Thursday, October 30, 2014

ထိုင်းရုပ်ရှင်ဇာတ်ကားအား ပုံတူကူးချသော မီးကျည်မင်းခေါင် ဇာတ်ကား နှင့်ပတ်သက်ပြီး ပြန်ကြားရေး ဝန်ကြီးဌာနသို့ အကြောင်းကြားစာ မရောက်ရှိသေး

လူမှုကွန်ယက်တွင် ပျံ့နှံ့နေသည့် သရုပ်ဆောင် နေထူးနိုင်၏ "မီးကျည်မင်းခေါင်" ဗီဒီယို ဇာတ်ကားသည် ထိုင်းနာမည်ကြီး ရုပ်ရှင်ဇာတ်ကားကို ပိုစတာမှအစ ပုံစံတူ ကူးချရိုက်ကူး ထားသည့် အတွက် မူရင်း ဇာတ်ကားကို ထုတ်လုပ်ခဲ့သည့် ထိုင်း ရုပ်ရှင် ထုတ်လုပ်ရေးက အာဆီယံ ရုပ်ရှင် အစည်းအရုံးသို့ တိုင်ကြားကာ ဘတ်ငွေသန်း ၃၀ လျော်ကြေး တောင်းထားသည့် ကိစ္စ သည် ပြန်ကြားရေး ဝန်ကြီး ဌာန မြန်မာ့ရုပ်ရှင် မြင့်တင်ရေး ဦးစီးဌာနသို့ အကြောင်းကြားစာ ရောက်ရှိခြင်း မရှိသေးဟု မြန်မာ့ ရုပ်ရှင် မြင့် တင်ရေး ဦးစီးဌာနမှ ညွှန်ကြား ရေးမှူး ဦးသိန်းနိုင်က မဇ္ဈိမကို ပြောသည်။

“ဒီဇာတ်ကား ကိစ္စ Facebook ပေါ်မှာ ပျံနှံနေတာကို တွေ့ပါတယ်။ အဲဒီကိစ္စက ခိုင်မာခြင်း မခိုင်မာ ခြင်းတောင် အတည်မပြု နိုင်သေးပါဘူး။ အရင်ဆုံး အာဆီယံ ရုပ်ရှင် အစည်းအရုံးကို တိုင်ထားတာ ဟုတ်မဟုတ်ကို အတည်ပြုရ ဦးမယ်။ ဟုတ်ခဲ့ရင်တော့ အားလုံး စဉ်းစားပြီး အကောင်းဆုံးဖြစ်အောင် စီစဉ်ဆောင်ရွက် သွားမှာပါ” ဟု ၎င်းကပြောသည်။
ယင်း ဇာတ်ကားနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံးသို့ တရားဝင်အကြောင်းကြားစာ ရောက်ရှိလာခြင်း မရှိသည့် အပြင် ယင်းသတင်းသည် အမှန်ဟုတ်မဟုတ် သေချာခြင်း မရှိသေးဟု ဒုဥက္ကဌ ဦးအေးကြူလေးက ပြောသည်။

“ပြောရရင် ဒီကိစ္စ ဖြစ်နေတာတောင် ကျွန်တော် မသိပါဘူး။ မြန်မာနိုင်ငံမှာ ကျွန်တော် တစ်ယောက်တည်း သူများနိုင်ငံက ဇာတ်လမ်းတွေကို ကူးရိုက်နေတာ မဟုတ်ပါဘူး။ သူတို့ဘက်က တရားစွဲမယ် ဆိုရင်လည်း ကျွန်တော် ရင်ဆိုင်ဖို့ အသင့်ပါပဲ၊ တစ်ခုတော့ ရှိတယ်။ တရားစွဲမယ် ဆိုရင် IP Law (မူပိုင် ခွင့်ဥပဒေ) က အတည်ဖြစ်ပြီးလား ဆိုတာပဲ မေးချင်ပါတယ် ”ဟု နေထူးနိုင်က ပြောသည်။ ယင်းဇာတ်ကား ရိုက်ကူး ခဲ့ခြင်းသည် ၎င်းအနေဖြင့် ရှစ်နှစ်ခန့်ပင် ရှိပြီ ဖြစ်ပြီး မည်သည့် ထုတ်လုပ်ရေးနှင့် ရိုက်ကူး ခဲ့သည်ကိုပင် မမှတ်မိဟု ဆိုခဲ့သည်။ ယင်းဇာတ် ကား နှင့် ပတ်သက်ပြီး ထိုင်းနိုင်ငံမှ တရားဝင် အကြောင်းကြားစာ ပေးပို့လာ ပါက စာနယ်ဇင်း ရှင်းလင်းပွဲ လုပ်ကာ အတိအလင်း ကြေညာပေး သွားမည်ဟု နေထူးနိုင်က ပြောသည်။

ထို့အပြင် Facebook တွင် ပျံ့နှံ့နေသည့် သတင်း၌ ယင်းဇာတ်ကားကို ထုတ်လုပ်သည့် ကုမ္ပဏီမှာ ချူလာထိုင်း ကုမ္ပဏီဟု ဖော်ပြထားရာ ယင်းအချက်မှာလည်း မှားယွင်းနေ၍ သတင်း အစစ်အမှန်ဟု အတည်ပြု နိုင်ရန် ခဲယဉ်းနေပြီး အတုအယောင် သတင်းဟု ဝေဖန်မှုများပင် ရှိနေသည်။ ယင်းအပြင် အိမ်နီးချင်း နိုင်ငံမှ ဇာတ်ကားကို ပိုစတာမှ အစ ပုံစံတူ ကူးချခဲ့ခြင်း အတွက် ထုတ်လုပ်သည့် ကုမ္ပဏီ၊ ဒါရိုက်တာနှင့် သရုပ်ဆောင်များကို ဝေဖန်မှုများလည်း ပြင်းထန်ခဲ့သည်။

သရုပ်ဆောင် နေထူးနိုင် ရိုက်ကူးခဲ့သည့် "မီးကျည်မင်းခေါင်" ဇာတ်ကားသည် ထိုင်းနိုင်ငံ Sahamingkol Flim International ကုမ္ပဏီမှ ရိုက်ကူး ထားသည့် အက်ရှင် ဇာတ်ကား ဖြစ်ပြီး မူယင်း ရုပ်ရှင် နာမည်မှာ Dynamite Warrior ဖြစ်သည်။ ယင်းဇာတ်ကားတွင် ထိုင်းရုပ်ရှင် မင်းသား ဒန်ချူပေါင်း (Dan Chupong) က သရုပ်ဆောင် ထားသည်။

mizzima

No comments:

Post a Comment