Tuesday, October 7, 2014

စားသုံးသူများအတွက် ဖြန့်ဖြူးေ ရာင်းချပေးနိုင်သော လယ်ယာထုတ်ကုန် သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက် လက်ကား ဆိုင်ကြီးများ ဖွင့်လှစ် အကောင်အထည် ဖော်နိုင်ရေး ဆွေးနွေး


လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးမြင့်လှိုင်သည် စက်တင်ဘာ ၂၉ရက်က အီတလီနိုင်ငံ ရောမမြို့၌ ကျင်းပသော (၂၄)ကြိမ် မြောက် နိုင်ငံတကာ လယ်ယာစိုက်ပျိုးရေး ဆိုင်ရာ ကော်မတီ အစည်းအဝေးသို့ တက်ရောက်ခဲ့ပြီးကမ္ဘာ့ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေး အဖွဲ့ရုံးချုပ်၌ အဖွဲ့ညွှန်ကြားရေး မှူးချုပ် Dr. Jose Graziano Da Silva အား တွေ့ဆုံ၍ ကုလသမဂ္ဂ အဖွဲ့ကြီး၏ ငတ်မွတ်ခေါင်းပါးမှု ပပျောက်ရေး ရည်မှန်းချက် (Zero Hunger Target)ဆိုင်ရာ ကိစ္စရပ်များ၊ စားနပ်ရိက္ခာ ဖူလုံရေးနှင့် အာဟာရ ပြည့်ဝရေး (Food Security and Nutrition)ဆိုင်ရာ ကိစ္စရပ်များနှင့် မြန်မာနိုင်ငံ အနေဖြင့် ဒေသတွင်း နိုင်ငံများနှင့် ဟန်ချက်ညီစွာ ပူးပေါင်း ဆောင်ရွက်နေမှု လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ အပြန်အလှန် ဆွေးနွေးခဲ့ပြီး ကမ္ဘာ့စားနပ် ရိက္ခာနှင့် စိုက်ပျိုးရေး အဖွဲ့ကြီးနှင့် မြန်မာနိုင်ငံ အကြား ပိုမို၍ နီးကပ်စွာ လက်တွေ့ ပူးပေါင်း ဆောင်ရွက်နိုင်မည့် လုပ်ငန်း၊ လက်တွေ့နည်းလမ်းများကို အမြင်ချင်း ဖလှယ် ဆွေးနွေးခဲ့ သည်။

