစနစ် တည်တံ့အသက်ဝင်စေရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စာနယ်ဇင်းကောင်စီ အဖွဲ့ဝင်များအား ကတိပြု ပြောကြားခဲ့သည်ဟု ဦးကျော်မင်းဆွေက ပြောကြားသည်။

“ပထမဦးဆုံးအကြိမ် ပထမအဆင့် တွေ့တဲ့အတွက် ကျွန်တော်တို့ အချင်းချင်းကြားမှာရှိတဲ့ Duty & Function ကိစ္စလေးတွေ နားလည်မှုရရှိဖို့၊ မီဒီယာဘက်မှာလည်း နိုင်ငံတည်ဆောက်ရေးကာလ ဖြစ်တဲ့အတွက် သတင်းလွတ်လပ်ခွင့် ရတဲ့ဟာကလည်း ကာလမကြာသေးတဲ့အတွက် နိုင်ငံတစ်ခုလုံးမှာရှိတဲ့ မဏ္ဍိုင်အားလုံးမှာ၊ နယ်ပယ်အားလုံးမှာ အင်စတီကျုအားလုံးမှာ လိုအပ်ချက်တွေ ရှိနိုင်ပါတယ်။ ရှိနိုင်တဲ့အတွက် ရှိတဲ့ဟာလေးတွေကို တစ်ဖက်နဲ့တစ်ဖက် သည်းခံနားလည်မှုနဲ့ သွားကြဖို့ အစရှိသဖြင့် ဆွေးနွေးကြပါတယ်” ဟု တွေ့ဆုံမှုအခြေအနေအား ဦးကျော်မင်းဆွေက ပြောကြားသည်။

အဆိုပါ တွေ့ဆုံမှုတွင် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) ဒုတိယဥက္ကဋ္ဌ ဦးခင်မောင်လေး (ဖိုးသောကြာ၊ ခေတ်+မိုး)၊ အတွင်းရေးမှူး ဦးကျော်မင်းဆွေ၊ ကောင်စီအဖွဲ့ဝင်များဖြစ်သည့် ဦးကိုကို၊ ဦးသီဟစော၊ ဦးဇော်သက်ထွေး၊ ဦးရဲမင်းဦး၊ ဒေါ်နန်းကလျာဝင်းတို့ ပါဝင်ကြောင်း သိရသည်။

မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) အနေဖြင့် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ လွှတ်တော်ဥက္ကဋ္ဌများနှင့်လည်း သီးခြားစီ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ထားသည်။

Eleven Media Group

No comments:

Post a Comment