Monday, October 13, 2014

အမျိုးသမီးများဘဝ မြှင့်တင်ရေးအတွက် Ericsson နှင့် ဗြိတိန်အစိုးရ ပူးပေါင်းကူညီမည်

မြန်မာနိုင်ငံရှိ အမျိုးသမီးများ လူမှုဘဝ မြှင့်တင်ရေးနှင့် ပညာ ဆက်လက် သင်ယူနိုင်ရေးအတွက် ဆွီဒင်အခြေစိုက် Ericsson ကုမ္ပဏီနှင့် ဗြိတိန်အစိုးရ ဖွံ့ဖြိုးရေးဌာန (DFID) တို့က ပူးပေါင်းကူညီမည် ဖြစ်ကြောင်း အောက်တိုဘာလ ၁၀ ရက်နေ့တွင် Ericsson က ထုတ်ပြန်ထားသည်။အဆိုပါ စီမံကိန်းအရ နိုင်ငံတစ်ဝန်းမှ အမျိုးသမီး ၁၄,၀၀၀ ကျော်၏ ပညာရေး တိုးတက်ကောင်းမွန်စေရန် ဆောင်ရွက်သွားမည် ဖြစ်ပြီး အလယ်တန်းပညာ ဆက်လက်သင်ယူရန် ခက်ခဲသော အမျိုးသမီးများအတွက် ပညာသင်ဆု ၆၀၀ ကျော်နှင့် အလယ်တန်းကျောင်း ၅၀ ကျော်ကို အင်တာနက် အသုံးပြုနိုင်ရန်လည်း ထောက်ပံ့သွားမည် ဖြစ်ကြောင်း ဖော်ပြထားသည်။

ကမ္ဘာလုံးဆိုင်ရာ ပညာရေးအစီအစဉ် (Global Education Initiative) ၏ Connect to Learn (CTL) စီမံကိန်းအရ အဆိုပါ ပညာရေး အထောက်အပံ့ကို မြန်မာနိုင်ငံတွင် စတင်ခဲ့ခြင်း ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
“ဒီလို အင်တာနက် အသုံးပြုခွင့်ရမှပဲ ပညာသင်ဆုတွေနဲ့ ဆရာ၊ ဆရာမတွေရဲ့ အရည်အသွေးကို စဉ်ဆက်မပျက် တိုးတက်လာမှာ ဖြစ်ပါတယ်။ ကျွန်မတို့တွေက မိန်းကလေးတွေကို ဒီလိုအခွင့်အရေး ပေးလိုက်ခြင်းအားဖြင့် ခေတ်သစ် အလယ်တန်းပညာရေး ပုံစံတစ်ခု သူတို့ ရရှိသွားမှာပါ” ဟု DFID ၏ နိုင်ငံတကာ ဖွံ့ဖြိုးရေး အတွင်းရေးမှူး Ms.Justin Greening က ပြောကြားသည်။
မြန်မာအမျိုးသမီးများ လူမှုဘဝ မြှင့်တင်ရေး အစီအစဉ်အတွက် DFID က စတာလင်ပေါင် ၃ ဒသမ ၇ သန်း ထောက်ပံ့သွားမည် ဖြစ်ပြီး စီမံကိန်းကာလ ၂ နှစ် ကြာမြင့်မည် ဖြစ်ကြောင်း Ericsson က ကြေညာထားသည်။
လက်ရှိအချိန်တွင် DFID က၂၀၁၁ ခုနှစ်မှ ၂၀၁၅ ခုနှစ်အထိ မြန်မာနိုင်ငံ၏ ပညာရေးကဏ္ဍအတွက် စတာလင်ပေါင် ၁၀ ဒသမ ၅ သန်း သုံးစွဲရန် လျာထားသည်။
The Voice Weekly

No comments:

Post a Comment