ပြည်ထောင်စု ဝန်ကြီးသည် နိုင်ငံတကာ လယ်ယာကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေး ငွေကြေး အကူအညီပေးရေး အဖွဲ့(International Fund for Agriculture Development, IFAD) ရုံးချုပ်၌ အဖွဲ့ ဒုတိယ ညွှန်ကြားရေးမှူးချုပ် Mr. John Murray McIntire နှင့် ညွှန်ကြားရေးမှူးများ ဖြစ်ကြသည့် Ms. Hoonae Kim, Mr.Peri Harton, Mr. Nathan Belafe တို့အား တွေ့ဆုံ၍ မြန်မာနိုင်ငံ၏ လယ်ယာကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေး ဆိုင်ရာ လုပ်ငန်းများ အတွက် လက်ရှိ FAO၏ ပထမအဆင့် စီမံကိန်း လုပ်ငန်းများ လက်ငင်းစတင်၍ အကောင်အထည်ဖော် ဆောင်ရွက်မှု အခြေအနေများနှင့် ဒုတိယ အဆင့် အကောင် အထည်ဖော်မည့် ရှေ့ပြေး စီမံကိန်း ဆိုင်ရာ အချက်များကို အပြန်အလှန် ညှိနှိုင်း ဆွေးနွေးခဲ့သည်။
ပြည်ထောင်စု ဝန်ကြီးနှင့် အဖွဲ့သည်FAO နှင့် အီတလီနိုင်ငံ လယ်ယာ စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဝန်ကြီး၏ စီစဉ်ပေးမှုဖြင့် အောက်တိုဘာ ၁ရက်တွင် ရောမမြို့အနီး Orto Sole စိုက်ပျိုးရေး ကုမ္ပဏီ၏ ခေတ်မီ လယ်ယာထွက်ကုန် သီးနှံများအား အဆင့်မြင့် သန့်စင်ဆေးကြောခြင်း စက်ရုံနှင့် ဆေးကြော ထုပ်ပိုးခြင်း လုပ်ငန်းခွင်များ၊ ခင်းကျင်း ပြသထားသော သီးနှံများ၊ ခရမ်းချဉ်သီး၊ ငရုတ်ချိုသီး အမျိုးမျိုး၊ ဂေါ်ဖီထုပ်အနီ၊ အစိမ်း၊ ဆလပ်ရွက်မျိုးစုံ၊ ခရမ်းသီး၊ ခါကြက်ဥ၊ အာလူး၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ မုန်ညင်း၊ ဘရိုကိုလီ၊ ဖရုံသီး၊ သခွားမွှေး၊ ဖရဲသီးများကို ကဏ္ဍလိုက် ကြည့်ရှု လေ့လာခဲ့ကြသည်။
ပြည်ထောင်စု ဝန်ကြီးနှင့် အဖွဲ့သည် အီတလီ Orto Sole စိုက်ပျိုးရေး ကုမ္ပဏီ၏ ခေတ်မီ Greenhouse စနစ်ဖြင့် စိုက်ပျိုး ထားသော သီးနှံစိုက်ကွင်းများ၊ ခါကြက်ဥ သီးနှံစိုက်ခင်းများနှင့် ဆလပ်ရွက် စိုက်ကွင်းများကို ကြည့်ရှု လေ့လာခဲ့ကြပြီး မြန်မာနိုင်ငံနှင့် အီတလီ နိုင်ငံအကြား ဆက်စပ်၍ ဥရောပ ဈေးကွက်သို့ တင်ပို့နိုင်မည့် သီးနှံ အမယ်များအား ပူးပေါင်း စိုက်ပျိုးရေး၊ တင်ပို့ ရောင်းချနိုင်ရေး ဆွေးနွေးခဲ့ကြသည်။
ပြည်ထောင်စု ဝန်ကြီးနှင့် အဖွဲ့သည် အီတလီနိုင်ငံ Orto Sole လယ်ယာ စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဝန်ကြီးဌာန၏ စီစဉ် ဆောင်ရွက်ပေးမှုဖြင့် ရောမမြို့ ရှိ မြို့နယ် လူဦးရေ ခြောက်သန်းအတွက် နေ့စဉ်စားသုံးမှု လိုအပ်ချက်အား ဖြည့်ဆည်းပေးလျက် ရှိနေသော Tenuta del Cavaliere ခေတ်မီ အဆင့်မြင့် သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက် လက်ကားဈေးကွက် (Vegetable and Fruit Wholesale Market) သို့ သွားရောက် လေ့လာပြီး ဈေးကွက်အတွင်း ခေတ်မီထုပ်ပိုး ရောင်းချလျက်ရှိနေသော သီးနှံဆိုင်ကြီးများ၊ ဟင်းသီးဟင်းရွက် အရောင်းဆိုင်ကြီးများနှင့် ပြခန်းများအား ကြည့်ရှုလေ့လာ ခဲ့ကြပြီး မြန်မာနိုင်ငံတွင် အလားတူ ကျန်းမာ ရေးနှင့် ညီညွတ်ပြည့်စုံပြီး အာဟာရပြည့်ဝစွာ စားသုံးသူများအတွက် ဖြန့်ဖြူးရောင်းချ ပေးနိုင်သော လယ်ယာ ထုတ်ကုန် သစ်သီးဝလံနှင့် ဟင်းသီး ဟင်းရွက် လက်ကားဆိုင်ကြီးများ ဖွင့်လှစ်အကောင်အထည် ဖော်နိုင်ရေးအတွက် ဆွေးနွေးခဲ့ကြသည်။
ပြည်ထောင်စု ဝန်ကြီးနှင့် အဖွဲ့သည် ခရီးစဉ်အတွင်း မြန်မာနိုင်ငံ၏ လယ်ယာကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေးအတွက် အခြေခံ လိုအပ်ချက်ဖြစ်သည့် မြန်မာ့လယ်ယာ ထုတ်ကုန်များ ကို ဥရောပနိုင်ငံ ဈေးကွက်များသို့ နှစ်စဉ်ပူးပေါင်း စိုက်ပျိုး ထုတ်လုပ်ကြပြီး ခေတ်မီ အဆင့်မြင့် တန်ဖိုးမြင့် ထုတ်ကုန်များ ထုတ်လုပ်၍ ဥရောပနှင့် နိုင်ငံ
တကာ စံချိန်စံညွှန်းများနှင့် ကိုက်ညီစွာ ဈေးကွက် ရှာဖွေတင်ပို့ ရောင်းချနိုင်ရေး လုပ်ငန်းများ ပူးပေါင်း အကောင်အထည်ဖော် လုပ်ဆောင်ကြရန် အပြန်အလှန် ညှိနှိုင်း ဆွေးနွေး ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။
မြ၀တီ

No comments:

Post a Comment