Tuesday, October 21, 2014

အငြင်းပွားမြေပေါ်တွင် အဆောက်အအုံ ဆောက်နေသော လယ်သမား (၅)ဦးကို ရဲတပ်ဖွဲ့မှ ဖမ်းဆီးစစ်ဆေး

လှိုင်သာယာမြို့နယ် စက်မှုဇုန် (၅) ရှိ အငြင်းပွား လယ်ယာမြေပေါ် အဆောက်အအုံ ဆောက်နေသော လယ်သမား ငါးဦးကို သောင်ကြီးရဲစခန်းမှ ခေါ်ယူစစ်ဆေးနေကြောင်း တောင်သူလယ်သမားအရေး လှုပ်ရှားသူ ဦးကျော်ကျော်နိုင်က ပြောသည်။

ထိုကဲ့သို့ အဆောက်အအုံ ဆောက်နေသော လယ်သမားများကို ယမန်နေ့ နံနက်က ရဲတပ်ဖွဲ့မှ လာရောက် တားမြစ်ခဲ့ သော်လည်း လယ်သမားများက ဆက်လက် လုပ်ကိုင်နေ သောကြောင့် နေ့ခင်း (၂) နာရီဝန်းကျင်တွင် ရဲစခန်းသို့ ခေါ်ယူ စစ်ဆေးနေကြောင်း သိရသည်။

““ရဲစခန်းထဲမှာတော့ ခေါ်ထားတယ်။ ဖမ်းတာလား မဖမ်းတာလားလည်း ဘာမှမသိရဘူး””ဟု ၎င်းက ပြောသည်။

အဆိုပါ နေရာသည် စက်မှုဇုန် အကောင်အထည်ဖော်စဉ်က စီမံကိန်းအတွက် ပိုလျံမြေ ဖြစ်သောကြောင့် လယ်သမားက ပလက်ဖောင်းမြေ အဖြစ် သတ်မှတ်ပေးရန် လယ်ယာမြေနှင့် တခြားမြေများ သိမ်းဆည်းခံရမှု စစ်ဆေးရေး ကော်မရှင်သို့ တင်ပြထားကြောင်း သိရသည်။

ယင်းအပြင် အဆိုပါ နေရာသည် လယ်ယာမြေမှ တခြားမြေသို့ ပြောင်းလဲ အသုံးပြုခွင့် လန/၃၉ မကျသေး ကြောင်းလည်း သိရသည်။

ယခင်က ယင်းမြေကိစ္စနှင့် ပတ်သက်၍ တစ်ဘက်နှင့် တစ်ဘက် ညှိနှိုင်းမှု ပြုလုပ်ခြင်း များရှိခဲ့သော်လည်း ပြီးပြတ်ခြင်း မရှိခဲ့ပေ။

ယင်းကိစ္စနှင့် ပတ်သက်၍ သောင်ကြီး ရဲစခန်းသို့ ညနေငါးနာရီ အချိန်တွင် ဆက်သွယ် မေးမြန်းခဲ့ရာ ခေါ်ယူစစ်ဆေး နေကြောင်း အတည်ပြုချက် ပေးခဲ့သော်လည်း အသေးစိတ်ကို သိလိုပါက စခန်းသို့သာ လာရောက်ရန် သောင်ကြီးရဲစခန်း စခန်းမှူးက The Messenger Media သို့ပြောသည်။

လယ်ယာမြေ ပြဿနာများတွင် လယ်သမားများအား ပိုင်နက်ကျူးလွန်မှု၊ အကျိုးစီးပွား ပျက်စီးစေမှု စသည့် ပုဒ်မများဖြင့် လယ်သိမ်းထားသူများ ဘက်မှ အမှုဖွင့် အရေးယူမှု များရှိခဲ့သည်။

The Messenger

No comments:

Post a Comment