Wednesday, October 8, 2014

သီတင်းကျွတ်ပြီ

သီတင်းကျွတ်ပြီဆိုတိုင်း ကျွန်တော့်ရင်တွင် ဆွတ်ဆွတ်ကျင်ကျင် နာကျင်ရလေ့ရှိသည်။ မီးထွန်းပွဲ တော်နှင့်အတူ လူတိုင်း၏မျက်နှာပေါ်တွင် ထွန်းညှိ ထားသောအပျော်များက ဝင်းပထိန်ညီးနေသော်လည်း ကျွန်တော့်မှာတော့ ကြေကွဲမှုများသာထစ်ချုန်းနေတတ် သည်။
ဘုရားသွားကျောင်းတက်ကုသိုလ်ဖက်သူတွေ ကိုငေးမောရင်း စီးမျောနေတတ်သည့် ကျွန်တော့်စိတ် ထဲက ပီတိသည် တစ်နေရာကိုရောက် လျှင်တော့ ရပ်တံ့ သွားမြဲဖြစ်သည်။

လူကြီးသူမ မိဘဆရာသမားတွေကို သီတင်း ကျွတ်လျှင် ကန်တော့ကြမြဲဖြစ်သည်။ ထိုအစဉ် အလာ ကောင်းကို ကံကြမ္မာကကျွန်တော့်အတွက် ရက်စက်စွာ ကန့်သတ်ပေးထားခဲ့သည်။

လူကြီးများ၊ ဆရာသမား များကို ကျွန်တော်ကန်တော့ခွင့်ရသော်လည်း မိဘများ ကိုမူ ကျွန်တော်ကန်တော့ခွင့်မကြုံ။ ကျွန်တော့်မိဘ နှစ်ပါးသည် ကျွန်တော်လူလားမမြောက်ခင် ငယ်စဉ်အခါ ကတည်းက ဆုံးပါးသွားကြ၍ပဲဖြစ်သည်။

ကျွန်တော်အရွယ်ရောက်ပြီး လုပ်ငန်းခွင် ဝင်တော့ ပထမဆုံးလုပ်အားခလေးကို လက်ထဲတွင် ကျစ်ကျစ်ပါအောင်ဆုပ်ပြီး အဖေနှင့် အစ်မကို ကျေး ဇူး ဆပ်ခွင့် မရသည့်အပေါ်ယူကြုံးမရဖြစ်ခဲ့ဖူးသည်။

မိဘနှစ်ပါးကို ခြေဆုပ်လက်နယ်ပြုပြီးစောင့်ရှောက် နေတတ်သူများကိုတွေ့တိုင်း အားကျကြည်နူးမိသည်။ ထို့ကြောင့် ကျွန်တော့်ထက်ငယ် ရွယ်ပြီး မိဘရှိသူတိုင်း ကို မိဘများရှိနေစဉ် အလုပ်အကျွေးပြုဖို့ ကျေးဇူးဆပ် ဖို့ တိုက်တွန်းနှိုးဆော်ဖြစ်ပါသည်။

တစ်ခါတော့ ညီအရွယ်လူငယ်တစ်ဦးကို ထိုသို့တိုက်တွန်းစဉ် သူက အစ်ကိုရယ်..ဘုရားတောင် မှ မိဘကိုကျေးဇူးဆပ်တာ နို့တစ်လုံးဖိုး ပဲကျေတယ် ဆိုတော့ ကျွန်တော်တို့လူတွေက ဘယ်လိုဆပ်လို့ ဘယ် လောက်ကျေမှာတဲ့လဲဟု စောဒကတက်ပါသည်။

ထိုအ ခါ ကျွန်တော်က ညီလေးအမှတ်မှား၊ အသိမှားနေတာ သာဖြစ်ကြောင်း၊ မြတ်စွာဘုရားဟာ မယ်တော်မိနတ် သားလို့ခေါ်တဲ့ သန္တုဿိတနတ်သားကို ဘဝသံသရာ ဝဋ်ဒုက္ခကလွတ်အောင် ဟောကြားကယ်တင်နိုင်ခဲ့လို့ နို့နှစ်လုံးဖိုးလုံး ကြွေးမကျန်အောင်ဆပ်နိုင်ခဲ့ကြောင်း၊ မိဘကျေးဇူးအကျေ ဆပ်ချင်တဲ့သား သမီးတွေကိုလည်း ဘုရားရှင်က လမ်းညွှန်ခဲ့ကြောင်း၊ သဒ္ဓါတရားမရှိတဲ့မိဘ ကို သဒ္ဓါတရားနဲ့ပြည့်စုံအောင်၊ သီလမရှိတဲ့မိဘကို သီလနဲ့ပြည့်စုံအောင်၊ မလှူရက်၊ မပေးရက် နှမြောဝန် တိုတဲ့မိဘကို စွန့်ကြဲပေးကမ်းလှူဒါန်းခြင်းနဲ့ပြည့်စုံ အောင်၊ ပညာဥာဏ်မရှိတဲ့မိဘကို ပညာဥာဏ်နဲ့ပြည့်စုံ အောင် ကောင်းစွာနာယူဆောက်တည်စေမယ်။ လေး လေးနက်နက်သက်ဝင်စေမယ်။ ခိုင်ခိုင်ခံ့ခံ့တည်တံ့ မြဲမြံစေမယ်ဆိုရင် မိဘကျေးဇူးကို အကျေဆပ်ပြီးသား ဖြစ်တယ်ဟု ဟောကြားမိန့်မှာဖူးကြောင်း ရှင်းပြခဲ့ပါ သည်။

ထို့အတူ သီတင်းကျွတ်ရောက်မှ မိဘကို ကန်တော့တာမျိုးမဟုတ်ဘဲ နေ့စဉ်၊ လစဉ်ဆိုသလို မိ ဘများအား အရိပ်ကြည့်၍ ပြုစုစောင့်ရှောက်ရန် လိုတဲ့ အကြောင်းလည်း ကျွန်တော်ပြောဖြစ်ခဲ့သည်။

မိဘ များအား ရုပ်ပိုင်းဆိုင်ရာလိုအပ်ချက်များကို ဖြည့်ဆည်း ပေးခြင်းသည် လောကနည်းနှင့် ကျေးဇူးဆပ်ခြင်းဖြစ် ပါသည်။ စိတ်ပိုင်းဆိုင်ရာ လိုအပ်ချက်ဖြစ်သည့် စိတ် ဓာတ်မြင့်မားမှု၊ ကုသိုလ်တိုးပွားမှု၊ ဘဝလွတ်မြောက်မှု အထိ အဆင့်တက်လှမ်းအောင် ကျေးဇူးဆပ်ခြင်းသည် ဓမ္မနည်းနှင့် ကျေးဇူးဆပ်ခြင်းမည်ပါသည်။

မိဘများသက်ရှိထင်ရှားရှိ၍ ကျေးဇူးဆပ် ခွင့်နှင့် မျက်နှာချင်းဆိုင်ကြုံနေရသောသားတိုင်း သမီး တိုင်း လောကနည်း၊ ဓမ္မနည်းများဖြင့် မိဘများကို ကျေး ဇူးဆပ်နိုင်ကြပါစေကြောင်း အယ်ဒီတာ့စာမျက်နှာမှ တစ်ဆင့် ဝေမျှလိုက်ရပါသည်။

No comments:

Post a Comment