ဟောင်ကောင် ဒီမိုကရေစီသပိတ်နှင့် ပတ်သက်၍ ဖြစ်ပေါ်နေသော နိုင်ငံရေး အကျပ်အတည်းအတွက် အစိုးရဘက်က ချပြမည့် အဆိုပြုချက်များကို ဆန္ဒပြသူများက မဲခွဲဆုံးဖြတ်ကြရန် စီစဉ်ထားကြောင်း Reuters သတင်းဌာနက ရေးသားဖော်ပြသည်။
ဆန္ဒပြသူ ကျောင်းသားခေါင်းဆောင်များက ဟောင်ကောင်အစိုးရ အရာရှိကြီးများနှင့် တွေ့ဆုံဆွေးနွေးပွဲတွင် ၎င်းတို့ ထုတ်ဖော်ပြောဆိုသော အဆိုပြုချက်များကို အီလက်ထရွန်နစ် စနစ်ဖြင့် ဆန္ဒမဲပေး ဆုံးဖြတ်သွားမည်ဟု ကြေညာသည်။
“ကျောင်းသားတွေဟာ ပလာဇာက ပြည်သူတွေနဲ့ ဟောင်ကောင်ပြည်သူတွေကို ကိုယ်စားမပြုပါဘူးလို့ အစိုးရက အမြဲတမ်း ပြောလေ့ရှိတယ်။ အဲဒီတော့ ကျွန်တော်တို့ရဲ့ သဘောထားတွေကို ထုတ်ဖော်ပြသပါမယ်။ နောက်ပြီးတော့ ကျွန်တော်တို့ ဘာတွေ စဉ်းစားထားတယ် ဆိုတာကိုလည်း အစိုးရအနေနဲ့ ရှင်းရှင်းလင်းလင်း သိသွားအောင် လုပ်ပါမယ်” ဟု ကျောင်းသားခေါင်းဆောင် အဲလက်ချွားက ပြောကြားသည်။
ဟောင်ကောင် ဒီမိုကရေစီသပိတ် ခေါင်းဆောင်များနှင့် အစိုးရ ကိုယ်စားလှယ်များသည် ပြီးခဲ့သည့် အင်္ဂါနေ့တွင် တွေ့ဆုံဆွေးနွေးခဲ့ကြပြီး ယင်းဆွေးနွေးပွဲကို ရုပ်သံမှတစ်ဆင့် တိုက်ရိုက်ထုတ်လွှင့် ပြသခဲ့သည်။
ဟောင်ကောင်ကျောင်းသားများနှင့် ဒီမိုကရေစီ အင်အားစုများက လာမည့် ၂၀၁၇ ခုနှစ် ဒီမိုကရေစီ ရွေးကောက်ပွဲအတွက် တရုတ်ပြည်မကြီး အစိုးရ၏ သတ်မှတ်ပြဋ္ဌာန်းချက်များကို ပြန်လည်ပြင်ဆင်ပေးရန်နှင့် ဟောင်ကောင်အကြီးအကဲ လီချန်ယင်းအား နုတ်ထွက်ပေး ရန် တောင်းဆို ခဲ့ကြသည်။
သို့သော် ဆန္ဒပြခေါင်းဆောင်များနှင့် အစိုးရ ကိုယ်စားလှယ်များအကြား ဆွေးနွေးမှုကို နှစ်နာရီကြာမျှ ပြုလုပ်ခဲ့သော်လည်း တိုးတက်ဖြစ်ထွန်းမှု တစ်စုံတစ်ရာ ဆောင်ကြဉ်းပေးနိုင်ခြင်း မရှိဘဲ အဆုံးသတ်ခဲ့ရသည်။
ဟောင်ကောင်တွင် လူမှုအဆင့်အတန်း ညီမျှမှု မရှိခြင်းနှင့် နေထိုင်မှု စရိတ်စကများ မြင့်တက်နေခြင်းကလည်း ဆန္ဒပြကျောင်းသားများအကြား အရေးပါသော ပြဿနာတစ်ရပ် အဖြစ် ပါဝင်နေသည်။
ဟောင်ကောင်အစိုးရ အရာရှိကြီးများကမူ ကျောင်းသားခေါင်းဆောင်များ၏ တောင်းဆိုချက်များသည် ဥပဒေအရ ဖြစ်နိုင်ခြေ လုံးဝ မရှိကြောင်း ပြောကြားသည်။
The Voice Weekly
No comments:
Post a Comment