Thursday, October 23, 2014

၄၃၆ ကို မပြင်လိုကြောင်း တပ်မတော်က ဆန္ဒပေး

ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးတွင် အဓိက ကျသည့် ပုဒ်မ-၄၃၆ ကို တပ်မ တော်က မပြင်ဆင်လိုဟု သဘော ဆန္ဒပေးထားကြောင်း အောက် တိုဘာ ၂၂ ရက်တွင် ကျင်းပ သော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးသို့ တင်သွင်းသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင် နိုင်ရေး အကောင်အထည်ဖော်မှု ကော်မတီ အစီရင်ခံစာအရ သိ ရသည်။
ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ-၄၃၆(က)နှင့်(ခ) ကို တပ် မတော်သား လွှတ်တော်ကိုယ်စား လှယ်များက မပြင်ဆင်လိုကြောင်း အစီရင်ခံစာတွင် ထည့်သွင်းဖော် ပြပေးရန်နှင့် ပြည်ထောင်စုလွှတ် တော်၌ ဆွေးနွေးရန် အကြံပြု ထားကြောင်း ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်နိုင်ရေး အကောင် အထည်ဖော်မှုကော်မတီက အစီ ရင်ခံစာ၌ ထည့်သွင်းထားသည်။

ယင်းအစီရင်ခံစာနှင့် ပတ် သက်၍ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌဒေါ်အောင်ဆန်းစု ကြည်က ‘‘အစီရင်ခံစာအပေါ် ပြောစရာတွေ အများကြီးရှိပါ တယ်။ ကိုယ်စားလှယ် ( အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ်)တွေက ပြောရ မယ့်အချိန်ရောက်ရင် ပြောသွား လိမ့်မယ်’’ ဟု သတင်းမီဒီယာသမားများအား သဘောထားမှတ် ချက်ပေးသွားသည်။

ပုဒ်မ-၄၃၆ ကို မပြင်ဆင် ဘဲ မူလပြဋ္ဌာန်းချက်အတိုင်းထား ရန် တပ်မတော်ဘက်က ၎င်းတို့၏ သဘောထားကို ပြောကြားထားသော်လည်း အာဏာရပါတီဖြစ်သော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက လက်ရှိအချိန်သည် ပုဒ်မ-၄၃၆ ကို ပြင်ဆင်ရန် အချိန်ကျရောက်နေပြီဖြစ် သည်ကို သဘောထားကြောင်း ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင် နိုင်ရေး အကောင်အထည်ဖော်မှု ကော်မတီအတွင်းရေးမှူးပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအေးမောက်က ပြောသည်။

အခြေခံဥပဒေတွင် ပုဒ်မ ပေါင်း ၄၅၇ ခု ပါဝင်ရာတွင် ပုဒ်မ ပေါင်း ၂၁၀ ကို ပြုပြင်ပြင်ဆင် မည်ဖြစ်ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များနှင့် သက်ဆိုင်သော ဖွဲ့စည်းပုံ အခြေခံဥပဒေနောက် ဆက်တွဲဇယား များတွင်လည်း ပုဒ်မငယ် ၂၃ ခုကို ပြင်ဆင်ရန် ပါ ရှိသည်ဟု ဦးအေးမောက်က ပြောသည်။

ယင်းအစီရင်ခံစာတွင် ဒေါ်အောင်ဆန်းစုကြည်အား နိုင်ငံတော်သမ္မတဖြစ်စေရန် ကန့်သတ်ပိတ်ပင် ထားသည့် ပုဒ်မ ၅၉(စ)ကိုအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပယ်ဖျက်ရန် တင်ပြထားပြီး အာဏာရပါတီဖြစ်သော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက အခြေအနေအချိန်အခါအရ စဉ်းစားဆောင်ရွက်သင့်သည့် ပုဒ်မဖြစ်ကြောင်း ဖော်ပြထားသည်။

တပ်မတော်က မပြင်ဆင်လို ကြောင်း သဘောထားပေးထား သည့် ပုဒ်မ ၄၃၆ သည် ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ဒီမိုကရေစီ စံ နှုန်းနှင့် မကိုက်ညီသော အချက် များကို ပြင်ဆင်နိုင်ရေးအတွက် ပထမဦးဆုံး ကျော်ဖြတ်ရမည့် အရေးကြီးသည့် ပုဒ်မတစ်ခု ဖြစ်ပြီး ယင်းပုဒ်မကို ပြင်ဆင်နိုင် ရေးအတွက် အမျိုးသားဒီမိုကရေ စီ အဖွဲ့ချုပ်နှင့် ၈၈ မျိုးဆက် ငြိမ်း ချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အ စည်းတို့ ပူးပေါင်းပြီး ပြည်သူ့လူ ထုထံမှ ကောက်ယူထားသော ဆန္ဒလက်မှတ် ငါးသန်းခန့်ကို လွှတ်တော်သို့ပေးပို့ထားသည်။

ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းလိုက်သည့် အစီရင်ခံစာ သည် နိုင်ငံရေးပါတီများ၊ အဖွဲ့ အစည်းများ၊ လူပုဂ္ဂိုလ်များထံမှ ပေးပို့လာသည့် အကြံပြုချက်များ ကို စုစည်းတင်ပြထားခြင်းဖြစ်ကာ လွှတ်တော်က မည်သည့်ပုဒ်မများ ကို ပြင်ဆင်မည် (သို့မဟုတ်) မူလပြဋ္ဌာန်းချက်အတိုင်းထားရှိ မည်ကို ဆွေးနွေးဆုံးဖြတ်ရမည် ဖြစ်သည်ဟု ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးအကောင် အ ထည်ဖော်မှုကော်မတီ အတွင်း ရေးမှူးဦးအေးမောက်က ဆို သည်။

ယင်းအစီရင်ခံစာကို လွှတ် တော်တွင် ဆွေးနွေးဆုံးဖြတ်ခြင်း များ ပြုလုပ်ပြီးနောက် ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်နိုင်ရေးအတွက် ဥပဒေကြမ်း ရေးဆွဲရမည် ဖြစ်၍ လက်ရှိကျင်းပ နေဆဲ လွှတ်တော်အစည်းအဝေး တွင် အချိန်မမီပါက လာမည့် လွှတ်တော်အစည်းအဝေးသို့ ဥပဒေကြမ်း တင်သွင်းမည်ဟု ဦးအေးမောက်က ပြောသည်။

7Day Daily

No comments:

Post a Comment