Wednesday, October 22, 2014

အပြည်ပြည်ဆိုင်ရာ လေဆိပ်များတွင် အီဘိုလာဗိုင်းရပ်စ် စစ်ဆေးမှုများ တိုးချဲ့မည်

Photo: အပြည်ပြည်ဆိုင်ရာ လေဆိပ်များတွင် အီဘိုလာဗိုင်းရပ်စ် စစ်ဆေးမှုများ တိုးချဲ့မည်

ရန်ကုန်၊ အောက်တိုဘာ ၂၁

အာဖရိကနိုင်ငံများမှတစ်ဆင့် နိုင်ငံတကာသို့ အဆင့်ဆင့် ပျံ့နှံ့လာပြီ ဖြစ်သော အီဘိုလာ ဗိုင်းရပ်စ်ကို ကာကွယ်ရန် မြန်မာနိုင်ငံရှိ အပြည်ပြည်ဆိုင်ရာ လေဆိပ်ကြီးလေးခုတွင် စစ်ဆေးရေး လုပ်ငန်းများ တိုးချဲ့သွားမည် ဖြစ်ကြောင်း ကျန်းမာရေးဦးစီးဌာန၊ ရောဂါနှိမ်နင်းရေး ဌာနခွဲမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစိုးလွင်ငြိမ်းက The Voice သို့ ပြောကြားသည်။

အီဘိုလာဗိုင်းရပ်စ်၏ ကနဦး လက္ခဏာဖြစ်သော အဖျားစစ်ဆေးရေး စက်များကို အပြည်ပြည်ဆိုင်ရာ လေဆိပ်တိုင်းတွင် တိုးချဲ့တပ်ဆင်ထားပြီး ဖြစ်ကြောင်း ၎င်းကဆိုသည်။

ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ခရီးသည် နားနေဆောင် ခန်းမသို့ ဝင်ရောက်ရာ၌ ဓာတ်လှေကားမှတစ်ဆင့် ဝင်ရောက်သူများကိုသာ အဖျားတိုင်းစက်နှင့် စစ်ဆေးခဲ့ရာမှ ယခုတွင် လေယာဉ်ပေါ်မှ နားနေဆောင်သို့ ကားနှင့် ဝင်ရောက်သူ များကိုလည်း စစ်ဆေးတော့မည် ဖြစ်ကြောင်း ကျန်းမာရေး ဦးစီးဌာနထံမှ သိရှိရသည်။

လာမည့် နိုဝင်ဘာလတွင် အာဆီယံ ထိပ်သီး အစည်းအဝေး ကျင်းပမည် ဖြစ်သောကြောင့် စစ်ဆေးရေးစက်များ ထပ်တိုး တပ်ဆင်နေကြောင်း ဒေါက်တာ စိုးလွင်ငြိမ်းက ရှင်းပြသည်။

“ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အီဘိုလာဟာ နိုင်ငံတကာကို ကူးစက်နိုင်တယ်လို့ ပြောထားပြီး ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ အရှိန်အဟုန်မြှင့် ဆောင်ရွက်တာပါ” ဟု ၎င်းကပြောဆိုသည်။

Infra red Fever Screening System (Thermal Scan) အမျိုးအစား အဖျားစစ်ဆေးစက်များကို ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာ လေဆိပ်များနှင့် ညောင်ဦး လေဆိပ်တို့တွင် ထပ်တိုး တပ်ဆင်ထားကြောင်း၊ နေပြည်တော်တွင် ကျန်းမာရေး ဝန်ထမ်းများကို သင်တန်းပေးနေကြောင်း ၎င်းကဆိုသည်။

မြန်မာနိုင်ငံတွင် မကြာသေးမီက အီဘိုလာဗိုင်းရပ်စ်ပိုး သံသယရှိ လူနာတစ်ဦး တွေ့ရှိခဲ့သော်လည်း ဓာတ်ခွဲစစ်ဆေးမှု အဖြေအရ အီဘိုလာဗိုင်းရပ်စ် မဟုတ်ဘဲ အာဖရိက ငှက်ဖျားရောဂါပိုးသာ တွေ့ရှိခဲ့သည်။

ကမ္ဘာပေါ်တွင် အီဘိုလာ ဗိုင်းရပ်စ်ပိုးကြောင့် သေဆုံးသူဦးရေသည် ယခုနှစ်ဆန်းမှ အောက်တိုဘာလအထိ လူဦးရေ လေးထောင်ကျော်ရှိပြီ ဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုတ်ပြန်ထားသည်။

The Voice Weekly

No comments:

Post a Comment