Tuesday, October 21, 2014

မလေးရှားနှင့် ထိုင်းနိုင်ငံရောက် မြန်မာများ ၂၀၁၅ တွင် မဲပေးနိုင်ရန် ၀န်ကြီး (၃)ဦးကို တာဝန်ပေးထား

မလေးရှားနှင့် ထိုင်းနိုင်ငံ တို့တွင် ရောက်ရှိ နေကြသော မြန်မာ နိုင်ငံသားများ အနေဖြင့် ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင် မဲပေးနိုင်ရန် အတွက် ပြည်ထောင်စု ၀န်ကြီး သုံးဦးကို တာဝန် ပေးအပ် ထားကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ပြောသည်။

ယမန်နေ့က ရန်ကုန်မြို့ရှိ မီဆာကို ဟိုတယ်တွင် ပြုလုပ်ခဲ့သော ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်နှင့် အရပ်ဘက် အဖွဲ့အစည်း အကြား ပူးပေါင်း ညှိနှိုင်းဆောင်ရွက်မှု ဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲအပြီး မီဒီယာများနှင့် တွေ့ဆုံစဉ် ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက အထက်ပါ အတိုင်း ပြောကြား ခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံမှ ပြည်ပသို့ သွားရောက် လုပ်ကိုင်မှု အများဆုံး ဖြစ်သော အဆိုပါ နှစ်နိုင်ငံတွင် ရောက်ရှိ နေသော နိုင်ငံသားများသည် သံရုံးမှတစ်ဆင့် မဲပေးမည်ဆိုပါက လူဦးရေ များပြားလွန်း သောကြောင့် လုပ်ငန်းတာဝန်များ ကြန့်ကြာနိုင်ပြီး ယင်းနိုင်ငံများတွင် မဲရုံ ဖွင့်လှစ်၍ မဲထည့်ခွင့် ပြုမည်ဆိုပါက လုပ်ငန်း မြန်ဆန်မှု ပို၍ ရှိမည်ဖြစ်ကြောင်း၊ ထိုသို့ မဲရုံဖွင့် ဆောင်ရွက်ရန် အတွက် နိုင်ငံခြားရေး ၀န်ကြီးဌာန၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ၀န်ကြီးဌာနတို့မှ ပြည်ထောင်စု ၀န်ကြီးများကို မှာကြားထားခြင်း ဖြစ်ကြောင်း သိရသည်။

““ပြည်ပနိုင်ငံမှာ သွားရောက် လုပ်ကိုင်နေတာ ဖြစ်တာကြောင့် သူတို့နဲ့ သက်ဆိုင်တဲ့ နိုင်ငံခြားရေး ၀န်ကြီးဌာန၊ အလုပ်သမား ၀န်ကြီးဌာန၊ နောက် မြန်မာနိုင်ငံသား ဟုတ် မဟုတ် ဆိုတာ သိနိုင်ဖို့ လ.၀.က တို့ကို စိစစ်ဆောင်ရွက်ဖို့ ပြောထားတယ်””ဟု ဦးတင်အေးက ပြောသည်။

အဆိုပါ ၀န်ကြီးသုံးဦး၏ ညှိနှိုင်းဆောင်ရွက်မှုများ ပြီးဆုံးပါက ယင်းနိုင်ငံများတွင် မဲရုံများ သွားရောက် ဖွင့်လှစ်ရန် သင့် မသင့်ကို ဆုံးဖြတ် ထုတ်ပြန်သွားမည် ဖြစ်ကြောင်း သိရသည်။ အစိုးရ၏ တရားဝင် စာရင်းများအရ ထိုင်းနိုင်ငံတွင် မြန်မာနိုင်ငံသား သုံးသန်းနှင့် မလေးရှား နိုင်ငံတွင် ငါးသိန်း ၀န်းကျင်ခန့် အထိ ရှိနေကြောင်း သိရသည်။

The Messenger

No comments:

Post a Comment